Thursday, April 30, 2020

ပလက်၀ဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင်လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နှောင့်ယှက်ပစ်ခတ်

ပလက်၀ဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင်လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နှောင့်ယှက်ပစ်ခတ်

နေပြည်တော်  ဧပြီ  ၃၀
ချင်းပြည်နယ် ပလက်၀ဒေသရှိ ဒေသခံပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ ထောက်ပံ့သောရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်မှ ထောက်ပံ့လှူဒါန်းသော စားသောက်ဖွယ်ရာ ပစ္စည်းများအား ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပျက်စီးမှုများနှင့် AA အကြမ်းဖက် သောင်းကျန်းသူများက နှောင့်ယှက်ဟန့်တားမှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးစားအားထုတ်၍ ဧပြီ ၂၉ ရက် ညနေပိုင်းတွင် ဆက်လက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ပို့ဆောင်ရာတွင် လမ်းကြောင်းအခြေအနေနှင့် လုံခြုံရေးအခြေအနေအရ လုပ်ငန်းယာဉ် ၃၁ စီးက ရှေ့မှစတင်ထွက်ခွာခဲ့ပြီး WFP မှ ခြောက်ဘီးယာဉ်ငါးစီးက နောက်မှကပ်လျက်လိုက်ပါကာ ယာဉ်ပေါ်လိုက် လုံခြုံရေးအဖွဲ့များ၊ လမ်းလုံခြုံရေးအဖွဲ့များဖြင့် လုံခြုံရေးဆောင်ရွက် ၍ ထွက်ခွာခဲ့ကြောင်း၊ ယင်းသို့ထွက်ခွာခဲ့ရာ ဆမီးမြို့၏ အနောက်ဘက် မီတာ ၁၀၀၀၀ ခန့် အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက နောက်မှလိုက်ပါလာသည့် WFP မှ မော်တော်ယာဉ်များကိုသာ ဦးတည် ပစ်မှတ်ထားရွေးချယ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လမ်းလုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့များနှင့် ယာဉ်ပေါ်ပါလုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားခဲ့ရကြောင်း။
အဆိုပါ နှောင့်ယှက်ပစ်ခတ်မှုကြောင့် WFP မှ ယာဉ်မောင်း ပခုက္ကူမြို့နေ ဦးဝင်းကိုအောင်၏ မျက်နှာတွင် မော်တော်ယာဉ်လေကာမှန်စထိမှန်၍ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့် ခြောက်ဘီးယာဉ်၏ ဆီတိုင်ကီနှင့် ရှေ့လေကာမှန် လက်နက်ငယ်ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အခြားမော်တော်ယာဉ် လေးစီးတွင်လည်း ရှေ့ / နောက်လေကာမှန်များ၊ တံခါးများ၊ ဘီးများနှင့် ကိုယ်ထည်များ လက်နက်ငယ်ထိမှန်ပျက်စီးခဲ့ကြောင်း။
ယင်းသို့ မော်တော်ယာဉ်များ ထိမှန်ပျက်စီးခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည် ခုခံကာကွယ်ခဲ့မှုများကြောင့် အဆိုပါထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ပလက်၀နယ်မြေခံ တပ်ဌာနချုပ်ဝန်းကျင်သို့ရောက်ရှိအောင် ပို့ဆောင်ပေး နိုင်ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင်အား ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လုံခြုံရေးအဖွဲ့ မှ ဆေးမှူးဖြင့် လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပလက်၀နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ပလက်၀ဒေသခံများ လက်ဝယ်သို့အရောက်ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment