ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများမှာ ကားလမ်းမတွင်လည်း ဖြစ်ပွားမှုများရှိနေသဖြင့် ကားများ မကြာခဏပိတ်ဆို့မှုဖြစ်ပေါ်ကာ ကုန်စည်စီးဆင်းမှုမှာလည်း နှောင့်နှေးမှုရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။
ကားလမ်းပိတ်ဆို့မှုများကြောင့် ကုန်ကားများတွင်ပါလာသည့် ကုန်စိမ်းများ ပုပ်သိုးပျက်စီးကာ ကုန်ပိုင်ရှင်များကို လျှော်ကြေးပေးရသည်များရှိကြောင်း စစ်တွေမြို့မှ ကားဂိတ်မှူးတစ်ဦးက ပြောသည်။
“စစ်ပွဲတွေဖြစ်နေတ ဲ့အချိန်မှာဆိုရင်တော့ လမ်းခရီးကြန့်ကြာတယ်ပေါ့။ အဲဒီအချိန်မှာ ကုန်စိမ်းတွေက ပျက်စီးသွားတာတွေလည်း ရှိတယ်။ အဲတော့ အမြဲတမ်းတင်နေကျ Customer တွေဆိုတော့ အဲလိုမျိုး ပျက်စီးတာတွေရှိရင် ကျနော်တို့မှာလည်း ပစ္စည်းပိုင်ရှင်တွေနဲ့ညှိနှိုင်းရတယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ လမ်းခရီးတွင်ကြန့်ကြာမှုများကြောင့် စစ်တွေမြို့တွင် ကုန်ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်ကာ ကုန်ဈေးနှုန်းမြင့်တက်မှုများ ရှိနေကြောင်း စစ်တွေမြို့မစျေးကြီးမှ ကုန်သည် ဦးအဘုချေက ပြောသည်။
“တိုက်ပွဲဖြစ်နေတဲ့အချိန်တွေမှာဆိုလို့ရှိရင် လမ်းခရီးမှာကြန့်ကြာတယ်။ ပစ္စည်းတွေလည်း ဆုံးရှုံးရတယ်။ ကုန်ပစ္စည်းတွေလည်း စျေးတက်တာတော့ရှိတယ်။ ကုန်ပစ္စည်းတွေ အဝင်ပြတ်သွားရင်တော့ စျေးတက်တာပေါ့ ” ဟု ၎င်းက ဆိုသည်။
မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၂၁ ၊ ၂၂ ရက်နေ့တို့တွင်လည်း ယင်းအနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေမှုကြောင့် ကုန်တင်ကားများအပါအဝင် လမ်းသွားလမ်းလာကားများ ရာနှင့်ချီပိတ်မိနေခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါမင်းပြားမြို့နယ်အနီး ကားလမ်းမပေါ်တွင် တိုက်ပွဲများမကြာခဏဖြစ်ပွားကာ ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

စျေးသည်များအနေဖြင့် ယင်းသို့ ကားလမ်းပိတ်ဆို့မှုများကြောင့် ကုန်ပစ္စည်းများပုတ်သိုးကာ ဆုံးရှုံးမှုများရှိသည့်အပြင် လက်ရှိမှာ စျေးရောင်းမကောင်းသဖြင့် အခက်အခဲ ပိုဖြစ်နေရသည်ဟု စစ်တွေမြို့မစျေးတွင် ဟင်းသီးဟင်းရွက်နှင့် ကုန်စိမ်းများရောင်းချနေသည့် ကိုလှထွန်းက ပြောသည်။
“ရန်ကုန်ကယူရတဲ့ ပစ္စည်းတွေက အထားမခံဘူး။ တရက်၊ နှစ်ရက်ဆိုရင် ပုပ်သိုးသွားတယ်။ အဲဒီကြားထဲမှာ လမ်းခရီး ကြန့်ကြာရင်တော့ ပစ္စည်းတွေက ထက်ဝက်လောက်ပဲ အကောင်းပြန်ရတယ်။ ဒီနှစ် တစ်နှစ်လုံးက ပျက်စီးဆုံးရှုံးမှု အများဆုံးပေါ့။ သိန်းနှစ်ဆယ်လောက် အရှံုးပေါ်နေပြီ ” ဟု ၎င်းက ဆိုသည်။
လက်ရှိမှာ ခရမ်းသီး၊ ပဲသီး၊ ရွှေဖရုံသီး၊ အာလူး စသည့် ဟင်းသီးဟင်းရွက်များကို ရန်ကုန်၊ မင်းဘူးနှင့် ပြည်မဘက်မှ ရခိုင်ပြည်နယ်သို့ အများဆုံး တင်သွင်းနေခြင်းဖြစ်ကြောင်း စျေးသည်များထံမှ သိရသည်။
No comments:
Post a Comment