Monday, June 29, 2020

နယ်မြေရှင်းလင်းရေးညွှန်ကြားချက်ရုပ်ပေမဲ့ ရခိုင်တိုက်ပွဲဆက်ဖြစ်နေ

နယ်မြေရှင်းလင်းရေးညွှန်ကြားချက်ရုပ်ပေမဲ့ ရခိုင်တိုက်ပွဲဆက်ဖြစ်နေ
29 ဇွန်၊ 2020
ကိုနိုင်ကွန်းအိန်
ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရခိုင်ဒုက္ခသည် မိသားစု။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)
ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရခိုင်ဒုက္ခသည် မိသားစု။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)
မျှဝေပါ
 Print

[Zawgyi/Unicode]

ရခိုင်ပြည်နယ်အစိုးရကနေ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတဝိုက်မှာ နယ်မြေရှင်းလင်းရေး ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုပေမဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ အခြေအနေကို တင်ဆက်ပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျောက်တန်း ကျေးရွာအုပ်စုအနီး တပ်မတော်က စစ်ဆင်ရေးတွေ ဆင်နွှဲဖို့ ရှိတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်ဖို့ ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပေမဲ့လည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံများ။ (သြဂုတ် ၂၈၊ ၂၀၁၇)
SEE ALSO:
နယ်မြေရှင်းလင်းရေး ညွှန်ကြားချက် ရုပ်သိမ်းလိုက်တဲ့အပေါ် တုံ့ပြန်ချက်
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီး အောင်သာစည်ကျေးရွာဘက်မှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံ ရွာသားတယောက်က ပြောပါတယ်။

“တိုက်ပွဲက ခုဏကဖြစ်တယ်။ နောက်ထီးစွဲနောက်ကို ပြန်ဆုတ်သွားတယ် မြန်မာတပ်မတော်က။ AA ဘက်က အဲဒီအောင် သာစည်မှာ။ ရွာထဲမဟုတ်ဘူး ရွာနားအနီးတောင်ကုန်းပေါ်မှာ။ တိုက်ပွဲဖြစ်နေတာ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ ဆိုတော့ ရက်ပေါင်း ၂၀ ကျော်ပြီးပေါ့။ အောင်သာစည်ဘက်က အခုထိအလောင်းတွေ မကောက်သေးဘူး တွေ့ပါတယ်။”

ဒီဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကျေးရွာက အိမ်တချို့နဲ့ အိမ်မွေးတိရိစ္ဆာန်တွေ မီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“အောင်သာစည်ရွာမှာ အိမ် နှစ် လုံးမီးလောင်တယ်။ ကျောက်တန်းမှာနွား ခြောက် ကောင်လက်နက်ကြီး မှန်တယ်။ ကျောက်တန်းမှာ အိမ်တလုံးထပ်ပြီးမီးလောင်တယ်။ ကျောက်တန်းမှာတော့ လူအနည်းအကျဉ်း ရှိနေကြတယ်။ လယ်ထွန်နေကြတယ်။ အောင်သာစည်ရွာမှာတော့ မရှိဘူးပေါ့။”

ကျောက်တန်းကျေးရွာ အနီးတဝိုက်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ဝင်ရောက်လှုပ်ရှားနေလို့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီနေ့ အခြေအနေတော့ ကျနော်လည်း မသိဘူး။ ကျောက်တန်းဘက်မှာတော့ ကျနော်တို့ နှစ်ရက်ရှိပြီး။ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ နှစ်နေရာမှာ ဖြစ်ပွားခဲ့တာ ရှိတယ်။ ၂၅ ရက်နေ့က တကြိမ် ၂၇ ရက်နေ့ကဖြစ်ခဲ့တာ ရှိတယ်။ AA ဘက် ကတော့ နည်းနည်း အင်အားများတယ်လို့ ကျနော်တို့ သိရှိရပါတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိပါ တယ်ခင်ဗျ။ ထွန်းရဝေရွာသစ်နားလေးမှာ ဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီကနေမိုင်းထောင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ရှိတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ ကျောက်တန်းကျေးရွာအနီးတဝိုက်တိုက်ပွဲဖြစ်ပွားတာရှိပေမဲ့ အသေးစိတ် အခြေအနေကို မသိရှိသေးဘူးလို့ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာနဲ့အတူ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့ ရေချမ်းပြင်ရွာအနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့သလို မပေါက်ကွဲသေးတဲ့ဗုံး ၅ လုံးကို တပ်မတော်မိုင်းရှင်းလင်းရေးအဖွဲ့ကနေ သက်မဲ့ပြုလုပ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

မနေ့ကမနက်ပိုင်းမှာ ကျောက်တော်မြို့နယ် ကန်စောက်စစ်ဆေးရေးဂိတ်မှာ AA ရခိုင်လက်နက်ကိုင်အမာခံတဦးကို စိစစ်ဖမ်းဆီးရမိတယ်လို့ တပ်မတော်ပြောခွင့်ရဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။
SEE ALSO:
အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး ချက်ချင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ တောင်းဆို
“ကန်စောက်ဘက်မှာ စစ်ဆေးရေးဂိတ်မှာ ယာဉ်မောင်းတယောက်နဲ့ ပါလာတဲ့ယာဉ်ကို လေးဦးထဲမှာမှ တဦးကတော့ ကျနော်တို့ အပေါက်ဝကျေးရွာမှာနေတဲ့ လူတယောက်ကတော့ AA အမာခံတဦးဖြစ်ပါတယ်။ အဲဒါကိုတော့ ကျနော်တို့ စစ်ဆေးနေဆဲဖြစ်ပါတယ်။”

AA အမာခံလို့ယူဆရတဲ့သူကို စစ်ဆေးရာမှာ ၎င်းကိုင်ဆောင်တဲ့ဖုန်းအတွင်း ဖောက်ခွဲရေးမိုင်း ပြုလုပ်ထားတဲ့ မှတ်တမ်းဓာတ်ပုံ ၎င်းကိုယ်တိုင် ဖောက်ခွဲရေးရီမု ကိုင်ဆောင်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေ အပေါက်ဝကျေးရွာအနီး ထောင်ထားတဲ့မိုင်းနှင့် မိုင်းထောင်နေရာပြ GPS မြေပုံညွှန်း Screenshot မှတ်တမ်းဓာတ်ပုံတွေကို စစ်ဆေး တွေ့ရှိခဲ့လို့ ၎င်းကိုဆက်လက်စစ်ဆေးနေဆဲလို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကန်စောက်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတယ်ဆိုတဲ့သူဟာ AA အဖွဲ့ဝင် မဟုတ်နိုင်ဘူးလို့ AA ပြောခွင့်ရခိုင်သုခက ပြောပါတယ်။

“မြန်မာစစ်တပ်ကတော့ သူတို့ဒီသာမန်အရပ်သားတွေကို ဖမ်းဆီးပြီးတော့မှသာ AA အမာခံဆိုပြီးတော့တာ အမြဲစွပ်စွဲလေ့ရှိတဲ့ ကိစ္စဖြစ်တယ်ဗျ။ ဒါကြောင့်မို့လို့ အဲဒီမှာ ဖမ်းမိတယ်ဆိုတာလည်းပဲ ကျနော်တို့ လူ လုံးဝမဖြစ်နိုင်ဘူးလို့ ကျနော်ကတော့ အဲဒီလိုပဲ ထင်တယ်။”

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေဆဲအခြေအနေမှာ ရသေ့တောင်မြို့နယ်ကျောက်တန်းကျေးရွာ အနီးတဝိုက်ကို တပ်မတော်က နယ်မြေရှင်းလင်းရေးပြုလုပ်မှာမို့ ဒေသခံပြည်သူတွေ တိမ်းရှောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေ ဇွန်လ၂၃ ရက်နေ့မှာထုတ်ပြန်ခဲ့ပေမဲ့ ၂၆ ရက်နေ့စွဲမှာ ဒီညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုပေမဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ ပတ်ဝန်းကျင်က ရွာတွေ၊ ရသေ့တောင်မြို့နယ် အရှေ့ခြမ်း၊ ပြင်ခေါင်၊ ရွာဟောင်း၊ ပေါက်တောကြီး၊ ထွန်းရဝေရွာသစ်၊ ထွန်းရဝေရွာဟောင်း၊ ကြိမ်သာစတဲ့ရွာက ရွာသားတွေဟာ ရသေ့တောင်မြို့ စစ်တွေမြို့နဲ့ အနီးဝန်းကျင်ရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ဆင်နွှဲမယ့် အစီအစဉ်အပေါ် စိုးရိမ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ နိုင်ငံသံရုံးတွေကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ကြတာပါ။

အမေရိကန် အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်အရေး လှုပ်ရှားမှုအဖွဲ့ Refugees International ကလည်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေလုပ်ဖို့ ခြိမ်းခြောက်တဲ့ လုပ်ရပ်အတွက် စိတ်အနှောက်အယှက် ဖြစ်ရကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ခြိမ်းခြောက်မှုကြောင့် ရခိုင်တိုင်းရင်းသား အများစုဖြစ်တဲ့ ထောင်သောင်းချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို တာဝန်ခံမှုရှိအောင် နိုင်ငံတကာ အသိုင်းအဝန်းက တောင်းဆိုဖို့ ပျက်ကွက်မယ်ဆိုရင် နောက်ထပ်လည်း နေရပ်စွန့်ခွာကြရဦးမှာဖြစ်ကြောင်း သတိပေးထားပါတယ်။ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးကလည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အရပ်သားတွေ မထိခိုက်အောင် အရေးတကြီး စီစဉ်ဖို့လည်း မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။
https://burmese.voanews.com/a/rakhine-conflict/5481431.html

No comments:

Post a Comment