Saturday, May 30, 2020

အေအေဘက်ကဖမ်းသွားတဲ့ အမျိုးသမီး၂ ဦးနဲ့ ကလေးငယ်ကို ပြန်လွှတ်၊ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးထား

အေအေဘက်ကဖမ်းသွားတဲ့ အမျိုးသမီး၂ ဦးနဲ့ ကလေးငယ်ကို ပြန်လွှတ်၊ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးထား

အေအေဘက်ကတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်အတွင်းက သဇင်မြိုင်ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၄ဦးကျဆုံးခဲ့
Image captionအေအေဘက်ကတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်အတွင်းက သဇင်မြိုင်ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၄ဦးကျဆုံးခဲ့
မေလ ၂၉ ရက် နေ့မနက် ၂ နာရီကျော်မှာ ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ်အတွင်းက သဇင်မြိုင် န-တ-လ ကျေးရွာ ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော် အေအေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဖမ်းဆီးခံလိုက်ရတဲ့ ရဲတပ်ဖွဲ့မိသားစုဝင်တွေကို ပြန်လည်လွှတ်ပေးလိုက်ပြီ ဒေသခံတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်ဘက်က ဘီဘီစီကို အတည်ပြုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကလေးတစ်ဦး ပါဝင်တဲ့ မိသားစုဝင် ၃ ဦးဖမ်းဆီးခံလိုက်ရပြီး အမျိုးသမီးနှစ်ဦးနဲ့ ကလေးတစ်ဦးကိုတော့ မေ ၂၉ ရက် ညနေ ၅ နာရီလောက်မှာ ပြန်လည်လွှတ်ပေးခဲ့တာလို့ သဇင်မြိုင်ရွာသားတစ်ဦးကပြောပါတယ်။
အသက် ၂ နှစ် အရွယ် ကလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ကို လုံခြုံစိတ်ချရပြီး အန္တရာယ် ကင်းတဲ့ နေရာမှာ တစ်ဦးကို ငွေ ၄၀,၀၀၀ ကျပ်စီ ပေးပြီး ပြန်လည် လွှတ်ပေးခဲ့တယ်လို့လည်း မေလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ရက္ခိုင့်တပ်တော် အေအေ ဘက်က သူ့ရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ပြန်လွတ်လာတဲ့ ပတ်သက်ပြီး ဘီဘီစီက တပ်မတော်သတင်းမှန် ပြန်ကြားရေးကို မေးမြန်းရာမှာတော့ ဒီသတင်းကို ကြားသိထားပြီး သူတို့အနေနဲ့ အခုလောလောဆယ်မှာ သီးခြား အတည်ပြု ပေးနိုင်ခြင်းတော့ မရှိဘူးလို့ မေလ ၃၀ ရက်နေ့ မနက်ပိုင်းက ပြန်လည် ဖြေကြားပါတယ်။
ဒေသခံတွေကတော့ ရဲတပ်ဖွဲ့ မိသားစုဝင် ၃ ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဆိုတာကို ပြန်လွတ်ရာမှာပါဝင်တဲ့ ကလေးအမေ ဒေါ်ရွှေမိက သူမှာပါသွားတဲ့ဖုန်းနဲ့ အဆက်အသွယ်လုပ်လို့ သိရတာလို့ ဆိုပါတယ်။
"မနေ့က ညနေပိုင်းမှာပြန်လွတ်လာတယ်၊ အမျိုးသမီး နှစ်ယောက်နဲ့ နှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ပြန်လွှတ်လိုက်ပြီလို့ သိရတယ်"လို့ လုံခြုံရေး ကြောင့် အမည်မဖော်လိုတဲ့ သဇင်မြိုင်ကျေးရွာသား တစ်ဦးက ဘီဘီစီကို ၃၀ ရက်နေ့ မနက်ပိုင်း ကပြောပါတယ်။
အေအေဘက်ကနေ ရဲစခန်းတွေကို မကြာခဏဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့
Image captionအေအေဘက်ကနေ ရဲစခန်းတွေကို မကြာခဏဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့
လက်ရှိမှာတော့ ပြန်လွတ်လာတဲ့ အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦးတို့ဟာ သဇင်မြိုင်ကျေးရွာကို ရောက်မလာသေးဘဲ စေတီပြင်ကျေးရွာမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။
သူတို့ ၃ ဦးကိုတော့ အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဆီမှာ ကောင်းကောင်း မွန်မွန် အပ်နှံခဲ့တယ်လို့ အောက်ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွန်းကလည်း ဘီဘီစီကို အတည်ပြုပါတယ်။
"ပြန်လွှတ်ပေးတာဟုတ်ပါတယ်၊ လောလောဆယ်မှာတော့ သူတို့ကို ရသေ့တောင်ရဲစခန်းကိုသွားပို့ဖို့လုပ်နေပါတယ်၊ ပြီးမှပဲ သူတို့ကိစ္စကိုပြောပြနိုင်မှာပါ။"လို့ ဦးအောင်သန်းထွန်းက ဘီဘီစီရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားပါတယ်။
အောက်ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးက သူတို့သုံးဦးကို လက်ခံထားလိုက်ပြီး စေတီပြင် တိုက်နယ် ရဲစခန်းကို လွှဲပြောင်းပေးခဲ့ကာ အဲ့ဒီကနေတဆင့် ဒီကနေ့မှာ ရသေ့တောင်မြို့မစခန်းကို ထပ်မံပို့ဆောင်ပေးသွားမှာလည်းဖြစ်ပါတယ်။
အခု ပြန်လည်လွတ်မြောက်လာခဲ့သူ သုံးဦးတို့ဟာ ချင်းလူမျိုးတွေဖြစ်ကြပြီး သဇင်မြိုင်ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတွေရဲ့မိသားစုတွေဖြစ်ကြတယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။ ကာကယံရှင် ပြန် လွတ်လာသူတွေနဲ့ အဆက်အသွယ် ရနိုင်ဖို့ ဘီဘီစီက ဆက်သွယ်နေပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သဇင်မြိုင်ရဲကင်းစခန်းကို မေ ၂၉ ရက် ညနေပိုင်းမှာ ရဲတပ်ရင်းက အင်အား ထပ်မံ ဖြည့်တင်းထားရှိပြီး လောလောဆယ်မှာတော့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တောင်ပေါ်က အရန်ကင်းစခန်းမှာထားရှိတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်အတွင်းကလည်း ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ရ
Image caption၂၀၁၉ ခုနှစ်အတွင်းကလည်း ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ရ
ပျောက်ဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင် ၆ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးထားတယ်လို့ အေအေဘက်က ကြေညာထားပါတယ်။
' ' တပ်ဘက်ကတော့ လိုက်လံရှာဖွေတာတွေလုပ်နေပါတယ်'' လို့ ပျောက်ဆုံးနေတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
မေ ၂၉ ရက်မနက်ပိုင်းအစောပိုင်းမှာ ရသေ့တောင်မြို့နယ်၊ သဇင်မြိုင် ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်အပြီး အေအေဘက်က မေ ၂၉ ရက်ရက်စွဲနဲ့ သဘောထားထုတ်ပြန်ချက်တစ်ခုကို လည်း ထုတ်ပြန်ထားပါတယ်။
ဒီထဲမှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်စတဲ့ မြန်မာအစိုးရလက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ရခိုင်ပြည်နယ်ကနေ အမြန်ဆုံးထွက်ခွာရန် လိုလားတယ်လို့ ဖော်ပြထားပါတယ်။
မေ ၂၉ ရက်နေ့က အေအေအဖွဲ့ရဲ့ သဇင်မြိုင်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ရပါတယ်။ အေအေအဖွဲ့အနေနဲ့ သဇင်မြိုင်ရဲကင်းစခန်းတိုက်ခိုက်မှုမတိုင်ခင် ၂၀၁၉ ခုနှစ်အတွင်းမှာလည်းရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။
၂၀၁၉ ဇန်နဝါရီ (၄) ရက်နေ့ကဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ကျောက်တောင် ရဲကင်းစခန်း (၄) ခုအားလည်းကောင်း၊ မတ်လ (၉) ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်း စခန်းအားလည်းကောင်း၊ ဧပြီလမှာ မြောက်ဉီးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်အား လည်းကောင်း၊ ဇူလိုင်လ မှာဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ တဲ့အတွက် အသီးသီး တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးခဲ့ရပါတယ်။
အေအေအဖွဲ့ရဲ့ ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ဖက်ပစ်မှတ် မဟုတ်သော နိုင်ငံတော်ရဲ့ တရားဉပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနဲ့ ရပ်ရွာအေးချမ်းသာ ယာရေးတို့ကို နှောင့်ယှက်ဖျက်ဆီးပြီးအကြမ်းဖက်မှုများ အမြဲမပြတ် ကျူးလွန်လျက်ရှိတဲ့အတွက် ထိရောက်သည့် တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေး ဆောင်ရွက်သွားမယ်လို့ မြန်မာ့တပ်မတော် ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment