ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာတာ နှစ်ချီလာပေမယ့် အခုအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး လတ်တလောမှာကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲ တပ်စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေး လုပ်မှာဖြစ်လို့ ကျေးရွာတွေမှာ မနေဘဲ ခေတ္တရှောင်တိမ်းနေကြဖို့ ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားပြီးတဲ့နောက်မှာ ဒေသခံပြည်သူ ထောင်ချီ တိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။
အခုအချိန်ထိ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ကျေးရွာပေါင်း ၄၃ ရွာထဲက ရွာသူရွာသားတွေ တိမ်းရှောင် ထွက်ပြေးလာနေကြပြီး သူတို့လိုအပ်ချက်တွေကို လိုက်လံကူညီပေးနေတဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခြေအနေကို ပြောပြပါတယ်။
“အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေကနေ တော်တော်များများ ထွက်ပြေးလာနေကြတာတွေကို တွေ့နေရပါတယ်။ ဥပမာ နီးစပ်ရာ ကျေးရွာတွေဆီ ပြေးကြတယ်၊ နောက် ရသေ့တောင်မြို့ပေါ်ကို ပြေးကြတယ်။ နောက် စစ်တွေမြို့ပေါ်အထိကို ပြေးကြတာ တွေ့ရတယ်။ အခုလို အစိုးရဘက်က နယ်မြေရှင်းလင်းမယ်လို့ တရားဝင်ထုတ်လိုက်တဲ့ စာအတွက် အနီးအနားမှာရှိတဲ့ ကျေးရွာတိုင်းလိုလိုက အကုန်လုံး ထွက်လာကြပြီးတော့ အကုန်ထွက်ပြေးလာကြတာ တွေ့ရပါတယ်။ ဘယ်သူမဆိုပေါ့နော် တိုက်ပွဲတွေကြားမှာ ညပ်ပြီးတော့ ဒဏ်ရာရမှာကို အားလုံးက စိုးရိမ်ကြတယ်။ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတဲ့ကြားထဲမှာ နေရတဲ့ ကျေးရွာသူ ကျေးရွာသားတွေဟာ အခုဆိုရင် မြေစာပင်အဖြစ် ဒုက္ခတွေအများကြီးကို ရင်ဆိုင်ပြီး ဒုက္ခရောက်နေကြရတယ်။
“ဒီစာထုတ်လိုက်တဲ့ အတွက်ကြောင့် နိုင်ငံတော်အနေနဲ့လည်း ဥပမာ ပြည်နယ်အစိုးရပေါ့ ဒါဟာ သူတို့ တရားဝင်ထုတ်ပြန်တဲ့စာအရ ဒေသခံ ကျေးရွာသူ ကျေးရွာသားတွေ ထွက်ပြေးလာကြမယ် ဆိုတာလည်း သူတို့ ကြိုတင်သိပြီးသားပါ။ အဲ့ဒီ့အတွက် သူတို့ရဲ့ သွားရေးလာရေး လုံခြုံရေးကို အစိုးရတရပ်အနေနဲ့ တာဝန်ယူသင့်တယ်လို့ ကျမပြောချင်ပါတယ်။”
လတ်တလောမှာတော့ ရသေ့တောင်မြို့နယ်တွင်း တိမ်းရှောင် ထွက်ပြေးလာတဲ့သူတွေ၊ ရွာတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပိတ်မိနေတဲ့သူတွေကို သွားရောက်ခေါ်ဆောင်နိုင်အောင် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ဌေးက ပြောပြပါတယ်။
“လောလောဆယ် အဲ့ဒီ့ ကြိမ်သာဆိုတဲ့ရွာမှာ မီးရှို့ခံရလို့ ပိတ်မိနေတဲ့သူ အယောက် ၃၀ လောက် ပိတ်နေတာရှိတယ်လို့ ဒေသခံတွေက အကြောင်းကြားလို့ ကျနော်တို့ ဒီ ရသေ့တောင်မှာက မေယုဒေသဖွံ့ဖြိုးရေးအဖွဲ့ ဆိုတာရှိတယ်။ အဲဒီ မေယုဒေသဖွံ့ဖြိုးရေး ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ဦးဆောင်ပြီးတော့ သွားပြီး ကယ်ထုတ်နေတယ်။ ဒီနေ့မနက် သွားကြတယ်။ အမှန်တကယ် အဲဒီမှာ နေလို့မရဘူးလို့ စာထုတ်ရင် နေလို့ရမယ့်နေရာ စီစဉ်ပေးရမယ် ဆိုတဲ့ဟာကို ဝေဖန်နေကြတယ်ပေါ့နော်။ အခုက ချက်ချင်းဖယ်ခိုင်းတယ်၊ ချက်ချင်း ဝင်တိုက်တယ် ဆိုတော့။ အဓိက အခက်အခဲကတော့ နေရေးပေါ့နော်။ အခုက သူတို့က ရတဲ့နေရာတွေမှာ ဖြစ်သလိုနေနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အခုအချိန်မှာက ရခိုင်မှာက မိုးကလည်း အရမ်းရွာနေတာ။”
ရခိုင်ပြည်နယ်တွင်း စစ်မီးတွေငြိမ်းနိုင်ဖို့ အလားအလာ မျှော်လင့်ချက်၊ နိုင်ငံရေး နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါ့မလား ဆိုတဲ့အပေါ်မှာတော့ ရခိုင်အမျိုးသားကောင်စီ (ANC) ရဲ့ အတွင်းရေးမှူး ဦးထွန်းဇော်က အခုလို သုံးသပ်ပါတယ်။
“အခု ရသေ့တောင်မြို့နယ်မှာ ရခိုင်ပြည်နယ် အစိုးရရဲ့ နယ်လုံဝန်ကြီးက နေပြီးတော့ စာထုတ်ပြီး လုပ်တဲ့ကိစ္စကတော့ သူတို့ကျူးလွန်တဲ့ ဖြတ် ၄ ဖြတ် မဟာဗျူဟာ စီမံကိန်းအောက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ နောက် လူသားဖြစ်တည်မှုကို ခြိမ်းခြောက်နေတဲ့ ရာဇဝတ်မှုတွေကို အကာအကွယ်ယူလိုတဲ့ သဘောနဲ့ လုပ်တယ်လို့ ကျနော်တို့မြင်တယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို သူက ကာကွယ်ရတယ်ဆိုတဲ့ အခြေခံအောက်မှာ သူလုပ်တာဖြစ်တယ်။
“ဒီနေ့ ဘာကြောင့် စစ်ဖြစ်လဲဆိုတဲ့ အကြောင်းရင်းခံကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြတဲ့အခါ တန်းတူညီတူ ဂုဏ်သိက္ခာရှိမှုအပေါ် အခြေခံပြီးလုပ်တာ မဟုတ်တဲ့အတွက် ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတာပေါ့နော်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို တပ်မတော်ဘက်က တန်းတူညီတူ ဂုဏ်သိက္ခာရှိစွာနဲ့ ဆက်ဆံတဲ့ ပြုမူတဲ့ အပြုအမူမျိုး မလုပ်တဲ့အတွက် ဒီနေ့ ကျနော်တို့ စစ်ပွဲဆိုတဲ့ သံသရာမှာ လည်နေကြရတယ်။ ဆိုတော့ တပ်မတော်ရဲ့ နိုင်ငံရေးဆန္ဒ တကယ်ရှိတယ်ဆိုရင် ဒီစစ်ရေးပြဿနာကနေပြီးတော့ နေ့ချင်းညချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာလို့ မြင်ပါတယ်။”
ရခိုင်ပြည်နယ်တွင်းက စစ်ရေးပြဿနာတွေကို လွှတ်တော်ကနေတဆင့် ဖြေရှင်းနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း ကြိုးစားသွားမယ်လို့ ရခိုင်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။
“အခု ကျမတို့ လွှတ်တော်သက်တမ်းမှာလည်း အရေးကြုံလာတယ်ဆိုရင် ကျမတို့ ရခိုင်အမျိုးသားပါတီ အနေနဲ့ရော လွှတ်တော်အနေနဲ့ရော ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ရော သူတို့ကို ဘယ်လိုကူညီရမလဲ ဆိုတာကိုတော့ ကျမတို့ အစီအစဉ်ချဖို့တော့ ရှိပါတယ်ရှင့်။ နောက်တချက်ကလည်း ဒီလိုစာထုတ်တဲ့အပေါ်ကို ကျမတို့ဘက်က တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်။ အဲဒီအတွက် ပြည်သူနဲ့ထပ်တူ ခံစားရပါတယ်။
“အဲဒီအတွက်ကြောင့် ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ငြိမ်းချမ်းရေးကို အမြန်ဆုံးလုပ်ကြပါ၊ တိုက်ပွဲတွေကို အမြန်ဆုံးရပ်ဆိုင်းပေးပါ၊ အခုချိန်ထိ COVID-19 ရောဂါကလည်း ဖြစ်နေပါတယ်။ နောက်တခါ အခု ရွေးကောက်ပွဲကလည်း နီးနေပြီဖြစ်တဲ့အတွက် ဒါတွေကို နှစ်ဦးနှစ်ဖက်က တွေ့ဆုံညှိနှိုင်း အဖြေတခုရှာပြီးတော့ ကျမတို့ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီးသွားဖို့အတွက် ကျမအနေနဲ့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်ရှင်။”
ရခိုင်ပြည်နယ်တွင်း စစ်ဖြစ်နေတဲ့ မြို့နယ်တွေမှာ ဇွန်လအစောပိုင်းအထိ စစ်ရှောင်ပြည်သူပေါင်း ၁၀၆,၄၀၀ ကျော်အထိ ရှိခဲ့သလို လတ်တလော AA နဲ့ မြန်မာအစိုးရတပ်ကြား တိုက်ပွဲတွေအပြင် နယ်ခြားစောင့် ရဲစခန်းတွေကို တိုက်ခိုက်တာတွေလည်း ရှိထားပါတယ်။ ခုချိန်ထိကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခ အရှိန်လျော့သွားမယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။

No comments:
Post a Comment