အောင်သန့်ခိုင် 30 JUN 2020 | မြန်မာတိုင်းမ်နေ့စဉ်
ကျောက်မဲမြို့တွင်းတစ်နေရာကိုတွေ့ရစဉ်။ဓာတ်ပုံ - ပေးပို့
ကျောက်မဲမြို့တွင်းတစ်နေရာကိုတွေ့ရစဉ်။ဓာတ်ပုံ - ပေးပို့
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်တွင် ဇွန် ၂၅ ရက်မှစ၍ နေရာ ၄ခု၌ တိုက်ပွဲထိတွေ့မှုများကြောင့် ယနေ့ဇွန် ၃၀ရက်အထိ တိုက်ပွဲရှောင်သူဦးရေ ၆၀ဝ ကျော်ရှိလာပြီး စောင့်ရှောက်ရေးကော်မတီဖွဲ့စည်း ကူညီသွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်(၂) ဦးစိုင်းထူးဉာဏ်က ပြောသည်။
တိုက်ပွဲရှောင်သူများမှာ ပန်လော့ဘုန်းကြီးကျောင်းတွင်၂၀ဝ ကျော်၊ နောင်ပိန်မြို့၊အောင်ဓမ္မာရုံတွင် ၄၀ဝ ကျော်နှင့်နောင်ပန်ဘုန်းကြီးကျောင်းတွင် ၈၀ ကျော်ရှိပြီး လတ်တလောတွင် အလှူရှင်များလှူဒါန်းမှုဖြင့် စောင့်ရှောက် ထားကာ အိမ်ထောင်စု ၄၀ဝ ကျော်အတွက် အရေးတကြီးထောက်ပံ့နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု ဆိုသည်။
“လုပ်ပေးမှာက တိုက်ပွဲရှောင်စောင့်ရှောက်ရေးကော်မတီဖွဲ့ပြီး ကျန်းမာရေးအဖွဲ့တွေ အချိန်မီ ရောက်နိုင်အောင်၊ တိုက်ပွဲဆက်မဖြစ်အောင်လွှတ်တော်ကိုယ်စားလှယ်တွေက ဆောင်ရွက်ပြီး ပံ့ပိုးရေးပိုင်းကို တိုက်ပွဲရှောင်ဘယ်လောက်ဆိုတာ အုပ်ချုပ်ရေးမှူးရုံးကနေ သက်ဆိုင်ရာ လူ/ကယ်/ပြန်ကို တင်ပြမယ်။အခြားကူညီတာတွေကို ပရဟိတအဖွဲ့တွေကလုပ်ပေးနေတယ်”ဟု ၎င်းက ပြောသည်။
တိုက်ပွဲထိတွေ့မှုမှာ ပန်လော့ကျေးရွာအုပ်စု၊နမ်းဖာကျယ်နှင့် ပိန်းနင်ကြား၊ဖဲခွီကျေးရွာအုပ်စုမှ ပန်ကျန်နှင့် ရေဆယ်ကြား ၄ နေရာဖြစ်သည်။ ဖြစ်စဉ်အတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့ရာမှ အသက် ၅၀ အရွယ် ရွာသားတစ်ဦးသေဆုံး၊၂ ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကို နောင်ပိန်တိုက်နယ်ဆေးရုံနှင့် တစ်ဦးကို ကျောက်မဲဆေးရုံသို့တင်ပို့ထားကာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
“တိုက်ပွဲမဖြစ်တာအကောင်းဆုံးပဲ။မတတ်နိုင်လို့ ဖြစ်တယ်ဆိုရင် ရွာတွေနဲ့နီးရာမဖြစ်ဖို့နဲ့ ပြည်သူကို လူသားတွေအဖြစ်သတ်မှတ်ပြီး အသုံးမချစေချင်ဘူး။ပြည်သူက သေတဲ့အထိ ဖြစ်လာတာ မကောင်းဘူး။နိုင်ငံရေးအရ ဆွေးနွေးတာအကောင်းဆုံးပဲ။စစ်ရေးအရသွားမယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ နည်းလမ်းမရှိဘူး”ဟု ကျောက်မဲမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်(၁)မှ ဦးစိုင်းထွန်းဝင်းက ပြောသည်။
တိုက်ပွဲရှောင်များနှင့် ဒဏ်ရာရရှိသူများထံ ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများသွားရောက်၍ အားပေးခဲ့ပြီး ဆက်လက်၍ ကူညီမှုများလုပ်ဆောင်ရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။
တိုက်ပွဲ
No comments:
Post a Comment