Sunday, June 28, 2020

ရသေ့တောင်မြို့နယ်တွင်း စစ်ရေးတင်းမာမှု အခြေအနေ ကုလစိုးရိမ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု အနီးတဝိုက်မှာ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
လူဦးရေ ၁၀,၀၀၀ ကျော်ရှိတဲ့ ဒေသကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သတင်းတွေကြောင့် စိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
ကျောက်တန်းကျေးရွာအုပ်စုမှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ညွှန်ကြားချက် ထွက်ပေါ်ခဲ့ပြီးနောက် ဒေသခံတွေ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
ညွှန်ကြားချက်ကိုတော့ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ဒီကနေ့ပဲ ဗွီအိုအေကို အတည်ပြုခဲ့တာပါ။ ညွှန်ကြားချက်နဲ့ ပတ်သက်လို့ နားလည်မှု လွဲခဲ့တဲ့အတွက် ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။
မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ သံရုံးတွေကလည်း ကျောက်တန်းကျေးရွာအုပ်စုမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ လုပ်မယ့်အပေါ် စိုးရိမ်ကြောင်း မနေ့တုန်းကပဲ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။
ဒီကနေ့ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာတော့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ကြုံနေရချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့လည်း သတိပေးထားပါတယ်။

No comments:

Post a Comment