Friday, July 31, 2020

ပလက်ဝမြို့နယ်မှ ချင်းလူငယ်လေးဦးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း KACC သတင်းထုတ်ပြန်

ပလက်ဝမြို့နယ်မှ ချင်းလူငယ်လေးဦးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း KACC သတင်းထုတ်ပြန်
PUBLISHED 31 JULY 2020

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ချင်းလူငယ်လေးဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဇူလိုင် ၂၉ ရက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ငသရိုင်းကျေးရွာ၌ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC) က ဇူလိုင် ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ပလက်ဝမြို့နယ်တွင် နေထိုင်သည့် ချင်းလူငယ်လေးဦးသည် ကျောက်တော်မြို့နယ်၊ ငသရိုင်းကျေးရွာတွင် AA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့လေးဦးမှာ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရခြင်းကို သိရှိရခြင်း မရှိသေးကြောင်း KACC ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါဖမ်းဆီးခံရသူများသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အတူပြန်လာသည့် လူငယ်ခုနစ်ဦးအနက် လေးဦးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံများက KACC ထံ သတင်းပေးပို့ခဲ့ကြောင်းလည်း KACC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
AA အဖွဲ့၏ ဖမ်းဆီးခြင်းခံရသူလေးဦးအနက် တစ်ဦးမှာ အိုက်အောင်စိုးဆိုသူဖြစ်ပြီး ၎င်းသည် ပလက်ဝမြို့ အခြေစိုက် ချင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း KACC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ KACC အနေဖြင့် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံသို့့ သတင်းပေးပို့ထားပြီး ထူးခြားဖြစ်စဉ်များကိုလည်း လိုအပ်သလို သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း KACC က ကြေညာခဲ့သည်။
အလားတူ ပလက်ဝမြို့နယ်၊ တုန်းမဝကျေးရွာမှ ချင်းလူမျိုးတစ်ဦးဖြစ်သူ ဦးလှကျော်သည် ၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက် ဝန်းကျင်တွင် ကျေးရွာအတွက် ဆန်ရှာဖွေရန် ပီချောင်း၊ ငသရိုင်းဘက်သို့ သွားရောက်စဉ် AA အဖွဲ့ဝင် လူငယ်နှစ်ဦး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဇူလိုင် ၂၁ ရက်တွင် KACC က သတင်းထုတ်ပြန်ထားသည်။
KACC အနေဖြင့် ဦးလှကျော် လွတ်မြောက်ရေးအတွက် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ဇူလိုင် ၁၇ ရက်ခန့်တွင် ဦးလှကျော်၏ ရုပ်အလောင်းအား ၎င်း၏ မိသားစုဝင်များက ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ခဲ့ပြီး ဇူလိုင် ၁၉ ရက်တွင် တုန်းမဝကျေးရွာတွင် ခရစ်ယာန်ဘာသာရေးထုံးစံဖြင့် ဝတ်ပြုဆုတောင်း မြေချခဲ့ကြောင်း KACC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို တိုက်ပွဲနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသည့် အရပ်သားများ၏ အသက်အိုးအိမ်များကို လက်လွတ်စပယ် ဖျက်ဆီးပြုမှုခြင်းများအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း KACC က ဇူလိုင် ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment