တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီ သွားကားလမ်း၌AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

နေပြည်တော် ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘ ကျေးရွာအနီး တောင်ကုတ်- မအီသွားကားလမ်း ၌ ယမန်နေ့ နံနက် ၁ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးသည် ဒေသန္တရ မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင် ရခိုင် ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘ ကျေးရွာအနီး တောင်ကုတ်- မအီသွားကားလမ်း၌ ယမန်နေ့ နံနက် ၁ နာရီခန့်တွင် မိုင်းပေါက်ကွဲ သံကြားရသဖြင့် နံနက် ၇ နာရီခန့်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုခဲ့ရာ အမျိုးသား ၄ ဦး လဲကျသေဆုံးနေသည် ကို တွေ့ရှိရကြောင်း နယ်မြေခံတပ်ဌာနချုပ်သို့ ရဲတပ်ဖွဲ့ဝင်များမှတစ်ဆင့် သတင်းပို့ခဲ့သဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့က ဖြစ်စဉ်ဖြစ်ပွား ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ မိုင်းပေါက်ကွဲသည့်နေရာတွင် အမျိုးသား ၄ ဦးမှာ ဒေသန္တရ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး နေသည်ကို တွေ့ရှိရပြီး ပတ်ဝန်းကျင်တစ်ဝိုက်အား အသေးစိတ် စစ်ဆေးရာ ဒေသန္တရမိုင်း ပြုလုပ်ရာ တွင် အသုံးပြုသည့် အချင်း ၄ လက်မ၊ အလျား ၆ လက်မခန့်ရှိ ကွန်ကြူပိုက် အပိုင်းအစများ သံတို/သံစများ၊ နိုင်ငံသားစိစစ်ရေးကတ်၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း။
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ အနေဖြင့် အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခုတွင်လည်း တောင်ကုတ်- မအီ သွားကားလမ်း တွင် ဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် ရည်ရွယ်၍ ဒေသန္တရ လက်လုပ်မိုင်း ထောင် နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း နှင့် မိုင်းထောင် ပေါက်ကွဲစဉ် အသေသိမ်းဆည်းရမိသော AA အကြမ်းဖက်သောင်းကျန်းသူ အလောင်းများ ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
No comments:
Post a Comment