စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး ဓားဖြင့်ထိုးသတ်ခံရ
စိုင်းဝဏ္ဏ 30 JUN 2020 | မြန်မာတိုင်းမ်နေ့စဉ်
စစ်တွေ- ရေချမ်းပြင်သွားကားလမ်း၌ AAလက်နက်ကိုင်အဖွဲ့ ထောင်ထားသည့်ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံး။ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
စစ်တွေ- ရေချမ်းပြင်သွားကားလမ်း၌ AAလက်နက်ကိုင်အဖွဲ့ ထောင်ထားသည့်ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံး။ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်းသည် ဇွန် ၂၉ ရက် ည ၈ နာရီ ၅ မိနစ်ခန့်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက်(၃)၊ မဏိပူရလမ်းရှိ ၎င်း၏နေအိမ် အဝ၌ ဓားဖြင့်ထိုးသတ်ခံခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
နေအိမ်အဝင်ဝ၌ အသင့်စောင့်ဆိုင်းနေသည့် အမည်မသိ အမျိုးသား ၂ ဦးက အသင့်ပါလာသော သံတုတ်၊ ဓားမြှောင်တို့ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၏ ဝမ်းဗိုက်ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ကြောင်း ၊ ရဲတပ်ကြပ်ကြီးအား စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ အတွင်းလူနာအဖြစ် ဆေးကုသပေးလျက်ရှိစဉ် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
"ဒါနဲ့ပတ်သက်လို့ စုံစမ်းနေဆဲပဲဖြစ်တယ်။ ရဲတပ်ဖွဲ့အပေါ် ပြစ်မှုကျူးလွန်တဲ့သူတွေကတော့ အဲဒီမှာရှိနေတဲ့ အေအေ အဖွဲ့ကပဲဖြစ်ဖို့များပါတယ်" ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ယခုတိုက်ခိုက်မှုသည် ဇွန်လအတွင်း တုတိယအကြိမ်ဖြစ်သည်။ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်ကလည်း ကျောက်တော်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးကို အမည်မသိလူ ၆ ဦးကဓားများ ၊စကေဘာများဖြင့် ထိုးသတ်ခဲ့သည်။
ဇွန်လ ၁၁ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်အရာရှိ တစ်ဦးနှင့်စစ်သည်တစ်ဦးကို အမည်မသိလူ၈ ဦးက အလားတူတိုက်ခိုက်မှုမျိုးပြုလုပ်ခဲ့ပြီး စစ်သည်အား ဖမ်းဆီးခေါ်ဆောင်သွားသည်။
ယင်းတိုက်ခိုက်မှုများကို တပ်မတော်က AA အဖွဲ့၏ လက်ချက်အဖြစ် သုံးသပ်ထားပြီး ရခိုင်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို အစားထိုးရန် ရည်ရွယ်ခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ၎င်းက ပြောသည်။
တပ်မတော်အေအေ
No comments:
Post a Comment