မြန်မာကို ICJ တွင် ဦးဆောင်တရားစွဲခဲ့သည့် ဂမ်ဘီယာနိုင်ငံ၏ တရားရေးဝန်ကြီး နုတ်ထွက်
28-Jun-2020
ဘန်ဂူ၊ ဇွန် ၂၇
ရခိုင်ပြည်နယ်တွင် လူမျိုးတုံး သတ်ဖြတ်မှုများရှိကြောင်း စွပ်စွဲချက်ဖြင့် အရေးယူပေးပါရန် နိုင်ငံတကာတရားရုံးသို့ ဦးဆောင်လျှောက်လဲခဲ့သည့် ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘေကာတမ်ဘာဒို ယမန်နေ့က ရာထူးမှနုတ်ထွက်သွားခဲ့ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
ဝန်ကြီးအဘူဘေကာတမ်ဘာဒိုသည် ဂမ်ဘီယာအာဏာရှင်ဟောင်းလက်ထက်က ကျူးလွန်ခဲ့မှုများကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့သူဖြစ်ကာ နာမည်ရသော ဝန်ကြီးဖြစ်သည်။
ဝန်ကြီးသည် ဇွန်လ ၃၀ ရက် မှစကာ အနောက်အာဖရိကနိုင်ငံလေး၏ ဝန်ကြီးနှင့် ရှေ့နေချုပ်အဖြစ်တို့မှ နုတ်ထွက်ကာ ကုလသမဂ္ဂသို့ သွားရောက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်က တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ တမ်ဘာဒိုသည် အာဏာရှင်ဟောင်းလက်ထက်က ပြုကျင့်ခဲ့မှုများကို စုံစမ်းစစ်ဆေးသည့် ဂမ်ဘီယာ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေး ကော်မရှင်၏ အဓိကကျသောနေရာမှ ပါဝင်ခဲ့သည်။
အာဏာရှင် ယာယာဂျာမားသည် ဗြိတိန်ကိုလိုနီဟောင်း ဂမ်ဘီယာကို ၂၂ နှစ်ကြာ ဖိနှိပ်အုပ်စိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် တိုင်းပြည်မှ ထွက်ပြေးသွားခြင်းဖြစ်သည်။
၎င်းကို ထောက်ခံသူများက တိုင်းပြည်ကို ပြန်လာခဲ့ရန် တောင်းဆိုနေကြပြီး အာဏာရှင်ကြီးဟောင်း ပြန်လာပါက ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် အဖမ်းခံရမည်ဖြစ်ကြောင်း ယခုနုတ်ထွက်သည့် တရားရေးဝန်ကြီးတမ်ဘာဒိုက ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ တရားရုံး၌ ဂျီနိုဆိုက်အမှုဖြင့် မြန်မာကို ဦးဆောင်တရားစွဲခဲ့ရာမှ နိုင်ငံတကာ မျက်နှာစာတွင်လည်း လူသိများလာသူ တစ်ဦးဖြစ်သည်။
ဂမ်ဘီယာသည် ဆင်းရဲနွမ်းပါးသော မွတ်စလင်လူများစုနိုင်ငံဖြစ်ကာ လူဦးရေ ၂ သန်းရှိသည်။ အာဖရိက ကုန်းမကြီးတွင် အသေးဆုံးနိုင်ငံလည်း ဖြစ်သည်။
တရားရေးဝန်ကြီးအဖြစ် ကိုယ်ကျိုး မဖက်ဘဲ မျိုးချစ်စိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဂမ်ဘီယာ၏ နိုင်ငံတကာ ပုံရိပ်ကိုလည်း မြှင့်တင်ခဲ့ကြောင်း သမ္မတ ဘာရိုးက ဝန်ကြီးတမ်ဘာဒိုကို ချီးကျူးပြောကြားခဲ့သည်။
No comments:
Post a Comment