Wednesday, July 29, 2020

တအာင်းတပ်မတော်ရဲ့ တပ်ဖွဲ့ဝင်နှစ်ဦးက ဒေသခံတစ်ဦးရဲ့ နေအိမ်အတွင်း ဝင်ရောက်မွှေနှောက်ပြီး ရိုက်နှက်

ဇူလိုင်လ ၂၆ ရက် ည ၁၁ နာရီအချိန်မှာ တအာင်းတပ်မတော်(TNLA)ရဲ့ တပ်ဖွဲ့ဝင်နှစ်ဦးက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာနေ ဦးလရှီးလဗျလဆန်ရဲ့ နေအိမ်ထဲကို ဝင်ရောက်မွှေနှောက်ပြီး ၎င်းကို ထိုးကြိတ်ရိုက်နှက်ခဲ့တယ်လို့​ သိရပါတယ်။
TNLA ရဲ့ တပ်မဟာ(၅) တပ်ရင်း(၂၂၃)မှ ဗိုလ်မှူး တာအေဲမ့်ခုမ်းနဲ့ ၎င်းရဲ့လက်အောက်ငယ်သားဖြစ်သူ အိုက်ညမ်တို့ဟာ မူးယစ်ဆေးဝါး စစ်ဆေးဖို့ဆိုပြီး အရပ်ဝတ်နဲ့ ဦးလရှီးလဗျလဆန်ရဲ့ နေအိမ်ထဲကို ဝင်ရောက်ရှာဖွေခဲ့တာပဲ ဖြစ်ပါတယ်။
ဦးလရှီးလဗျလဆန်က “သူက ချက်ချင်းဝင်လာတာနဲ့ ကျွန်တော့်ကို အရက်မူးလာရင်မရဘူး တအားစိတ်တိုတယ်တဲ့။ ဆဲဆိုတဲ့ စကားတွေ ပြောတယ်။ သူက အရက်လည်း တော်တော်မူးနေတယ်။ ကျွန်တော့်ကိုလည်း အမျိုးမျိုးပဲ စွပ်စွဲတယ်။ ခြိမ်းခြောက်တဲ့စကားတွေ ပြောတယ်” လို့ ​ဆိုပါတယ်။
ဦးလရှီးလဗျလဆန်ဟာ မသန်စွမ်းသူတစ်ဦးဖြစ်သလို မူးယစ်ဆေးဝါးသုံးစွဲခြင်းလည်း မရှိဘူးလို့ သိရပါတယ်။
မေးမြန်းတာကို ဖြေပေးတဲ့အခါမှာ မလေးစားတဲ့ပုံစံ ရောက်တယ်ဆိုပြီး နဖူးမှာ နှစ်ချက်၊ မေးမှာနှစ်ချက်နဲ့ ကိုယ်ပေါ်မှာ ဆယ်ချက်ကျော် ထိုးကြိတ်ရိုက်နှက်ပြီး အိမ်ခန်းမှာရှိနေတဲ့ သူ့အမျိုးသမီးကိုပါ ရိုက်နှက်သွားတယ်လို့ သူကဆက်ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး TNLA ကို ၄ ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
TNLA ဘက်က အကြောင်းအရင်းကို သေချာစစ်ဆေးပြီး အပြစ်ရှိရင် အရေးယူဆောင်ရွက်ပေးဖို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)က ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ဒီနေ့ ဇူလိုင်လ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

https://www.facebook.com/shwepheemyaynews/photos/a.451237879025682/751251365690997/?type=3&__xts__%5B0%5D=68.ARCWbEzHncBGdjylCcYYKIZj-od7pfS5Ee-FWPE9ghgWmaTUWvzOOPw5AjA01-d8aFfpJNsW-ltwXOAgdHb8UXeFGGb_zPIBGvMgXKfwKqkTxvXJJ0SbssgsbJqD27dGHNavLFaawv5yz0O020Nv1xrYnLIarb0uiZAwzXVPGgNrk6GTR1HE0xsqPRpT9ZgSLZcNaevYh7rHZwvLMuKctqXhZPcm4uuEsLZhbg-Z9IY-0MBSFzzY0aMpKjX3wejTppnS7YNm65iUtkvEqB6dWGhP470tG2M7nK3XqXR5qP6BRBc8Nt35CCdPDBxZhb8QTLsZ-Zd3lztgCp8oPG7l7GA&__tn__=-R

No comments:

Post a Comment