Friday, July 31, 2020

ရခိုင်ပြည်နယ်အရေး ဖိအားပေးနေကြသည့် အဖွဲ့အစည်းများ နိုင်ငံရေးရည်မှန်းချက်ဖြင့် သိသိကြီး ဖိအားပေးနေခြင်းဖြစ်

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဖိအားပေးနေ ကြသည့်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ ပကတိအခြေ အနေမှန်ကို မသိရှိ၍မဟုတ်ဘဲ နိုင်ငံရေး ရည်မှန်းချက် တစ်ရပ်အနေဖြင့် သိသိကြီး ဖိအားပေးနေခြင်းမျိုးရှိနေသည်ကို သတိပြုရန်လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင်က ပြောဆိုသည်။
ဇူလိုင် ၃၀ ရက်ကပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၏ မြန်မာ နိုင်ငံအနေဖြင့် နိုင်ငံတကာမှ ဖိအားများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိရာ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် အခြေ အနေများကို နိုင်ငံတကာမှ ပိုမိုနားလည်သဘောပေါက်ကာ မြန်မာနိုင်ငံအပေါ် အမြင်ရှင်းလင်းလာစေရေးအတွက် လည်းကောင်း၊ နိုင်ငံတကာမှ ဖိအားများ လျော့ကျသွားစေ ရန်အတွက်လည်းကောင်း၊ နိုင်ငံနှင့် နိုင်ငံသားများ၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက်လည်းကောင်းနိုင်ငံတော် အစိုးရအနေဖြင့် သံခင်းတမန်ခင်းအရ မည်သို့ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား ၎င်းက ယင်းကဲ့သို့ ပြန်လည် ဖြေကြား ခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ပြည်တွင်း ဖြစ်ပေါ် တိုးတက်မှုရရှိစေရန်၊ လူ့အခွင့်အရေးစံနှုန်းများ မြင့်မားလာစေရန်နှင့် နိုင်ငံ့ပုံရိပ် မြှင့်တင် ရန်တို့ကို ကြိုးပမ်း ဆောင်ရွက်ရာတွင်လည်း သံတမန်များ၏ အင်အားတစ်ခုတည်းပေါ် တွင်သာ အားထား၍မရဘဲ လွှတ်တော်ကိုယ်စားလှယ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါ အဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အားနှင့် ညီညီညွတ်ညွတ်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
“တကယ်တော့ ယနေ့ဖိအားပေး လိုတဲ့၊ ဖိအားပေးနေကြတဲ့ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်ကို မသိလို့မဟုတ်ဘဲ နိုင်ငံရေးရည်မှန်းချက်တစ်ရပ် အနေနဲ့ သိသိကြီး ဖိအားပေးနေတာမျိုးလည်း ရှိတယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ထို့ကြောင့် လူ့အခွင့်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံ၏ပကတိအခြေအနေနှင့်အညီ မှန်မှန်ကန်ကန်ကြိုးပမ်းဆောင်ရွက်ကာ ပြည်တွင်းအခြေအနေ တိုးတက်မှု ရအောင်လုပ်ခြင်းဖြင့်သာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
“လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲမှုခံရတာ အများစုဟာ လက်နက် ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာဖြစ်ပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားပါက ယင်းစွပ်စွဲချက်များလည်း လျော့ပါးကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းသွားစေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင် စေရေးအတွက် ညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြရေးဟာ အလွန်အရေးကြီးလှ ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
အစိုးရအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံတော်၏ အကျိုးနှင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုကို မထိခိုက်အောင် အလေးထားပြီး လက်တွေ့ကျကျ နှင့် တရားမျှတစွာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒီလိုဆောင်ရွက်ရာမှာ မိမိတို့ နိုင်ငံရဲ့ အကျိုးစီးပွားကို ပျက်လိုပျက်စီး ပြုလုပ် လိုသူများ ထောင်ချောက်ဆင်ထားတဲ့အကွက်အတွင်း မဝင်ရောက်နိုင်ဖို့ အပြောအဆို၊ အပြုအမူများ အထူးသတိပြု ဆင်ခြင်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးကျော်တင်က ပြောဆိုသည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များနှစ်ပေါင်း ၇၀ကျော်ဖြစ်ပွားနေသည့် မြန်မာ နိုင်ငံ၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်ရလျက်ရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံရေးစနစ်အသစ်တစ်ရပ်ကို ကူးပြောင်းခဲ့ ချိန်၌ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုသည် အရှိန်ယူစဖြစ်နေသော်လည်း မြန်မာနိုင်ငံ သည် နိုင်ငံတကာအလယ်တွင် မျက်နှာပန်းပွင့်ခဲ့ကြောင်း ဒေါ်ထုမေက ပြောဆိုသည်။
သို့သော် ၂၀၁၇ခုနှစ်မှစတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အာဆာအကြမ်းဖက် အဖွဲ့ကို နှိမ်နင်းမှုများ ပြုလုပ်ပြီးခဲ့သည့် နောက်ပိုင်း ရခိုင်ပြည် နယ်အတွင်းဘင်္ဂါလီများနေရပ် စွန့်ခွာ ထွက်ပြေးရာမှ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားများ ဆက်တိုက်တိုးလာခဲ့ ကာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ သွားရောက် ရင်ဆိုင်ဖြေရှင်းရာတွင် မြန်မာတွင်သာမက ကမ္ဘာတွင်လည်း အထင် အရှားဖြစ်စေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“မြန်မာနိုင်ငံဟာနှစ်ပေါင်းကြာရှည်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံ၊ လူ့အခွင့်အရေးချိုးဖောက်မှုများရှိတဲ့နိုင်ငံ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုမြင့်မား တဲ့ နိုင်ငံ၊ အဂတိတရားလိုက်စားမှုမြင့်မားတဲ့နိုင်ငံ၊ တရားဥပဒေစိုးမိုးရေး အားနည်းတဲ့နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာတရားရင်ဆိုင်နေရတဲ့ နိုင်ငံ စတဲ့ နာမည်ဆိုးတွေကြောင့် နိုင်ငံရဲ့ပုံရိပ်ဟာအဆိုးဆုံးအခြေအနေမှာရှိပါတယ်” ဟု ဒေါ်ထုမေက ပြောဆိုသည်။
နိုင်ငံ၏ပုံရိပ်ကျဆင်းဆိုးရွားနေခြင်းသည် ယနေ့မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်မှုနည်းပါးခြင်း၊ အနောက်နိုင်ငံများက ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ် နေခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ပြောနိုင်သည့်အတွက် နိုင်ငံ၏ ပုံရိပ်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာညှိုး နွမ်းမှုသည် အလျင်အမြန်အဖတ်ဆယ်ရန် လိုအပ် လျက်ရှိနေကြောင်း ၎င်းက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
လက်ရှိအစိုးရအနေဖြင့် နိုင်ငံ တာဝန်ယူသည့်အချိန်မှ စ၍ ရခိုင်ပြည် နယ်အရေး ကိစ္စဖြေရှင်းရေးကို နိုင်ငံခြား ဆက်ဆံရေးတွင် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အလေး ပေးဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
“သံခင်း၊ တမန်ခင်းဆိုတာ နိုင်ငံတော်ကာကွယ်ရေးရဲ့ရှေ့တန်းမျက်နှာ စာဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ သံတမန်တွေအနေနဲ့ ရှေ့တန်းမျက်နှာစာမှာ ဘယ်လို နည်း ဗျူဟာ၊ ဘယ်လိုနည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာဟာ သိုသိပ်စွာ ဆောင်ရွက်ရတဲ့ကိစ္စဖြစ်တယ်ဆိုတာကို ဦးစွာအသိပေးတင်ပြလိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရခြင်းသည် ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များနှင့် အဓိကဆက်နွှယ်နေကြောင်း၊ ရခိုင်ပြည်နယ် ရှိ မတူညီသည့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုနှင့် ပဋိပက္ခများသည် ၂၀၁၂ ခုနှစ်ကတည်းက တစ်ကျော့ပြန်ကြီးထွားခဲ့ရာ လက်ရှိ အစိုးရလက်ထက်တွင် ယင်း ပြဿနာကို အမွေဆက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။
ထို့ပြင် လူ့အခွင့်အရေးစံနှုန်းများ တိုးတက်မြင့်မားလာစေရန်အတွက် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးစာချုပ်များကို အတည်ပြုပါဝင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာ မျက်နှာစာတွင် ကြုံတွေ့နေရသည့် ဖိအားများ လျော့ကျသွားစေရန် သက်သက်ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူများ၏ လူ့အခွင့်အရေးကို ပိုမိုကာကွယ် မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

KNU နှင့် RCSS ထောက်ပံ့ကြေးမယူ

KNU နှင့် RCSS ထောက်ပံ့ကြေးမယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
COVID-19 ကာလအတွင်း အပစ်ရပ်အဖွဲ့များကို အစိုးရက ထောက်ပံ့ပေးရာတွင် ကရင့်အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့က ထောက်ပံ့ကြေး တောင်းခံခဲ့ခြင်းမရှိကြောင်း သိရသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့မှာ COVID-19 ကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း အစိုးရ၏ ကူညီထောက်ပံမှုကို တောင်းခံထားခြင်း မရှိသကဲ့သို့ လက်ခံရရှိခြင်းလည်း မရှိဟု အပစ်ရပ်ခေါင်းဆောင်များ က ပြောသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက “အဲဒီကိစ္စကျ တော့ ကျနော်တို့ RCSS အနေနဲ့ကျတော့ စာတင်တာလည်း မရှိဘူးပေါ့နော။ နောက် ငွေလက်ခံခြင်း လည်း မရှိဘူးပေါ့။ အဓိကကတော့ ကျနော်တို့ စာမတင်ဘူးပေါ့။ စာမပို့ဘူးလေ ဘာဖြစ်လို့လဲဆိုတော့ ဒီ NRPC က ကူမယ်ဆိုရင်တော့ အဓိကကျတော့ သူက စာပေးပို့ရမယ်လေ စာပေးပို့ပြီးမှ ကူညီတဲ့ သဘော ပေါ့နော်။ ကျနော်တို့ RCSS ကျတော့ ကျနော်တို့ တောင်းထားတာ မရှိဘူးပေါ့” ဟု ပြောသည်။
NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့အနက် ၈ ဖွဲ့မှာ အစိုးရထံမှ ကူညီထောက်ပံ့မှုကို တောင်းခံထားသည့်အတွက် လက်ခံရရှိခြင်းဖြစ်ပြီး RCSS နှင့် KNU တို့မှာ အစိုးရထံ တင်ပြတောင်း ခံထားခြင်း မရှိသကဲ့သို့ လက်ခံရရှိထားခြင်းလည်း မရှိဟု ဆို သည်။
ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ရွှေခါးက “ကျနော်တို့ NCA- EAOs အဖွဲ့တွေ က တောင်းတာပေါ့နော်။ တောင်းတော့ RCSS၊ KNU ကတော့ မယူဘူးပေါ့။ ဆိုတော့ ကျန်တဲ့ ဒီ ၈ ဖွဲ့က တော့ ကျနော်တို့ ယူကြတာပေါ့နော်။ လိုအပ်ချက်အပေါ်မှာ တင်ပြချက်အပေါ်မှာ သူတို့ဖက်ကလည်း တွက် ချက် ပြီးတော့ ပေးတာ ဖြစ်ပါတယ်ပေါ့နော်။ အနည်းအများအလိုက်ပေါ့နော” ဟု ပြောသည်။
အစိုးရ၏ ထောက်ပံ့ငွေ ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ၏ သဘော ထားကို သိရှိနိုင်ရန်အတွက် KNU မှ ပြောရေးဆိုခွင့် ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှ COVID-19 ထိန်းချုပ်သည့် ကာလအတွင်း NCA အပစ်ရပ် ၈ ဖွဲ့၏ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများ စားဝတ် နေရေးအတွက် ထောက်ပံငွေပေးပို့ထားသည့် စာများမှာ လူမှုကွန်ရက်တွင် ပြန့်နှံ့နေခဲ့သည်။
အဆိုပါစာနှင့်ပတ်သက်၍ အစိုးရမှ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း NCA အပစ်ရပ် အဖွဲ့အ ချို့က အစိုးရထံမှ ထောက်ပံ့ငွေ လက်ခံ ရရှိကြောင်း သတင်းနှင့် မီဒီယာကွန်ရက် အား အတည်ပြုပြောဆို ထားသည်။
“ပထမက ကျနော်တို့က မိသားစုဝင်တွေနဲ့ ဆိုတော့ အဲဒီ COVID ကာလမှာ ကျနော်တို့ အခက်အခဲ ရှိတဲ့ ဟာ ကို ဖြေရှင်းပေးဖို့ပေါ့နော်။ ဒုတိယအနေနဲ့ ကျနော်တို့ ဒီ ကိုယ့်နယ်မြေအလိုက်မှာ COVID လုပ်ငန်း တွေ ဆောင်ရွက်နေရတာပေါ့နော် ဥပမာဆိုရင် awareness raising (အသိပညာ မြှင့်တင်ရေး) တို့ ပြီးတော့ တကယ်လို့ suspect case (သံသယ လူနာ) တွေ ရှိရင်လည်း quarantine (သီးခြားခွဲ စောင့်ကြည့်ခြင်း) တွေဘာတွေ လုပ်နိုင်အောင် ဆိုပြီးတော့မှ ရှိတယ်ပေါ့။ ပြီးတော့ ကျနော်တို့ တော်တော်များများ နယ်မြေတွေလည်း နယ်စပ်မှာပဲ ဆိုတော့ နယ်စပ်ကျော်လာရင် အဲဒါမျိုး တွေလို quarantine လုပ်နိုင်အောင်ဆိုပြီးမှ ကျနော်တို့ လုပ်တာပေါ့နော်။ ဆိုတော့ အဲဒါတွေအတွက်ပါ” ဟု ဒေါက်တာ ရွှေခါး က ပြောသည်။
အစိုးရထံမှ ထောက်ပံ့ငွေ ရရှိရန်အတွက် NCA-EAOs များအနေဖြင့် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းက အမျိုး သား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ထံသို့ စာတင်တောင်းခံထားခြင်းဖြစ်ပြီး စာထဲတွင် အဖွဲ့အစည်းအလိုက် အခက်အခဲ အခြေအနေ အရပ်ရပ်ကို တင်ပြရသည်ဟု မွန်ပြည်သစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ပြောသည်။
“ဟိုအရင် လွန်ခဲ့တဲ့ နှစ်ကရော နောက် COVID ကာလတွေရော ကျနော်တို့က ကျနော်တို့ ဒေသရော ကျ နော်တို့ တပ်ဖွဲ့ဝင်တွေရောက အခြေခံရိက္ခာအတွက် ဒီ အစိုးရက ရိက္ခာထုတ်ပေးတယ်လေ ပြည်သူတွေ ကို အဲဒီ အစိုးရ ရိက္ခာထုတ်တော့ ကျနော်တို့ ဒေသက မပါဘူးပေါ့နော်။ ကျနော်တို့ စိုးမိုးဧရိယာ မပါဘူး ကျနော်တို့ တပ်ဖွဲ့ဝင်အတွက် မပါဘူး။ အဲဒါကျနော်တို့က အခက်အခဲဖြစ်တယ်ဆိုတဲ့အကြောင်း အရင်က တင်ထား တာရှိတယ်။ ကျနော်တို့ အဖွဲ့က အခြေခံရိက္ခာအတွက် အဲလိုအခက်အခဲဖြစ်တယ်။ နောက်တော့ ဒီ COVID ကာလမှာ သွားရေးလာရေးတို့ ကုန်ဈေးနှုန်း ပြဿနာတို့ အဲလိုပေါ့ အခက်အခဲက တအားဖြစ် တယ်။ ဒါ ကြောင့်မို့လို့ ကူညီပေးပါလို့ အဲလိုတောင်းဆိုထားခဲ့တာရှိတယ်။ ၂၀၂၀ အတွင်းမှာပဲ တင်ထားတယ်။”
မွန်ပြည်သစ်ပါတီ NMSP ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC နှင့် ကရင် အမျိုးသား ဒီမိုကရေစီ အကျိုး ပြုတပ်မတော် DKBA တို့ အား ကျပ်သိန်း ၁၀၀၀ စီ၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO တို့အား ကျပ်သိန်း ၇၅၀၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နှင့် မြန် မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တို့အား ကျပ်သိန်း ၅၀၀ စီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အား ကျပ်သိန်း ၂၅၀ ထောက်ပံ့ ပေးခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာ တွင် တွေ့ရသည်။
NCA အပစ်ရပ် အဖွဲ့များအနေဖြင့် ဒေသအတွင်း COVID- 19 ကာကွယ်ထိန်းချုပ်ရန်နှင့် ပြည်သူများ၏ အ ခက် အခဲများကို ကူညီဆောင်ရွက်ပေးရန် အစရှိသည့် ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် NRPC ထံ အကူ အညီတောင်းခံခြင်းဖြစ်သည်ဟု ဆိုသည်။
NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှာ ကရင်အမျိုးသား အ စည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သားလွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင် အမျိုးသား ဒီမိုက ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU အဖွဲ့တို့ဖြစ်သည်။

ပလက်ဝမြို့နယ်မှ ချင်းလူငယ်လေးဦးအား အေအေ လက်နတ်ကိုင် အဖွဲ့ဖမ်းဆီးထားသည့်အပေါ် KACC မှ သတင်းထုတ်ပြန်

ပလက်ဝမြို့နယ်မှ ချင်းလူငယ်လေးဦးအား အေအေ လက်နတ်ကိုင်
အဖွဲ့ဖမ်းဆီးထားသည့်အပေါ် KACC မှ သတင်းထုတ်ပြန်

https://www.facebook.com/khumimediagroup/posts/3434363493274909?__cft__[0]=AZXRLg2LA3H0Kb1DTMaGZg6OxkXTkJRaGm31B43D_PQsGK8_IqwBYRTMq5ALPulxygyXu5XKXf_Jc7vHdmrR9nJsBU_gbp_-Y6s98u6RUAWz9_iGvlZ7XHeEo3mybqA1SmMFoyIclyat1Ej3MTCbKAfNpZLwEsu7BCp8JSGWcibSfQ&__tn__=%2CO%2CP-R

ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေး သံမှူးတို့ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများကိစ္စ တွေ့ဆုံဆွေးနွေး

ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေး သံမှူးတို့ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများကိစ္စ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇူလိုင် ၃၀
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ(IDP) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး  စီးပွားရေးသံမှူး Mr.Tan Shufu တို့သည်  ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများပြန်လည် နေရာချ ထားရေးတွင် တရုတ်နိုင်ငံ၏ အကူအညီပေးမှုအတွက်များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ အကူအညီပေး အပ်ရာတွင် မိမိတို့က ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အကူအညီ ပေးရေးအတွက် ဖြစ်နိုင်ခြေဆန်းစစ်လေ့လာခြင်းအဖွဲ့ လာရောက်ရာတွင် မြန်မာနိုင်ငံမှဘာသာ ရပ်ဆိုင်ရာကျွမ်းကျင်အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား သည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးသံမှူးက တရုတ်နိုင်ငံအနေဖြင့် အိမ်ရာများ ပြန်လည်နေရာချထားခြင်းကို အလေးထားပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးအတွက် အကူအညီအဖြစ် ယွမ် သန်း (၂၀၀) ပေးအပ်မည်ဖြစ်ပါ ကြောင်း၊ ကျေးရွာများ ပြန်လည်နေရာချထားရာတွင် လတ်တလောအသုံးပြုနိုင်ရန် ယွမ်(၄)သန်း ကြိုတင်လွှဲပြောင်းပေးရန် စီစဉ်ထားပါကြောင်း ဆွေးနွေးပြောကြားသည်။  
ထို့နောက် လုပ်ငန်းအဖွဲ့အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လုပ်ငန်းဆောင်ရွက်မည့် စီမံချက်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အားလက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အားလက်ခံတွေ့ဆုံ
နေပြည်တော်၊ ဇူလိုင် - ၃၀
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA  အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
    
ထိုသို့တွေ့ဆုံရာ၌ COVID-19  ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များအတွက် တပ်မတော်မှ ဆောင်ရွက်ပေးနေမှု အခြေ အနေများ၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကျင်းပပြုလုပ်မည့် အခြေအနေများနှင့် လက်နက် ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတိုင်းတွင် ရွေးကောက်ပွဲသည်အရေးကြီးပြီး လွတ်လပ်၍တရားမျှတမှုရှိရန်လိုအပ်သည့် အခြေအနေ များ၊ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)  ကိုအခြေခံပြီး ဆောင်ရွက်နေမှု အခြေအနေ များနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

မြောက်ဦးအနီးတိုက်ပွဲ အပြင်းထန်ဖြစ် ၊အဝေးပြေးလမ်းမမှာ ကားတွေ ပိတ်မိနေ၊

မြောက်ဦးအနီးတိုက်ပွဲ အပြင်းထန်ဖြစ် ၊အဝေးပြေးလမ်းမမှာ ကားတွေ ပိတ်မိနေ၊

မြောက်ဦးမြို့နဲ့ တစ်မိုင်ခွဲ အကွာမှာတိုက်ပွဲဖြစ်နေ
ဓာတ်ပုံ ပုံစာ,
မြောက်ဦးမြို့နဲ့ တစ်မိုင်ခွဲ အကွာမှာတိုက်ပွဲဖြစ်နေ
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မြောက်ဦးမြို့နယ်အတွင်းမှာ ဇူလိုင် ၃၀ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရန်ကုန် စစ်တွေ အဝေးပြေးကားလမ်းမ မြောက်ဦး ကျောက်တော် လမ်းပိုင်းကို ပိတ်ထားရတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။
နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲက ပိုပြင်းထန်လာပြီး တပ်မတော်ဘက်က လေယာဉ် နှစ်စီးနဲ့ နာရီဝက်နီးပါး လာရောက် ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဟာ မနက်ပိုင်း ၅နာရီခွဲလောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မြောက်ဦးမြို့နဲ့ တစ်မိုင်ခွဲလောက်သာ ကွာဝေးတဲ့ အုတ်ဖိုကန်ကျေးရွာအနီးက သရက်တစ်ပင် ကောက်ကွေ့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်နေကြတာလို့ အုတ်ဖိုကန်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ အဘောင်တော်ဆည်နဲ့ တောင်ဖြူဆည်အကြား အဝေးပြေးကားလမ်းမရဲ့ အရှေ့ဘက်ခြမ်း ငရုတ်ကောင်းခင်းထဲမှာ ဖြစ်ပွားနေကြတာဖြစ်ပြီး တပ်မတော်ကားတွေ ရပ်တန့်နေတာကိုမြင်နေရပြီး အဝေးပြေးကားတွေလည်း ရပ်တန့်နေရတယ်လို့ မြောက်ဦးမြို့ခံ ကားသမားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဇူလိုင် ၃၀ ရက်မနကအစောပိုင်းက စပြီးပိတ်မိနေ
ဓာတ်ပုံ ပုံစာ,
ဇူလိုင် ၃၀ ရက်မနကအစောပိုင်းက စပြီးပိတ်မိနေ
တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အဝေးပြေးကားလမ်းမပေါ်မှာ သွားလာနေတဲ့ ကားတွေဟာ မနက် ၆ နာရီလောက်ကတည်းက ရပ်တန့်နေကြရပြီး နေ့လည်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ရှိနေသေးတဲ့အတွက် သွားလာခွင့်မရရှိသေးဘူးလို့ ဆိုပါတယ်။
"မနက်ပိုင်း ၆ နာရီလောက်မှာ မြောက်ဦးတောင်ဖြူနားမှာ ။ တပ်မတော်ယာဉ်တန်းနဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ ဒီဘက်မှာဆိုရင် မြောက်ဦးကားဂိတ်နားက ရပ်ထားတယ်။ ဟိုဘက်မှာဆိုရင် ဝေသာလီနားက ရပ်ထားတယ်။ ခရီးသည်တွေကတော့ မန္တလေး၊ ရန်ကုန်သွားတဲ့ ကားတွေမှာတော့ ဒီတိုင်းပဲ ကားပေါ်မှာနေကြရတာပေါ့။ ကျွန်တော်တို့ မြောက်ဦးစစ်တွေသွားတဲ့ ကားတွေဆိုတော့ ပြန်လှည့်လာလိုက်ရတာပေါ့"လို့ မြောက်ဦး-စစ်တွေ ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။
မြောက်ဦးဘက်က ထွက်လာခဲ့တဲ့ ကားတွေဟာ မြို့ပြင်မှာ ရပ်တန့်နေကြရပြီး စစ်တွေဘက်က ထွက်လာခဲ့တဲ့ ကားတွေကတော့ ဝေသာလီကျေးရွာအနီးမှာ ရပ်တန့်နေကြရတယ်လို့ ကားသမားတွေကပြောပါတယ်။
မြောက်ဦး-စစ်တွေလမ်းပိုင်းတစ်လျှောက်မှာ အခုလိုမျိုး တိုက်ပွဲဖြစ်ပွားတာတွေ မကြာခဏဆိုသလို ကြုံနေရပြီး ကားတွေလည်း ရပ်တန့်နေကြရတဲ့အတွက် စိုးရိမ်ကြောက်လန့်မှုတွေနဲ့ စောင့်ဆိုင်းနေကြရတယ်လို့ ကားသမားတွေက ပြောပါတယ်။
ဒါ့အပြင် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးစတဲ့နေရာတွေက လာခဲ့ကြတဲ့ခရီးသည်တွေဟာလည်း နေ့လည်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ကားလမ်းတွေပိတ်နေဆဲဖြစ်တာကြောင့် ခရီးသည်အများစုကတော့ မြောက်ဦးမြို့မှာရပ်နားနေကြရပါတယ်။
ခရီးသည်အများစုကတော့ မြောက်ဦးမြို့မှာရပ်နားနေကြ
ဓာတ်ပုံ ပုံစာ,
ခရီးသည်အများစုကတော့ မြောက်ဦးမြို့မှာရပ်နားနေကြ
တချို့ကားတွေနဲ့ ခရီးသည်တွေကတော့ ဖြတ်သန်းခွင့်ရမလားဆိုပြီး တိုက်ပွဲပြီးမယ့်အချိန်တွေကို စောင့်ဆိုင်းနေကြတာတွေကိုလည်း တွေ့ခဲ့ရတယ်လို့ ပိတ်မိနေတဲ့ ရောက်နေတဲ့ ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။
မနက်ပိုင်းကတော့ လက်နက်ကြီးပစ်ခတ်သံတွေကိုပါ ကြားခဲ့ရပေမဲ့ အခုနေ့လယ်ပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်တာတွေ မရှိတော့ပေမဲ့ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီး တိုက်ပွဲအတွင်းက ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ အဲ့ဒီနေရာနဲ့အနီးဆုံးဖြစ်တဲ့ အုတ်ဖိုကန်ကျေးရွာအတွင်းကို ကျရောက်ပြီး နေအိမ်တွေကိုလည်း ထိမှန်တာတွေရှိနေတယ်လို့ သိရပါတယ်။
ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့အတွက် အုတ်ဖိုကန်၊ မောင်ရွှီကန်၊ သံချောင်း စတဲ့ကျေးရွာသားတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။
၂၀၂၀ ခုနှစ်အတွင်း ပြီးခဲ့တဲ့လပိုင်းကလည်း အဲ့ဒီသရက်တစ်ပင်ကောက်ကွေ့အနီးမှာ တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရဖူးပါတယ်။

တိုက်ပွဲကြား သေဆုံးခဲ့တဲ့ ရွာသားအလောင်း အိမ်သာကျင်းထဲမှာတွေ့

တိုက်ပွဲကြား သေဆုံးခဲ့တဲ့ ရွာသားအလောင်း အိမ်သာကျင်းထဲမှာတွေ့

No caption
ရသေ့တောင်မြို့နယ် တောင်ဘက် မေယုကမ်းဒေသ ချိန်ခါလီကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပစ်သတ်ခံလိုက်ရတဲ့ အသက် ၆၀ ခန့်အရွယ် ဦးထွန်းမောင်စိန်ရဲ့အလောင်းကို ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အိမိသာကျင်းထဲကနေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်နေ့မနက်ပိုင်း ၇ နာရီကျော်လောက်မှာ ချိန်ခါလီကျေးရွာနဲ့ ကိုးတန်ကောက် ကျေးရွာအကြား တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး ကျေးရွာအတွင်းကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခဲ့တဲ့အချိန် ဦးထွန်းမောင်စိန်ကို စစ်ကြောင်းက တွေ့ရှိသွားတဲ့အတွက် နေအိမ်မှာ ပစ်သတ်ခံလိုက်ရတာလို့ မိသားစုဝင်တွေကပြောပါတယ်။
ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့အတွက် ကျေးရွာအတွင်းကို ကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ချိန်ခါလီကျေးရွာလုံးကျွတ် ထွက်ပြေးခဲ့ကြတဲ့အချိန်မှာ ဦးထွန်းမောင်စိန်နဲ့ ဇနီးဖြစ်သူတို့ဟာ ထွက်ပြေးချိန်မရလိုက်တဲ့အတွက် နေအိမ်မှာ ကျန်နေခဲ့ကြတာလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။
ရွာထဲကို စစ်ကြောင်းတွေဝင်ရောက်လာပြီး ဦးထွန်းမောင်စိန် နေအိမ်မှာဖွင့်လှစ်ထားတဲ့ ကုန်စုံဈေးဆိုင်ကို ဖောက်ဖွင့်ခဲ့ကြတဲ့ အချိန်မှာ ဈေးဆိုင်ခန်းအတွင်း ပုန်းအောင်းနေတဲ့ ဦးထွန်းမောင်စိန်ကို တွေ့ရှိသွားပြီး အိမ်ရှေ့မှာ ပစ်သတ်လိုက်တာလို့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဇနီးသည်က ပြောပါတယ်။
တပ်မတော်ဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်နေ့မှာ ကျေးရွာအတွင်း ပိတ်မိနေသူတွေကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေ သွားရောက် ကယ်ထုတ်ခဲ့တဲ့အချိန်မှာ ဦးထွန်းမောင်စိန်ရဲ့ အလောင်းကို ရှာမတွေ့ခဲ့ဘူးလို့ ချိန်ခါလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောပါတယ်။
အဲဒီနောက် ၁၉ ရက်ခန့်အကြာ ဇူလိုင် ၃၁ ရက်နေ့မနက်ပိုင်းမှာ အိမ်နီးချင်းတွေက အပုပ်နံ့ နံတဲ့အတွက် လိုက်လံရှာဖွေမှုတွေ ပြုလုပ်ရာမှာ သူတို့ရဲ့နေအိမ်က အိမ်သာကျင်းထဲမှာ အလောင်းကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သမက်ဖြစ်သူ ကိုမောင်ဘုယေက ပြောပါတယ်။
"အိမ်သာကျင်းမှာတွေ့ပါတယ်။ အခုတော့ သင်္ဂြိုဟ်လိုက်ပါပြီ။ ကျွန်တော်တို့အိမ်မှာ သုံးနေတဲ့ အိမ်သာပါ။ အဲ့ဒီအိမ်သာကျင်းမှာ သူတို့က ထည့်ပစ်ခဲ့တာပါ။ ဘေးနားကအိမ်က လေအောက်ဘက်ဆိုတော့ အပုပ်နံ့ရတယ်။ အဲ့ဒီမှာ လိုက်ရှာကြည့်တော့ အိမ်သာကျင်းထဲမှာ တွေ့တာပါ။ ဒီနေ့မှာ တွေ့တာပါ။ ၁၈ ရက်ရှိပါပြီ။"လို့ ကိုမောင်ဘုယေက ပြောပြပါတယ်။
အလောင်းကို တွေ့ရှိခဲ့တဲ့အချိန်မှာ ပုံစံတွေ ပျက်စီးနေပြီဖြစ်ကာ ရသလောက်ကို ဆယ်ယူပြီးတော့ ကျေးရွာသားတွေရဲ့အကူအညီနဲ့ ဇူလိုင်လ ၃၁ ရက်နေ့လယ်ပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်တာလို့ သမက်ဖြစ်သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေ့က သူတို့လင်မယားလို သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူ ၁၀ ဦးတို့ဟာ ကျေးရွာအတွင်း မပြေးနိုင်ဘဲ ပစ်ခတ်မှုတွေ ကြားထဲ ကျန်နေခဲ့ကြတာဖြစ်ပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ ကျေးရွာအတွင်း ပိတ်မိကျန်နေခဲ့တဲ့ နာမကျန်းဖြစ်နေသူတွေအပါအဝင် သက်ကြီးရွယ်အို ၁၀ ဦးနဲ့ ဖမ်းဆီးခံနေရသူ ၃ ဦးတို့ကို ကယ်ထုတ်နိုင်ခဲ့ပြီး ဦးထွန်းမောင်စိန်ရဲ့ အလောင်းကိုရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောပါတယ်။
နေအိမ်အတွင်း ပစ်သတ်ခံလိုက်ရပြီး အလောင်းကို အိမ်သာကျင်းထဲထည့်ကာ ဖျောက်တာခံလိုက်ရပေ့မဲ့ မိသားစုဝင်တွေဘက်ကတော့ ဘာမှမပြောလိုတော့ဘူးလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေ့က ကျေးရွာအတွင်းကို ကျည်တွေကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတစ်ဦး ပစ်သတ်ခံလိုက်ရတဲ့အတွက် ချိန်ခါလီကျေးရွာအပြင် အနီးဝန်းကျင် ကျေးရွာ ၅ ရွာလောက်က ရွာသားတွေဟာ ဘေးလွတ်ရာနေရာတွေနဲ့ စစ်တွေမြို့ပေါ်အထိ ထွက်ပြေးလာခဲ့ကြပါတယ်။
လက်ရှိမှာတော့ ချိန်ခါလီကျေးရွာမှာ ရွာသားတွေပြန်လည်ရောက်ရှိနေပြီဖြစ်ပေမဲ့ တချို့ရွာသားတွေကတော့ ညအိပ်ပြီးမနေရဲကြတာကြောင့် နေ့လယ်ပိုင်းမှာ ရွာကိုလာရောက်ကြပြီး ညဘက်မှာ ကုန်တန်းကျေးရွာက ကယ်ဆယ်ရေးစခန်းမှာ သွားအိပ်ကြတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပလက်ဝမြို့နယ်မှ ချင်းလူငယ်လေးဦးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း KACC သတင်းထုတ်ပြန်

ပလက်ဝမြို့နယ်မှ ချင်းလူငယ်လေးဦးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း KACC သတင်းထုတ်ပြန်
PUBLISHED 31 JULY 2020

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ချင်းလူငယ်လေးဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဇူလိုင် ၂၉ ရက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ငသရိုင်းကျေးရွာ၌ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC) က ဇူလိုင် ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ပလက်ဝမြို့နယ်တွင် နေထိုင်သည့် ချင်းလူငယ်လေးဦးသည် ကျောက်တော်မြို့နယ်၊ ငသရိုင်းကျေးရွာတွင် AA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့လေးဦးမှာ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရခြင်းကို သိရှိရခြင်း မရှိသေးကြောင်း KACC ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါဖမ်းဆီးခံရသူများသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အတူပြန်လာသည့် လူငယ်ခုနစ်ဦးအနက် လေးဦးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံများက KACC ထံ သတင်းပေးပို့ခဲ့ကြောင်းလည်း KACC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
AA အဖွဲ့၏ ဖမ်းဆီးခြင်းခံရသူလေးဦးအနက် တစ်ဦးမှာ အိုက်အောင်စိုးဆိုသူဖြစ်ပြီး ၎င်းသည် ပလက်ဝမြို့ အခြေစိုက် ချင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း KACC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ KACC အနေဖြင့် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံသို့့ သတင်းပေးပို့ထားပြီး ထူးခြားဖြစ်စဉ်များကိုလည်း လိုအပ်သလို သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း KACC က ကြေညာခဲ့သည်။
အလားတူ ပလက်ဝမြို့နယ်၊ တုန်းမဝကျေးရွာမှ ချင်းလူမျိုးတစ်ဦးဖြစ်သူ ဦးလှကျော်သည် ၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက် ဝန်းကျင်တွင် ကျေးရွာအတွက် ဆန်ရှာဖွေရန် ပီချောင်း၊ ငသရိုင်းဘက်သို့ သွားရောက်စဉ် AA အဖွဲ့ဝင် လူငယ်နှစ်ဦး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဇူလိုင် ၂၁ ရက်တွင် KACC က သတင်းထုတ်ပြန်ထားသည်။
KACC အနေဖြင့် ဦးလှကျော် လွတ်မြောက်ရေးအတွက် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ဇူလိုင် ၁၇ ရက်ခန့်တွင် ဦးလှကျော်၏ ရုပ်အလောင်းအား ၎င်း၏ မိသားစုဝင်များက ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ခဲ့ပြီး ဇူလိုင် ၁၉ ရက်တွင် တုန်းမဝကျေးရွာတွင် ခရစ်ယာန်ဘာသာရေးထုံးစံဖြင့် ဝတ်ပြုဆုတောင်း မြေချခဲ့ကြောင်း KACC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို တိုက်ပွဲနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသည့် အရပ်သားများ၏ အသက်အိုးအိမ်များကို လက်လွတ်စပယ် ဖျက်ဆီးပြုမှုခြင်းများအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း KACC က ဇူလိုင် ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာမှ အသတ်ခံခဲ့ရသူ ဦးထွန်းမောင်စိန်၏ အလောင်းကို အိမ်သာကျင်းထဲမှ ပြန်တွေ့ရှိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှ အသတ်ခံခဲ့ရသည့် စျေးဆိုင်ရောင်းသူ ဦးထွန်းမောင်စိန် (၆၁) နှစ်၏ အလောင်းကို (၁၈) ရက်အကြာ ယနေ့နံနက် ၆ နာရီခန့်က သူ၏ နေအိမ်မှ အိမ်သာကျင်းထဲတွင် ပြန်တွေ့ ခဲ့ရကြောင်း သတင်းရရှိသည်။
သေဆုံးသူ ဦးထွန်းမောင်စိန်မှာ ဇူလိုင်လ ၁၃ ရက်နေ့ကချိန်ခါလီကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွား ပြီးနောက် ဆိုင်ထဲတွင် ပုန်းအောင်းနေရာမှ ခေါ်ယူ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုရက်ပိုင်းတွင် ရွာသို့ ရွာသားတချို့နေရပ်ပြန်လာချိန်တွင် ယနေ့ နံနက်က အနံ့ ထွက်သဖြင့် ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦထွန်းမောင်စိန်၏ သမက်ဖြစ်သူ မောင်ဘုယေက ပြောသည်။
“ကျွန်တော့ မိန်းမရဲ့အဖေပါ။ စစ်သားတွေ ပစ်သတ်လိုက်တာပါ။ ဆိုင်ထဲတွင် ပုန်းအောင်း နေရာကနေ ဆွဲထုတ်ပြီး ကျွန်တော်ယောက္ခဖြစ်သူ သူ့မိန်းမရဲ့ ရှေ့မှာပဲ သတ်ပစ်တာ။ မိသားစုတွေ ရွာကထွက်ပြေးတော့ အလောင်း ကျန်ခဲ့တယ်။ နောက်ပိုင်း အလောင်းကို လာရှာခဲ့ကြပေမယ့် လုံးဝမတွေ့ခဲ့ဘူး။ အခု အနံ့ထွက်မှ တာပေါ်လိပ်နဲ့ ဖုံးထားတဲ့ နောက်ဖေး အိမ်သာကျင်းထဲမှာ သူ့အလောင်းကိုတွေ့တာပါ။ သင်္ဂြိုလ်ဖို့တွက် အလောင်း ဆယ်ဖို့ လုပ်နေပါတယ်။ သက်ဆိုင်ရာတွေကိုလည်း အကြောင်း ကြားထားပါတယ်။ သူတို့ ခွင့်ပြုမှ သင်္ဂြိုလ်လို့ရမှာဆိုတော့ပါ။ အလောင်းက ကြည့်ဖို့ မသင့်တော်တော့ဘူး။ စိတ်မကောင်း ဖြစ်တာပေါ့ဗျာ” ဟု သမက်ဖြစ်သူ မောင်ဘုယေက ပြောသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အလောင်း ပြန်တွေ့သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
ဒေါ်ခင်စောဝေက “အလောင်းတွေ့တယ်လို့မိသားစုဆီကဆက်သွယ်လာကြတယ်။ သူတို့အိမ်ရဲ့ အိမ်သာကျင်းထဲမှာ တွေ့တာ။ အလောင်းကို ပြန်ဆည်ဖို့လုပ်နေကြတယ် လို့ပြောတယ်။ အပြစ်ရှိရင်လည်း ဥပဒေဘောင်အတွင်းက ဆောင်ရွက်သင့်တယ်။ ခုလိုမျိုးလုပ်တာကတော့ မသင့်တော်ပါဘူး” ဟုပြောသည်။
ရသေ့တောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း သက်ဆိုင်ရာကို အကြောင်းကြားထားကြောင်း ပြောသည်။
ဦးခင်မောင်လတ်က “ ဦးထွန်းမောင်စိန်ရဲ့ သမီးနဲ့ သမက်ဖြစ်သူနဲ့ အဆက်အသွယ်ရတယ်။ သင်္ဂြိုလ်ဖို့ အခက်အခဲရှိနေကြတယ်။ အလောင်းကလည်း အနံ့တအားထွက်နေပြီ။ ရဲတွေကို အကြောင်းကြားထားတယ်လို့ ပြောတယ်”ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်သိန်း အားမေးမြန်းရာ ၎င်း၏ ကိုယ်ရေးအရာရှိက အလောင်းတွေ့သည်မှာ မှန်ကန်ကြောင်း ၊ မည်သူသတ်သည်ကို အသေးစိတ်မသိရသေးကြောင်း၊ မိသားစုမှ ရဲတပ်ဖွဲ့အား ဆက်သွယ်ထားသည်ကို သိရှိရကြောင်း အတည်ပြုကြောင်းပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီမှ တပ်မတော်စစ်ကြောင်းမှ ၎င်းကျေးရွာအတွင်းသို့ ဝင်ပစ်စရာအကြောင်းမရှိကြောင်း၊ ချိန်ခါလီကျေးရွာတွင် အရပ်သား သေဆုံးမှုလည်း မရှိကြောင်း ပြောကြားခဲ့သည်ဟု တွင် DVB သတင်းတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် မြန်မာတပ်မတော်နှင့် AA တို့ အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋ္ဋိပက္ခအတွင်း အရပ်သား သေဆုံးမှု ၂၅ဝ ကျော်အထိရှိလာကြောင်း ရခိုင်ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ စာရင်းအရသိရသည်။

https://web.facebook.com/narinjara.info/posts/3449736658371720?__xts__%5B0%5D=68.ARC3faM5xPY8oKQtcIPh4WDRdZ5JOl8wK4-n5fd4J80pZuLSlXWhlrRJpUpKcBXYj1nrHjGNFsiAYIIkYynfIxoIZel7vg4szbXETb4ZjDbk8Jw9dwMmSDsiVBl5c3Lxhn94AjNtlzL8UaQGUGpxrORnLW09FWjrTTT2KFMpycHoJMWFx7c-VECe7NVCj5Yu77bveD60MF23zJWtS1vIrYWzW7n9TYJ0jS5m5ruHjhJRrHE0cRzfUDUi3ZrRFaXmixSxkQByBn69sTb2-CAuR4f01Q90y0Wzyuj9Ic8zZzfODhB_WJQNGLj4tHx9aCK4mZ8Sz37RQwG4QWFUzj3kAmuvfQ&__tn__=-R

ါက်တာအေးချမ်းဦးဆောင်အဖွဲ့မှ ရခိုင်သို့ သွားရောက်ပြီး စစ်ဘေးရှောင်များကို ဆန်အိတ်ပေါင်း ၁၃၄ဝ နှင့် ဆီ ပိဿာ ၂၂ဝဝ လှူဒါန်း

သမိုင်းပါမောက္ခဒေါက်တာအေးချမ်း ဦးဆောင်သောအဖွဲ့မှ ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များရှိရာ မြို့နယ် ၅ ခုသို့ ကိုယ်တိုင်သွားရောက်ပြီး ဆန်အိတ်ပေါင်း ၁၃၄ဝ နှင့် ဆီ ပိဿာ ၂၂ဝဝ ကို စစ်ဘေးရှောင်များသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုလှူဒါန်းသော ပစ္စည်းများမှာ ရခိုင်ရဟန်းရှင်လူ စေတနာရှင်များက စုပေါင်းလှူဒါန်းထားသော ပစ္စည်းဖြစ်ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တို့သို့ သွားရောက်လှူဒါန်းခဲ့သည်ဟု စစ်ဘေးရှောင်များကို ကိုယ်တိုင်သွားရောက် လှူဒါန်းရာတွင် ပါဝင်သူ ဦးမြင့်ကျော်က ပြောသည်။
“ကျနော်တို့က သတင်းအချက်အလက်တွေစုတယ်။ စခန်းအရေအတွက် ဘယ်လောက်ရှိသလဲ။ အိမ်ထောင်စု အရေအတွက်က ဘယ်လောက်ရှိသလဲ။ လူဦးရေ ကျား၊မ စုစုပေါင်း ဘယ်လောက်ရှိသလဲ ဆိုတာကို ကျနော်တို့က မြို့တိုင်းကို စာရင်းကောက်တယ်။ အဲဒီ စာရင်းတွေအရ လှူဖွယ်ပစ္စည်းများကို ခွဲဝေပြီး မြို့နယ် ၅ ခုကိုသွားပြီး လှူဒါန်းခဲ့ပါတယ် ” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များ ခိုလှုံလျှက်ရှိသော မြို့နယ် ၉ မြို့နယ်ထဲမှ မြို့နယ် ၅ နယ်ကို ပထမအအကြိမ် အနေဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု လှူဒါန်းမှုတွင် မပါဝင်ခဲ့သော မြို့နယ် ၄ မြို့နယ်ဖြစ်သည့် အမ်း၊ မြေပုံ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့ကို ဒုတိယအကြိမ် လာရောက် လှူဒါန်းရန် အစီစဉ်လုပ်ထားကြောင်း ဦးမြင့်ကျော်က ဆက်ပြောသည်။
“ ၂ဝ၁၂ ပြဿနာဖြစ်တုန်းကဆိုရင် မြန်မာ့ပြည်မှရှိတဲ့ အားလုံးသူက ဝိုင်းဝန်းပြီးတော့ လှူကြတယ်။ သို့သော် အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လှူဒါန်းတာက ရခိုင်စေတနာရှင်တွေနဲ့ ရခိုင်နဲ့ အလွန်နီးစပ်တယ် လူတွေကဘဲ လှူကြတာပါ။ ရခိုင်က သဘာဝဘေး၊ စစ်ဘေး ဒုက္ခရောက်နေကြတဲ့သူတွေကိုတော့ ကျွန်တော်တို့ ပုံမှန်လှူနေကျပါ။ အခုလည်း အတိဒုက္ခရောက်နေကြတဲ့အခါ လာရောက်လှူဒါန်းတာဖြစ်ပါတယ် ” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များခိုလှုံနေထိုင်လျက်ရှိသော မြို့နယ်များမှာ အမ်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့ ဖြစ်ကြောင်း သိရှိရသည်။

https://web.facebook.com/narinjara.info/posts/3449890611689658?__xts__%5B0%5D=68.ARBt5j3icfXMGai8IWu2AiR4TaQK0DrCiu6fENxjLEZiKt4ZPjOyro8L3j4trjyIG1fpwlvjZtGnh8Imys7Yc0FlXxUgTPu_0e_zOblmDh9-tI1GY_aHtun9hQyZ-e6vo_Vs_z0BHzQ8x2pZdtCRSMnD9TAlZ4ojhOEJ_YwFW5VeJjhFLE5Cic6vt05aF9J4YKOxTa5Q3J-3gO7_S_8yUlVDBrr-5iDxc8dlffQOQwC1B6vTOiSQ-pyNPZ4ZZfIbBItbJjYiNRzFNzRh4hMwTHP7CK62XXmFfzMmEH1o6wxwz7W3GKOYkxUNzKSg0QsgcCzRAcCwqYBFgQZl1pasaTk5Hw&__tn__=-R

ရသေ့တောင်မြို့နယ်တွင် မျှစ်ချိုးသွားသူအမျိုးသားတစ်ဦးကို သေဆုံး၍တွေ့ရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ သံချောင်းကျေးရွာမှ အမျိုးသားတစ်ဦးကို တောင်ပေါ် မျှစ်ချိုးသွားရာမှ သေဆုံး၍တွေ့ရှိခဲ့သည်ဟု မိသားစုများက ပြောသည်။
သေဆုံးသွားသူမှာ မယူကမ်း သံချောင်းကျေးရွာမှ ဦးဝေတင်အောင် အသက် (၆ဝ)နှစ် ဖြစ်ကြောင်း သိရှိရသည်။
ဦးဝေတင်အောင်သည် ယမန်နေ့ မနက် ၉ နာရီခန့်က ရွာ၏အနောက်ဖက် ၂ မိုင်ခန့်တွင်ရှိသော တောင်တန်းသို့ မျှစ်ချိုးဖို့သွားရာမှ အိမ်သို့ ပြန်မရောက်သဖြင့် မိသားစုဝင်များနှင့် ကျေးရွာသားများက ယနေ့ နံနက်က လိုက်လံ ရှာဖွေခဲ့ကြရာ နံနက် ၁ဝ နာရီခန့်က သေဆုံးနေသည့် သူ့၏ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သေဆုံးသွားသူ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးကျော်အေးစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“ မနေ့နံနက်ကတည်းက မျှစ်ချိုးဖို့ သွားတာ၊ သူ့ပြန်မရောက်လို့ သွားရှာကြတော့ ဒီနေ့ မနက်မှာ သူ့သေဆုံးနေတာကို တွေ့ရှိရတယ်။ တောင်ပေါ်က နည်းနည်းလိမ့်ကျပြီး သေဆုံးနေတာကိုတွေ့ရတယ်။ တောင်အောက်ကိုတော့ မကျဘူး။ အဲဒီနားမှာ ဝါးပင်တွေရှိတော့ အောက်ကို ပြုတ်မကျသွားဘူး။ အဲဒီမှာ တင်ပြီး သေနေတာကို တွေ့ရတယ်။ ခန္ဓာမှာ ဒဏ်ရာ၊ ဒဏ်ချက်တွေလည်း မတွေ့ရဘူး” ဟု ပြောသည်။
သေဆုံးသွားသူ ဦးဝေတင်အောင်မှာ သွေးတိုးရောဂါမကြာခဏဖြစ်ပွားလေ့ရှိသဖြင့် မိသားစုဝင်များက သွေးတိုးရောဂါဖြင့် ခေါင်မူးပြီးတောင်ပေါ်မှ လိမ့်ကျသေဆုံးသွားသည်ဟု ထင်မြင် ယူဆထားကြောင်း ၎င်းက ပြောသည်။
“ သူ့ကိုတွေ့ရတာကတော့ သူ့မျှစ်ချိုးလို့ ပြန်လာချိန်မှာ သေဆုံးပုံရပါတယ်။ သေဆုံးနေတဲ့ သူ့အနားမှာ မျှစ်လည်း ၁ဝ ပိဿလောက်တွေ့တယ်။ မျှစ်ချိုးလို့ပြန်လာတဲ့အချိန်မှာ ဆုံးတယ်လို့ ပြောလို့ရပါတယ်” ဟု ဦးကျော်အေးစိန်က ဆက်လက်ပြောဆိုသည်။
ယခုအခါ သူ့၏ရုပ်အလောင်းကို သံချောင်းရွာ၏ သုသာန်တွင် ထားရှိပြီး သြဂုတ်လ ၁ ရက်နေ့တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

https://web.facebook.com/narinjara.info/posts/3449800038365382?__xts__%5B0%5D=68.ARDfwcfgTjTjC-y3V-oOfGH4lHAByhP-NZO-usNAp4n4uhHaDCe5-g8DpuJxVuOlugovJOv3b8HfM4DHNXpstRuW2g4gXyFfl2zNxYPXJJkeH8KThSjIfiySVnqxB9qhxkfvqz4k9Jpd3LIud4jntJZb8BRKZGr4MNs9Ydq2YrsQdkoYXo014bOJcixcMroz2rJGg42x4wEqmmQumR5619hiBi0Dn8VCbI3oblPsbDwkHrvpXMjIsYuiK-HQufZoJh_izOIW7nWDyY4uN_p-W5vXslkJN3GuSRt87gOAyAv9EJzlax2iJDZ2rmHR99MGPT-T5A_seyxtXAKc1ICEuL6fnw&__tn__=-R

ကွတ်ခိုင်မြို့နယ် မိုင်းပေါက်ကွဲ ကလေး ၆ဦးထိမှန်၊ တဦးသေ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မိုင်းတလုံးပေါက်ကွဲမှုကြောင့် ကလေး ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ ကလေး တဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။
Untitled-design-30
ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာ အတွင်း နေအိမ်ဝန်းထဲတွင် မိုင်းပေါက်ကွဲမှုကြောင့် ကေလေး ၆ဦး ဒဏ်ရာရ၊ တဦးသေဆုံး ( ဓာတ်ပုံ – ဒေသခံတဦး )
ဇူလိုင်လ ၃၀ ရက် ယမန်နေ့ ညနေ ၄ နာရီ ခွဲခန့်က ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာရှိ နေအိမ်ဝင်း အတွင်း ကလေးငယ်များ ကစားနေစဉ် မိုင်းတလုံး ပေါက်ကွဲမှုဖြစ်ပွားရာ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာ ပြင်းထန်သည့် အသက် ၅ နှစ် အရွယ် နန်းကိန်ခမ်းမှာ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း ကလေးငယ်များကို ကူညီမှုပေးသည့် ခမ်းမတ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။
“ နေအိမ်ဝန်းထဲမှာ ဆော့နေကြရင်း ပေါက်ကွဲတာ။ကလေး ၆ဦး ဒဏ်ရာရတယ်။ တဦးကတော့ ကွတ်ခိုင်ဆေးရုံမှာပဲ ည က ဆုံးသွားတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ ၃ ဦး ကိုတော့ လားရှိုးဆေးရုံပို့ ထားတယ်” ဟု ခမ်းမတ် ကဆိုသည်။
သေဆုံးသွားသည့် အသက် ၅ နှစ် အရွယ် ကိန်ခမ်း၏ မိဘများမှာ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အလုပ်လုပ်နေကြပြီး၊ ထိုကလေးသည် အဖိုးဖြစ်သူနှင့် နေထိုင်ကြောင်း သိရသည်။
gif;base64,R0lGODlhAQABAAAAACH5BAEKAAEALAAAAAABAAEAAAICTAEAOw==
ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာ အတွင်း နေအိမ်ဝန်းထဲတွင် မိုင်းပေါက်ကွဲမှုကြောင့် ကေလေး ၆ဦး ဒဏ်ရာရ၊ တဦးသေဆုံး ( ဓာတ်ပုံ – ဒေသခံတဦး )
ထို့ပြင် ဒဏ်ရာ ပြင်းထန်ပြီး လားရှိုး ဆေးရုံ သို့ပို့ဆောင်လိုက်သည့် သူများမှာ အသက် ၇ နှစ် အရွယ် ကျော်ထွန်း၊ အသက် ၈ နှစ်အရွယ် အေးလောင် နှင့် အသက် ၅နှစ် အရွယ် အောင်နိုင်တို့ ဖြစ်ကြောင်း သိရသည်။
“ လားရှိုးဆေးရုံပို့လိုက်တဲ့သူတွေက တယောက် က ခြေထောက်၂ဖက်ထိတယ်။ တယောက်က ခေါင်းထိတယ်။ နောက်တယောက်ကတော့ ပခုံးထိတယ်” ဟု ခမ်းမတ် ကပြောသည်။
gif;base64,R0lGODlhAQABAAAAACH5BAEKAAEALAAAAAABAAEAAAICTAEAOw==
ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာ အတွင်း နေအိမ်ဝန်းထဲတွင် မိုင်းပေါက်ကွဲမှုကြောင့် ကေလေး ၆ဦး ဒဏ်ရာရ၊ တဦးသေဆုံး ( ဓာတ်ပုံ – ဒေသခံတဦး )
ယမန်နေ့ ပေါက်ကွဲသည့် မိုင်းသည် ကိန်ခမ်းတို့၏ နေအိမ် ခြံဝန်းထဲတွင် ဖြစ်ပွားသဖြင့် ဒေသခံအား စိုးရိမ်ထိတ်လန့်မှု ဖြစ်စေခဲ့ကြောင်း လည်း ခမ်းမတ် က ပြောသည်။
“ ခြံဝန်းထဲမှာ ဖြစ်တော့ အားလုံးက တုန်လှုပ်နေကြတယ်။ ကိုယ်နေတဲ့အိမ် ၊ခြံတောင် မလုံခြုံတော့တာ။ မြို့ ပြင် တောထဲ မှိုတွေ သွားရှာဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး” ဟု လည်း ကွတ်ခိုင်ဒေသခံ စိုင်းမောင် က ပြောသည်။
ကွတ်ခိုင်မြို့ခံများသည် ယခုနှစ်အတွင်း တိုက်ပွဲ နှင့် ကိုဗစ်-၁၉ ကြောင့် စား ဝတ်နေရေးခက်ခဲလာကြကြောင်း စိုင်းမောင် က ပြောပြသည်။
“ ဒီနှစ်က ကျနော်တို့အတွက် အခက်ဖြစ်စေတယ်။ တိုက်ပွဲကြောင့် မြေမြုပ်မိုင်းလည်း ကြောက်ရ၊ ကိုဗစ်လည်းကြောက်ရ။ မနေ့က ကလေး၆ယောက် နေအိမ်ခြံဝင်းထဲမှာဆော့နေရင်းတောင်မှ မိုင်းပေါက်တာ တော်တော်လေးကို ကြောက်နေရတယ်” ဟု စိုင်းမောင် က ထပ်လောင်းပြောသည်။
ယမန်နေ့မိုင်းပေါက်ကွဲခဲ့သည့် ခိုတင်ကျေးရွာသည် ကွတ်ခိုင်မြို့နှင့် တမိုင်သာ ကွာဝေးပြီး ယမန်နှစ်က တိုက်ပွဲဖြစ်ပွါးသည့်ကာလ က အစိုးရ တပ်မတော် တပ်မ ၉၉ ၊ ခြေလျင်တပ်ရင်း ခလရ ၄၁၉ တပ်သားများ လာရောက် တည်းခိုခဲ့ဖူးသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
သို့သော် တပ်မတော်ထံမှ သီးခြားအတည်ပြုချက်မရခဲ့ပေ။
အဆိုပါဒေသတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မေတာ် TNLA နှင့် အစိုးရ တပ်မတော်တို့လှုပ်ရှား ပါသည်။