ဂူတာပြင် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တပ်မတော်တာဝန်ရှိသူ ၃ ဦးကို အရေးယူ
စိုင်းဝဏ္ဏ 30 JUN 2020 | မြန်မာတိုင်းမ်နေ့စဉ်
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား ရခိုင်လက်နက်ကိုင်အဖွဲ့ AAက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ပြ မြေပုံ။ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား ရခိုင်လက်နက်ကိုင်အဖွဲ့ AAက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ပြ မြေပုံ။ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ဂူတာပြင်ကျေးရွာ၌ လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခဲ့သည့် တပ်မတော်အရာရှိနှင့် စစ်သည် ၃ဦးကို ပြစ်ဒဏ်ချမှတ်အရေးယူလိုက်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။
" ကျွန်တော်တို့ ပြစ်ဒဏ်တွေကိုချမှတ်ပြီးပြီ။ ပြစ်ဒဏ်ကျခံနေပြီ " ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အရာရှိနှင့် စစ်သည်များ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသလို ၎င်းတို့အပေါ်ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များကိုလည်း ထုတ်ဖော်ပြောဆိုမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
" အကြောင်းနှစ်ချက်ကြောင့်ဖြစ်တယ်။ နံပါတ်(၁)က ဒီစစ်သည်တွေက နိုင်ငံတော်ကာကွယ်ရေး၊လုံခြုံရေးနဲ့ ဒေသတည်ငြိမ်အေးချမ်းရေး တာဝန်ကိုထမ်းဆောင်ရင်းနဲ့ လုပ်မှားကိုင်မှားဖြစ်ခဲ့တဲ့ သူတွေဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ တာဝန်ထမ်းဆောင်မှုကို ထောက်ထားရပါတယ်။နံပါတ်(၂)ကတော့ တပ်မတော်သားတွေရဲ့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ချင်စိတ်နဲ့ ရဲဘော်ရဲဘက်စိတ်ကို မထိခိုက်စေဖို့အတွက်ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပြစ်ဒဏ်တွေကို ထုတ်ပြန်ချက်မှာ မထည့်သွင်းရတာဖြစ်ပါတယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဂူတာပြင်ကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မွတ်ဆလင် ၁၉ ဦးကိုသတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာ၏ စွပ်စွဲပြောဆိုခြင်းကို ၂၀၁၈ ခုနှစ် အစပိုင်းက ရင်ဆိုင်ခဲ့ရသော်လည်း ကနဦးတွင် အစိုးရက ဖြစ်စဉ်မမှန်ကြောင်း ငြင်းဆန်ခဲ့သည်။
သို့သော်လည်း နိုင်ငံတကာဖိအားများ ပိုမိုကျရောက်လာပြီးနောက် အစိုးရက စုံစမ်းစစ်ဆေးရန် ညွန်ကြားခဲ့ရာ တပ်မတော်က ဗိုလ်ချုပ်မြတ်ကျော်ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံးကို ၂၀၁၉ခုနှစ် မတ်လအတွင်းက ဖွဲ့စည်းခဲ့သည်။
စုံစမ်းစစ်ဆေးရေးခုံရုံးက ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့်စစ်ဆေးစီရင်ရန် အကြံပြုချက်အရ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်းစစ်တရားရုံးချုပ်ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား နိုဝင်ဘာလ ၂၆ ရက်တွင် ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ စတင်ခဲ့ပြီး ၂၀၂၀ ဧပြီ ၃၀ ရက်တွင် ပြီးစီးခဲ့သည်။
၂၀၁၇ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုနောက်ဆက်တွဲ ဂူတာပြင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်၌ ပါဝင်ပတ်သက်ခဲ့သည့် တပ်မတော်အရာရှိများနှင့် အခြားအဆင့်များအားစစ်ဆေးနေသည့် တပ်မတော်အကျဉ်းစစ်တရားရုံး၏ အမြင့်ဆုံးပြစ်ဒဏ်မှာ သေဒဏ်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစိုးရကသီးခြားဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) ၏ အပြီးသတ်အစီရင်ခံစာသည် ပြီးခဲ့သည့် ဇန်နဝါရီလတတိယပတ်တွင် နိုင်ငံတော်သမ္မတထံ ရောက်ရှိခဲ့သည်။
ကော်မရှင်၏ အစီရင်ခံစာတွင် အစုလိုက်အပြုံလိုက်သေဆုံးမှုများသည် မင်းကြီး၊ချွတ်ပြင် ၊မောင်နု နှင့် ဂူတာပြင်ကျေးရွာများ၌ ဖြစ်ပေါ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
မောင်နု၊ချွတ်ပြင်နှင့် မင်းကြီးကျေးရွာများတွင်ဖြစ်ပေါ်ခဲ့သော အစုလိုက်အပြုံလိုက်သေဆုံးမှုများအတွက် ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဟု တပ်မတော်က ဆိုသည်။
တပ်မတော်
No comments:
Post a Comment