ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ငသရိုင်းကျေးရွာတွင် ချင်းလူငယ် ၄ ဦးကို AA က ဖမ်းဆီးထားပြီး ဖမ်းဆီးခံထားရသူများတွင် အရပ်ဘက်အဖွဲ့မှ တက်ကြွလှုပ်ရှားသူတစ်ဦး ပါဝင်နေကြောင်း ခူမီး ချင်းမျိုးနွယ်စုများ ရေးရောပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ ဆလိုင်းစောမြက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့ ကျောက်တော်မြို့မှ ပလက်၀မြို့သို့ ပီချောင်းအတိုင်း ချင်းလူငယ် ၇ ဦး လှေဖြင့် လာစဉ် ငသရိုင်းကျေးရွာအရောက် AA အဖွဲ့ဝင် ၈ ဦးက ချင်းလူငယ် ၄ ဦးကို ဖမ်းဆီးပြီး ၃ ဦးကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။
"၂၉ ရက်နေ့သူတို့ အကုန်လုံး ကျောက်တော်ဘက်ကနေ ၇ ယောက်ထွက်လာတယ်။ အဲဒီထွက်လာတဲ့ ၇ ယောက်ထဲမှာ ၄ ယောက်က သူတို့ခေါ်ထားတယ်။ ကျန်တဲ့ ၃ ဦးက လွတ်လာတယ်။ ရောက်လာတဲ့ ၃ ဦးကလည်း information တိတိကျကျ မပြောနိုင်ဘူး။ သူတို့က လှေနဲ့ ပြန်လာတာ။ ကျောက်တော်အထက်နားမှာ ပီချောင်းဆိုတာရှိတယ်။ ပီချောင်းအတိုင်းတက်လာတာ။ ပီချောင်းအတိုင်းတက်လာတော့ ငသရိုင်းဆိုတဲ့ရွာ။ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်နယ်စပ်ရွာကလေး။ ငသရိုင်းဆိုတဲ့ရွာမှာ သူတို့က ၁၂ နာရီကျော်မှာ ရောက်တယ်။ ၁၂ နာရီကျော်ရောက်တော့ လှေကပ်ပြီးတော့ ထမင်းသွားဝယ်တာ။ ထမင်းသွားဝယ်ပြီးတော့ ပြန်ဆင်းလာတဲ့အချိန်မှာ နောက်က လှေတစ်စီးက လိုက်လာတယ်။ လူ ၈ ဦးပါတယ်။ သေနတ် နှစ်လက်လွယ်ထားတယ်။ ယူနီဖောင်းဝတ်မထားဘူး။ စကားပြောတာက ဗမာလို ရခိုင်လိုပြောတယ်။ ဗမာလိုပြောတော့ ရခိုင်သံဝဲတယ်။ အဲဒီမှာ AA ပဲ အခြေပြုထားတာ။ AA က ဘယ်တော့မှ ဝန်မခံဘူး။ သူတို့က ကျနော်တို့ကို အစိုးရစစ်လော်ဘီလို လုပ်ပစ်လိုက်တော့ အဲဒါ ကျနော်တို့ နစ်နာတယ်" ဟု ဆလိုင်းစောမြက ရှင်းပြသည်။
ခူမီး ချင်းမျိုးနွယ်စုများ ရေးရောပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ဇူလိုင်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင်မူ AA က ဖမ်းဆီးသူ ၄ ဦးတွင် ၁ ဦးမှာ အိုက်အောင်စိုးဖြစ်ပြီး ပလက်၀မြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ဇွန်လအတွင်းတွင်လည်း ချင်းလူမျိုး ဦးလှကျော်ကို AA က ဖမ်းဆီးခဲ့ပြီး အလောင်းသာ ပြန်လည်ရရှိခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ချင်းလူငယ် ၄ ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး AA တပ်ဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းရန်မှာ အစိုးရက ပြဋ္ဌာန်းထားသည့် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ ရန်ကုန်ခေတ်သစ်အနေဖြင့် ဆက်သွယ် မေးမြန်းရန် ခက်ခဲလျက်ရှိသည်။
https://web.facebook.com/khitthitnews/photos/a.386800725090613/974541382983208/?type=3&__xts__%5B0%5D=68.ARBbKX1qUaN2fiqD2YD-_RP-3c-HAr-xOsQnC3qO0DMMdrcYzUxl7lN59JAEbOYif6s-NTvSrfpeGIkoJrdPGIkifhyUvhgOpfiqY_RGjEeE26xz8FLclFwYf6H-fFwTreUaNzaXVTLZtn8BHhkeK1SrxmdKmRBjxA-lnhfaa1s2OMzhR5CXyOgY7N9VjZe7P7LuYQAzVWNbnRCwRbst_latSVpFMM8nSGM3jvg_JkTGgaAMv8RDbmHgZ3g9f3A4XGzDCi3WBSo6NjQcvAF01VTxa4OjGqdP1csby3r6BjbqyP5yFuoOVC4WmMurDdNkKKX2mULWBeILraBDvQ4IKpY&__tn__=-R
No comments:
Post a Comment