Monday, July 27, 2020

ကျောက်ဖြူမြို့နယ်မှ လူငယ်တစ်ဦးဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ အသက် ၂၀ ခန့်အရွယ် လူငယ်တစ်ဦးကို ဇူလိုင်လ ၂၆ ရက်နေ့တွင် တပ်မတော်သားများက ကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
ဖမ်းဆီးခံရသူမှာ ဆယ်တန်းစာမေးပွဲဖြေဆိုထားသူ ကိုစိုးအောင်ဖြစ်ပြီး ကျေးရွာအတွင်း မိသားစုများနှင့် ကြက်မွေးမြူရေး လုပ်ကိုင်နေသူဖြစ်ကြောင်း လိပ်ခမော်ကျေးရွာသား ဦးမောင်မြင့်က DMG သို့ ပြောသည်။
“ဘယ်ကိုခေါ်သွားတယ် ဆိုတာတော့ မသိဘူး။ ကျနော်တို့က ကျေးရွာသားတစ်ယောက်အနေနဲ့ တစ်ခုခုလုပ်ပစ်မှာကိုတော့ စိုးရိမ်တယ်” ဟု ဦးမောင်မြင့်က ဆိုသည်။
ကိုစိုးအောင်၏ မိခင်ဖြစ်သူက တပ်မတော်သားများ တည်းခိုခဲ့သည့် ဘော်တူကျေးရွာသို့ သွားရောက်ရှာဖွေခဲ့သော်လည်း သားဖြစ်သူက ိုမတွေ့ခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။
ဇူလိုင်လ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တပ်မတော်သား အင်အား ၆၀ ခန့်မှာ လိပ်ခမော်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာသူရွာသားများကို ဘုန်းတော်ကြီးကျောင်းတွင် စစ်ဆေးခဲ့ကြောင်း ရွာသားများက ပြောသည်။
ယင်းသို့စစ်ဆေးပြီး ရွာသားခြောက်ဦးကို ဘုန်းကြီးကျောင်းဆောင်အခန်းတွင် သီးသန့်ခေါ်ယူ စစ်ဆေးခဲ့ကြောင်း အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
“ရွာဘုန်းတော်ကြီးကျောင်းအခန်းတွေမှာ ရွာသားတွေကိုထားပြီး စစ်ဆေးတယ်။ သူတို့မှာပါတဲ့ ဓားနဲ့ထောက်ပြီး မေးတယ်။ ဖိနပ်နဲ့ကန်တယ်။ သူတို့လိုချင်တဲ့အချက်အလက်ကို ရစေချင်လို့ပေါ့ ” ဟု စစ်ဆေးခံရာမှ လွတ်မြောက်လာသူ၏ ပြောဆိုချက်ကို ကိုးကား၍ ၎င်းကပြောသည်။
ညနေ ၇ နာရီခန့်တွင် စစ်ဆေးနေသူများထဲမှ ငါးဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကိုစိုးအောင်ဆိုသူကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လိပ်ခမော်ကျေးရွာအတွင်း ဘုန်းကြီးကျောင်းတွင် ရွာသားများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကျေးရွာသားတစ်ဦးကို ဖမ်းဆီးခံရသည်ဆိုသည့်ဖြစ်စဉ်ကို ကြားသိရကြောင်း ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ဆိုသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီ တို့အား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်တွင် AA နှင့် ဆက်နွယ်သည်ဆိုသည့် သံသယဖြင့် ဒေသခံများကို ဖမ်းဆီးမှုများ ယခုလအတွင်း မြင့်တက်လျက်ရှိနေသည်။

No comments:

Post a Comment