Sunday, June 28, 2020

ရသေ့တောင်မြို့နယ် ကျေးရွာ ၅ ရွာကို တပ်မတော်က နယ်မြေရှင်းလင်းရေးစတင်

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာကို တပ်မတော်က နယ်မြေရှင်းလင်းရေး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက မြန်မာတိုင်းမ်ကို ယနေ့ဇွန် ၂၈ ရက်တွင် ပြောသည်။
ကျောက်တန်းကျေးရွာအပါအဝင် ၎င်းကျေးရွာအနီးရှိ ရွာ(၅)ရွာတွင် ရခိုင်လက်နက်ကိုင်(AA) ဝင်ရောက်လှုပ်ရှားနေသဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။"ရွာတွေမှာ လူတွေမရှိတော့ပါဘူး။သူတို့ ရသေ့တောင်မြို့ပေါ်ရောက်နေကြပါပြီ။ တပ်မတော်က အဲဒီနေရာတွေကစပြီး တိုက်နေပါပြီ" ဟု ၎င်းက ပြောသည်။
ကျောက်တန်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်မည်ဖြစ်၍ ဒေသခံများအနေဖြင့် AA အဖွဲ့ဝင်များအား လက်ခံထားခြင်းမပြုရန် ၊တိုက်ပွဲဖြစ်ပွားပါက ဒေသခံအရပ်သားများအနေဖြင့် ကျေးရွာများအတွင်းနေထိုင်ခြင်းမပြုဘဲ ယာယီ တိမ်းရှောင်ပေးရန် ပြီးခဲ့သည့် ဇွန် ၂၅ ရက်က ဗိုလ်မှူးကြီးမင်းသန်းက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါညွှန်ကြားချက်ကြောင့် ကျေးရွာအများအပြားမှအရပ်သားများသည် စိုးရိမ်မှုမြင့်တက်ကာ ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးမှုများဖြစ်ပေါ်လာပြီးနောက် တပ်မတော်၏ “နယ်မြေ ရှင်းလင်းရေး” ဟူသည့် အသုံးအနှုံးမှာ နားလည်မှု လွဲမှားနိုင်သဖြင့် ဆောင်ရွက်ခြင်း မပြုရန် အစိုးရက တပ်မတော်အား ညွှန်ကြားခဲ့သည်။
ထို့ကြောင့် ဗိုလ်မှူးကြီးမင်းသန်းသည် မူလက ၎င်းထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းကြောင်း ဇွန် ၂၅ ရက်တွင် ထပ်မံထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်ကို ရုပ်သိမ်းခြင်းဖြစ်သော်လည်း တပ်မတော်က မူလစီစဉ်ထားသည့်အတိုင်း ကျေးရွာ ၅ ရွာတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပြီဖြစ်သည်။"ကျောက်တန်းအပါအဝင် ၅ ရွာပဲ နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ပြောခိုင်းတာ။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက သဘောပေါက်လွဲပြီး ၄၂ ရွာတောင်ပြောလိုက်တယ်။ အဲဒါကို လွဲသွားတာ။ ဒါကြောင့် အဲဒါကို ဖျက်လိုက်တာ။ အခုလည်း တပ်မတော်က ကျောက်တန်းနားမှာ စပြီးလုပ်နေပြီ" ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
အမေရိကန်၊ကနေဒါ၊ဗြိတိန်နှင့် သြစတြေးလျသံရုံးတို့က စစ်ဆင်ရေးများ၏ သမိုင်းကြောင်းဆိုင်ရာသက်ရောက်မှုများသည် အရပ်သားပြည်သူများအား အချိုးအစားမမျှတစွာ ထိခိုက်မှုများဖြစ်ပေါ်စေကြောင်း ဝေဖန်ခဲ့သည်။

No comments:

Post a Comment