ကျောက်မဲတွင် အရပ်သားတစ်ဦး အပစ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇွန် ၃ဝ
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ ပန်ကျန်ကျေးရွာတွင် ဇွန်လ ၂၉ရက်နေ့ သီပေါမြို့ အခြေစိုက်နှင့် နောင်ချိုအခြေစိုက် တပ်မတော်စစ်ကြောင်းများ ရွာအတွင်းသို့ဝင်ရောက်လာသည်ကို တွေ့မြင်သောကြောင့် ရွာအတွင်းမှ ထွက်ပြေးသော ပန်ကျန်ကျေးရွာသား ကိုလုံးစု အပစ်ခံရပြီး သေဆုံးသွားကြောင်း နမ့်ခုံးရှမ်းများပရဟိတခွဲကျောက်မဲအသင်း ဥက္ကဋ္ဌ ကိုစိုင်းကူးကပြောဆိုသည်။
“ တပ်မတော်က ပန်ကျန်ရွာရောက်တော့ အဲဒီ ကိုလုံးစု ဆိုတဲ့ သေသွားတဲ့တစ်ယောက်က အိမ်ရှေ့ထွက်လာပြီးတော့ စစ်ကြောင်းမြင်တော့ ထွက်ပြေးတယ်ပေါ့။ ထွက်ပြေးတော့ မထင်မှတ်ဘဲနဲ့ ပစ်ခတ်မှုလား မတော်တဆမှုလားတော့ မသိဘူး။ အဲမှာတင် ပွဲချင်းပြီးသေသွားတယ်” ဟု ကိုစိုင်းကူးကပြောဆိုသည်။
ထိုဖြစ်စဉ်တွင် အက်ကီကျေးရွာတစ်ဦးဖြစ်သူ ကိုလုံးမောင် ဆိုသူလည်း တပ်မတော်၏ လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ၎င်းကပြောဆိုသည်။
“ ကိုလုံးမောင်ကျတော့ သူက အက်ကီရွာသား အဲဒီရွာမှာ စစ်တပ်ကလာပြီးတော့ စခန်းချတဲ့အချိန်မှာ သူတို့က လမ်းမသိလို့ဆိုပြီးတော့ လုံးမောင်ကို လမ်းပြအနေနဲ့ခေါ်သွားတာ။ ခေါ်သွားတော့ ပန်ကျန်ရွာရောက်တော့ မေးတာပေါ့။ ဒီရွာမှာ သူပုန်ရှိလား။ အဲလိုမျိုးမေးတယ်ပေါ့။ မေးတော့သူက မရှိဘူးပေါ့။ ရွာသားတွေပဲရှိတယ်ပေါ့။ သူအဲလိုဖြေလိုက်တာ အဲဒီချိန်မှာ ကိုလုံးမောင်ပြောချက်အရဆိုရင် စစ်တပ်ကိုမြင်တော့ သေသွားတဲ့ ကိုလုံးစုက ထွက်ပြေးတယ်။ ထွက်ပြေးတော့ မင်းတို့ပြောတော့ သူပုန်မရှိဘူး။ ဟိုမှာ ထွက်ပြေးတယ်ဆိုပြီးတော့ အဲမှာ ပစ်ထည့်လိုက်တာ ပြီးတော့ ကိုလုံးမောင်ကိုလည်း စစ်ဆေးမှုတွေ လုပ်ပြီးတော့ ခေါင်းမှာဒဏ်ရာရခဲ့တယ်။ ကိုလုံးမောင်က အဲလောက်တော့ ပြန်ပြောပြနိုင်တယ်ပေါ့။ စစ်ဆေးမှုတွေ လုပ်နေရင်း သူလည်း သတိလစ်သွားတော့ မသိဘူးပေါ့။ သူ့ကို ပန်ကျန်ဘုန်းတော်ကြီးကနေပြီးတော့ကိုလုံးမောင်ကို သူ့ကားနဲ့ ပန်လော့ကျောင်းရှေ့ကို သယ်ခဲ့ပေးတာ ပန်လော့ကျောင်းရောက်မှ အဲမှာ သူသတိရတော့ အဲဒီ ပန်လော့ ရဲ့အုပ်ချုပ်ရေးမှူး ဦးလှဝင်းကနေပြီးတော့ ကျွန်တော်တို့ နမ့်ခုံးရှမ်းများ ပရဟိတ အသင်းကို ဆက်သွယ်ပြီးတော့မှ ကျွန်တော်တို့က သွားသယ်လာတာပေါ့” ဟု ကို စိုင်းကူးကပြောဆိုသည်။
အဆိုပါ နယ်မြေများအတွင်း ဇွန်လ ၂၆ရက်နေ့က တပ်မတော်နှင့် RCSS တို့ကြားပစ်ခတ်မှု ဖြစ်ပွားနောက် ပန်ကျန်ကျေးရွာသားများနှင့် အက်ကီကျေးရွာသားများတိုက်ပွဲရှောင်ရှားနေခဲ့ကြကြောင်း ၊ ရွာတွင် ကျန်ခဲ့သော ကျွဲ၊နွားများကို ကြည့်ရှုရန် ရွာသားတချို့ ကျေးရွာတွင် ကျန်ရစ်နေစဉ် ဇွန်လ ၂၉ရက်နေ့က အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်၏ သဘောထားမှတ်ချက်ရယူရန်အတွက် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။
https://www.facebook.com/khitthitnews/photos/a.386800725090613/952062225231124/?type=3&__tn__=-R
No comments:
Post a Comment