KNU နှင့် RCSS ထောက်ပံ့ကြေးမယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
COVID-19 ကာလအတွင်း အပစ်ရပ်အဖွဲ့များကို အစိုးရက ထောက်ပံ့ပေးရာတွင် ကရင့်အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့က ထောက်ပံ့ကြေး တောင်းခံခဲ့ခြင်းမရှိကြောင်း သိရသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့မှာ COVID-19 ကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း အစိုးရ၏ ကူညီထောက်ပံမှုကို တောင်းခံထားခြင်း မရှိသကဲ့သို့ လက်ခံရရှိခြင်းလည်း မရှိဟု အပစ်ရပ်ခေါင်းဆောင်များ က ပြောသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက “အဲဒီကိစ္စကျ တော့ ကျနော်တို့ RCSS အနေနဲ့ကျတော့ စာတင်တာလည်း မရှိဘူးပေါ့နော။ နောက် ငွေလက်ခံခြင်း လည်း မရှိဘူးပေါ့။ အဓိကကတော့ ကျနော်တို့ စာမတင်ဘူးပေါ့။ စာမပို့ဘူးလေ ဘာဖြစ်လို့လဲဆိုတော့ ဒီ NRPC က ကူမယ်ဆိုရင်တော့ အဓိကကျတော့ သူက စာပေးပို့ရမယ်လေ စာပေးပို့ပြီးမှ ကူညီတဲ့ သဘော ပေါ့နော်။ ကျနော်တို့ RCSS ကျတော့ ကျနော်တို့ တောင်းထားတာ မရှိဘူးပေါ့” ဟု ပြောသည်။
NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့အနက် ၈ ဖွဲ့မှာ အစိုးရထံမှ ကူညီထောက်ပံ့မှုကို တောင်းခံထားသည့်အတွက် လက်ခံရရှိခြင်းဖြစ်ပြီး RCSS နှင့် KNU တို့မှာ အစိုးရထံ တင်ပြတောင်း ခံထားခြင်း မရှိသကဲ့သို့ လက်ခံရရှိထားခြင်းလည်း မရှိဟု ဆို သည်။
ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ရွှေခါးက “ကျနော်တို့ NCA- EAOs အဖွဲ့တွေ က တောင်းတာပေါ့နော်။ တောင်းတော့ RCSS၊ KNU ကတော့ မယူဘူးပေါ့။ ဆိုတော့ ကျန်တဲ့ ဒီ ၈ ဖွဲ့က တော့ ကျနော်တို့ ယူကြတာပေါ့နော်။ လိုအပ်ချက်အပေါ်မှာ တင်ပြချက်အပေါ်မှာ သူတို့ဖက်ကလည်း တွက် ချက် ပြီးတော့ ပေးတာ ဖြစ်ပါတယ်ပေါ့နော်။ အနည်းအများအလိုက်ပေါ့နော” ဟု ပြောသည်။
အစိုးရ၏ ထောက်ပံ့ငွေ ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ၏ သဘော ထားကို သိရှိနိုင်ရန်အတွက် KNU မှ ပြောရေးဆိုခွင့် ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှ COVID-19 ထိန်းချုပ်သည့် ကာလအတွင်း NCA အပစ်ရပ် ၈ ဖွဲ့၏ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများ စားဝတ် နေရေးအတွက် ထောက်ပံငွေပေးပို့ထားသည့် စာများမှာ လူမှုကွန်ရက်တွင် ပြန့်နှံ့နေခဲ့သည်။
အဆိုပါစာနှင့်ပတ်သက်၍ အစိုးရမှ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း NCA အပစ်ရပ် အဖွဲ့အ ချို့က အစိုးရထံမှ ထောက်ပံ့ငွေ လက်ခံ ရရှိကြောင်း သတင်းနှင့် မီဒီယာကွန်ရက် အား အတည်ပြုပြောဆို ထားသည်။
“ပထမက ကျနော်တို့က မိသားစုဝင်တွေနဲ့ ဆိုတော့ အဲဒီ COVID ကာလမှာ ကျနော်တို့ အခက်အခဲ ရှိတဲ့ ဟာ ကို ဖြေရှင်းပေးဖို့ပေါ့နော်။ ဒုတိယအနေနဲ့ ကျနော်တို့ ဒီ ကိုယ့်နယ်မြေအလိုက်မှာ COVID လုပ်ငန်း တွေ ဆောင်ရွက်နေရတာပေါ့နော် ဥပမာဆိုရင် awareness raising (အသိပညာ မြှင့်တင်ရေး) တို့ ပြီးတော့ တကယ်လို့ suspect case (သံသယ လူနာ) တွေ ရှိရင်လည်း quarantine (သီးခြားခွဲ စောင့်ကြည့်ခြင်း) တွေဘာတွေ လုပ်နိုင်အောင် ဆိုပြီးတော့မှ ရှိတယ်ပေါ့။ ပြီးတော့ ကျနော်တို့ တော်တော်များများ နယ်မြေတွေလည်း နယ်စပ်မှာပဲ ဆိုတော့ နယ်စပ်ကျော်လာရင် အဲဒါမျိုး တွေလို quarantine လုပ်နိုင်အောင်ဆိုပြီးမှ ကျနော်တို့ လုပ်တာပေါ့နော်။ ဆိုတော့ အဲဒါတွေအတွက်ပါ” ဟု ဒေါက်တာ ရွှေခါး က ပြောသည်။
အစိုးရထံမှ ထောက်ပံ့ငွေ ရရှိရန်အတွက် NCA-EAOs များအနေဖြင့် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းက အမျိုး သား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ထံသို့ စာတင်တောင်းခံထားခြင်းဖြစ်ပြီး စာထဲတွင် အဖွဲ့အစည်းအလိုက် အခက်အခဲ အခြေအနေ အရပ်ရပ်ကို တင်ပြရသည်ဟု မွန်ပြည်သစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ပြောသည်။
“ဟိုအရင် လွန်ခဲ့တဲ့ နှစ်ကရော နောက် COVID ကာလတွေရော ကျနော်တို့က ကျနော်တို့ ဒေသရော ကျ နော်တို့ တပ်ဖွဲ့ဝင်တွေရောက အခြေခံရိက္ခာအတွက် ဒီ အစိုးရက ရိက္ခာထုတ်ပေးတယ်လေ ပြည်သူတွေ ကို အဲဒီ အစိုးရ ရိက္ခာထုတ်တော့ ကျနော်တို့ ဒေသက မပါဘူးပေါ့နော်။ ကျနော်တို့ စိုးမိုးဧရိယာ မပါဘူး ကျနော်တို့ တပ်ဖွဲ့ဝင်အတွက် မပါဘူး။ အဲဒါကျနော်တို့က အခက်အခဲဖြစ်တယ်ဆိုတဲ့အကြောင်း အရင်က တင်ထား တာရှိတယ်။ ကျနော်တို့ အဖွဲ့က အခြေခံရိက္ခာအတွက် အဲလိုအခက်အခဲဖြစ်တယ်။ နောက်တော့ ဒီ COVID ကာလမှာ သွားရေးလာရေးတို့ ကုန်ဈေးနှုန်း ပြဿနာတို့ အဲလိုပေါ့ အခက်အခဲက တအားဖြစ် တယ်။ ဒါ ကြောင့်မို့လို့ ကူညီပေးပါလို့ အဲလိုတောင်းဆိုထားခဲ့တာရှိတယ်။ ၂၀၂၀ အတွင်းမှာပဲ တင်ထားတယ်။”
မွန်ပြည်သစ်ပါတီ NMSP ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC နှင့် ကရင် အမျိုးသား ဒီမိုကရေစီ အကျိုး ပြုတပ်မတော် DKBA တို့ အား ကျပ်သိန်း ၁၀၀၀ စီ၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO တို့အား ကျပ်သိန်း ၇၅၀၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နှင့် မြန် မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တို့အား ကျပ်သိန်း ၅၀၀ စီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အား ကျပ်သိန်း ၂၅၀ ထောက်ပံ့ ပေးခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာ တွင် တွေ့ရသည်။
NCA အပစ်ရပ် အဖွဲ့များအနေဖြင့် ဒေသအတွင်း COVID- 19 ကာကွယ်ထိန်းချုပ်ရန်နှင့် ပြည်သူများ၏ အ ခက် အခဲများကို ကူညီဆောင်ရွက်ပေးရန် အစရှိသည့် ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် NRPC ထံ အကူ အညီတောင်းခံခြင်းဖြစ်သည်ဟု ဆိုသည်။
NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှာ ကရင်အမျိုးသား အ စည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သားလွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင် အမျိုးသား ဒီမိုက ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU အဖွဲ့တို့ဖြစ်သည်။
No comments:
Post a Comment