Friday, July 31, 2020

ရခိုင်ပြည်နယ်အရေး ဖိအားပေးနေကြသည့် အဖွဲ့အစည်းများ နိုင်ငံရေးရည်မှန်းချက်ဖြင့် သိသိကြီး ဖိအားပေးနေခြင်းဖြစ်

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဖိအားပေးနေ ကြသည့်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ ပကတိအခြေ အနေမှန်ကို မသိရှိ၍မဟုတ်ဘဲ နိုင်ငံရေး ရည်မှန်းချက် တစ်ရပ်အနေဖြင့် သိသိကြီး ဖိအားပေးနေခြင်းမျိုးရှိနေသည်ကို သတိပြုရန်လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင်က ပြောဆိုသည်။
ဇူလိုင် ၃၀ ရက်ကပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၏ မြန်မာ နိုင်ငံအနေဖြင့် နိုင်ငံတကာမှ ဖိအားများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိရာ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် အခြေ အနေများကို နိုင်ငံတကာမှ ပိုမိုနားလည်သဘောပေါက်ကာ မြန်မာနိုင်ငံအပေါ် အမြင်ရှင်းလင်းလာစေရေးအတွက် လည်းကောင်း၊ နိုင်ငံတကာမှ ဖိအားများ လျော့ကျသွားစေ ရန်အတွက်လည်းကောင်း၊ နိုင်ငံနှင့် နိုင်ငံသားများ၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက်လည်းကောင်းနိုင်ငံတော် အစိုးရအနေဖြင့် သံခင်းတမန်ခင်းအရ မည်သို့ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား ၎င်းက ယင်းကဲ့သို့ ပြန်လည် ဖြေကြား ခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ပြည်တွင်း ဖြစ်ပေါ် တိုးတက်မှုရရှိစေရန်၊ လူ့အခွင့်အရေးစံနှုန်းများ မြင့်မားလာစေရန်နှင့် နိုင်ငံ့ပုံရိပ် မြှင့်တင် ရန်တို့ကို ကြိုးပမ်း ဆောင်ရွက်ရာတွင်လည်း သံတမန်များ၏ အင်အားတစ်ခုတည်းပေါ် တွင်သာ အားထား၍မရဘဲ လွှတ်တော်ကိုယ်စားလှယ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါ အဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အားနှင့် ညီညီညွတ်ညွတ်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
“တကယ်တော့ ယနေ့ဖိအားပေး လိုတဲ့၊ ဖိအားပေးနေကြတဲ့ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်ကို မသိလို့မဟုတ်ဘဲ နိုင်ငံရေးရည်မှန်းချက်တစ်ရပ် အနေနဲ့ သိသိကြီး ဖိအားပေးနေတာမျိုးလည်း ရှိတယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ထို့ကြောင့် လူ့အခွင့်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံ၏ပကတိအခြေအနေနှင့်အညီ မှန်မှန်ကန်ကန်ကြိုးပမ်းဆောင်ရွက်ကာ ပြည်တွင်းအခြေအနေ တိုးတက်မှု ရအောင်လုပ်ခြင်းဖြင့်သာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
“လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲမှုခံရတာ အများစုဟာ လက်နက် ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာဖြစ်ပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားပါက ယင်းစွပ်စွဲချက်များလည်း လျော့ပါးကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းသွားစေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင် စေရေးအတွက် ညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြရေးဟာ အလွန်အရေးကြီးလှ ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
အစိုးရအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံတော်၏ အကျိုးနှင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုကို မထိခိုက်အောင် အလေးထားပြီး လက်တွေ့ကျကျ နှင့် တရားမျှတစွာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒီလိုဆောင်ရွက်ရာမှာ မိမိတို့ နိုင်ငံရဲ့ အကျိုးစီးပွားကို ပျက်လိုပျက်စီး ပြုလုပ် လိုသူများ ထောင်ချောက်ဆင်ထားတဲ့အကွက်အတွင်း မဝင်ရောက်နိုင်ဖို့ အပြောအဆို၊ အပြုအမူများ အထူးသတိပြု ဆင်ခြင်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးကျော်တင်က ပြောဆိုသည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များနှစ်ပေါင်း ၇၀ကျော်ဖြစ်ပွားနေသည့် မြန်မာ နိုင်ငံ၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်ရလျက်ရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံရေးစနစ်အသစ်တစ်ရပ်ကို ကူးပြောင်းခဲ့ ချိန်၌ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုသည် အရှိန်ယူစဖြစ်နေသော်လည်း မြန်မာနိုင်ငံ သည် နိုင်ငံတကာအလယ်တွင် မျက်နှာပန်းပွင့်ခဲ့ကြောင်း ဒေါ်ထုမေက ပြောဆိုသည်။
သို့သော် ၂၀၁၇ခုနှစ်မှစတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အာဆာအကြမ်းဖက် အဖွဲ့ကို နှိမ်နင်းမှုများ ပြုလုပ်ပြီးခဲ့သည့် နောက်ပိုင်း ရခိုင်ပြည် နယ်အတွင်းဘင်္ဂါလီများနေရပ် စွန့်ခွာ ထွက်ပြေးရာမှ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားများ ဆက်တိုက်တိုးလာခဲ့ ကာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ သွားရောက် ရင်ဆိုင်ဖြေရှင်းရာတွင် မြန်မာတွင်သာမက ကမ္ဘာတွင်လည်း အထင် အရှားဖြစ်စေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“မြန်မာနိုင်ငံဟာနှစ်ပေါင်းကြာရှည်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံ၊ လူ့အခွင့်အရေးချိုးဖောက်မှုများရှိတဲ့နိုင်ငံ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုမြင့်မား တဲ့ နိုင်ငံ၊ အဂတိတရားလိုက်စားမှုမြင့်မားတဲ့နိုင်ငံ၊ တရားဥပဒေစိုးမိုးရေး အားနည်းတဲ့နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာတရားရင်ဆိုင်နေရတဲ့ နိုင်ငံ စတဲ့ နာမည်ဆိုးတွေကြောင့် နိုင်ငံရဲ့ပုံရိပ်ဟာအဆိုးဆုံးအခြေအနေမှာရှိပါတယ်” ဟု ဒေါ်ထုမေက ပြောဆိုသည်။
နိုင်ငံ၏ပုံရိပ်ကျဆင်းဆိုးရွားနေခြင်းသည် ယနေ့မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်မှုနည်းပါးခြင်း၊ အနောက်နိုင်ငံများက ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ် နေခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ပြောနိုင်သည့်အတွက် နိုင်ငံ၏ ပုံရိပ်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာညှိုး နွမ်းမှုသည် အလျင်အမြန်အဖတ်ဆယ်ရန် လိုအပ် လျက်ရှိနေကြောင်း ၎င်းက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
လက်ရှိအစိုးရအနေဖြင့် နိုင်ငံ တာဝန်ယူသည့်အချိန်မှ စ၍ ရခိုင်ပြည် နယ်အရေး ကိစ္စဖြေရှင်းရေးကို နိုင်ငံခြား ဆက်ဆံရေးတွင် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အလေး ပေးဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
“သံခင်း၊ တမန်ခင်းဆိုတာ နိုင်ငံတော်ကာကွယ်ရေးရဲ့ရှေ့တန်းမျက်နှာ စာဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ သံတမန်တွေအနေနဲ့ ရှေ့တန်းမျက်နှာစာမှာ ဘယ်လို နည်း ဗျူဟာ၊ ဘယ်လိုနည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာဟာ သိုသိပ်စွာ ဆောင်ရွက်ရတဲ့ကိစ္စဖြစ်တယ်ဆိုတာကို ဦးစွာအသိပေးတင်ပြလိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရခြင်းသည် ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များနှင့် အဓိကဆက်နွှယ်နေကြောင်း၊ ရခိုင်ပြည်နယ် ရှိ မတူညီသည့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုနှင့် ပဋိပက္ခများသည် ၂၀၁၂ ခုနှစ်ကတည်းက တစ်ကျော့ပြန်ကြီးထွားခဲ့ရာ လက်ရှိ အစိုးရလက်ထက်တွင် ယင်း ပြဿနာကို အမွေဆက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။
ထို့ပြင် လူ့အခွင့်အရေးစံနှုန်းများ တိုးတက်မြင့်မားလာစေရန်အတွက် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးစာချုပ်များကို အတည်ပြုပါဝင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာ မျက်နှာစာတွင် ကြုံတွေ့နေရသည့် ဖိအားများ လျော့ကျသွားစေရန် သက်သက်ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူများ၏ လူ့အခွင့်အရေးကို ပိုမိုကာကွယ် မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment