Sunday, June 28, 2020

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုတွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ဘေးရှောင်များ ဘေးလွတ်ရာထွက်ပြေးနေရ

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုတွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ဘေးရှောင်များ ဘေးလွတ်ရာထွက်ပြေးနေရ
28-Jun-2020

ရန်ကုန်၊ ဇွန် ၂၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာ အုပ်စုအတွင်းမှ စစ်ဘေးရှောင်များ နီးစပ်ရာ ကျေးရွာအသီးသီးသို့ ရောက်ရှိနေကြကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

တပ်မတော်မှ နယ်မြေရှင်းလင်းမည်ဟု စာထုတ်ပြီးနောက်ပိုင်းတွင် ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် အဆိုပါ ကျောက်တန်းကျေးရွာအုပ်စုအတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ဘေးရှောင်များ နီးစပ်ရာ ထွက်ပြေးနေကြရကြောင်း၊ ၎င်းတို့အတွက် အကူအညီများ လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆက်လက်ပြောကြားသည်။

“ကျေးရွာတွေက စစ်ဘေးရှောင် တွေအတွက် ကူညီထောက်ပံ့မှုတွေ လုပ်နေကြပါတယ်။ ကျွန်မတို့ကလည်း ဝိုင်းဝန်းထောက်ပံ့ဖို့ လုပ်နေကြပါတယ်။ ကျောက်တန်းတိုက်နယ်ထဲမှာ ကျေးရွာ ၄၃ ရွာလောက်ရှိတော့ ဘယ်နေရာတွေ မှာ ဖြစ်ပွားနေတယ် ဆိုတာကတော့ မသိရဘူး။ အချို့ ရွာတွေမှာ ဖြစ်တာပေါ့။ ၄၃ ရွာလုံးမှာ ဖြစ်တာတော့မဟုတ်ပါဘူး။ လက်နက်ကြီးသံတွေ ကြားနေရတော့ ထွက်ပြေးတဲ့သူတွေ ထွက်ပြေးကြတယ်။ ဒီနေ့မနက်လောက်ထိ တိုက်ပွဲတွေ ဖြစ်နေတာ ကြားပါတယ်” ဟု ၎င်းက ဇွန်လ ၂၇ ရက်နေ့က ပြောကြားသည်။

တပ်မတော်အနေနှင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ တစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်းကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အနီးနားရွာများမှ ခေတ္တ ရှောင်ပေးရန် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက် နေ့က အကြောင်းကြားခဲ့သည်။

အဆိုပါ ကျောက်တန်းကျေးရွာ အနီးပတ်ဝန်းကျင် ကျေးရွာများတွင် AA လက်နက်ကိုင်အဖွဲ့က ဖြန့်ခွဲလှုပ်ရှားနေသည့် သတင်းများရထားသည့်အတွက် ၎င်းတို့နှင့် ပတ်သတ်ဆက်နွှယ်သူများကို လက်မခံထားကြရန်နှင့် အဆိုပါ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားလာပါက ရွာသူရွာသားများ ထိခိုက်မှုမရှိစေရန် ခေတ္တ တိမ်းရှောင်ပေးကြရန် အကြောင်းကြားထားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment