AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၃၀
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ရာမောင်တံတားအနီး၌ ဇက်ကူးရန်စောင့်ဆိုင်းလျက်ရှိသော ယာဉ်မောင်းတစ်ဦးသည် AA အကြမ်းဖက် သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ပဲခူးမြို့ရှိ ဆေးလိပ်ဖို တစ်ခုမှ ဆေးပေါ့လိပ်များအား ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ရန်အတွက် ယာဉ်မောင်း ဦးသိန်းနိုင်စိုးသည် ဟီးနိုးအမျိုးအစား ၁၂ ဘီး ယာဉ်အား မောင်းနှင်၍ ယာဉ်နောက် လိုက်ဖြစ်သူ ဦးသန်းဇော်နှင့်အတူ ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းတွင် မင်းပြားမြို့ ရာမောင်တံတားအနီးသို့ ရောက်ရှိခဲ့ပြီး ဇက် ကူးရန်စောင့်ဆိုင်းခဲ့ကြောင်း၊ ယင်းသို့ စောင့်ဆိုင်းနေစဉ် အနောက်ဘက်ရှိ တောင်ကုန်းမှ တိုက်ပွဲဖြစ်ပွားသံများ ကြားသဖြင့် ကားအောက်သို့ ဝင်ရောက် ပုန်းအောင်းနေခဲ့ကြောင်း၊ အသံများငြိမ်သွားချိန်တွင် အပြင်သို့ထွက်၍ ကားဘေး၌ထိုင်နေစဉ် ယာဉ်မောင်း ဦးသိန်းနိုင်စိုး၏ လက်မောင်းကို လက်နက်ငယ် ကျည်ထိမှန်ခဲ့ပြီး ယာဉ်အား ဆက်လက်မောင်းနှင်နိုင်ခြင်း မရှိသဖြင့် ယာဉ်နောက်လိုက် ဦးသန်းဇော်အား စစ်တွေမြို့သို့ ဆက်လက် မောင်းနှင်စေခဲ့ကြောင်း၊ ယောချောင်းတံတားသို့ အရောက်တွင် တံတားလုံခြုံရေးအဖွဲ့များသို့ သတင်းပို့ခဲ့ရာလိုအပ်သည့် ဆေးကုသမှုများပြုလုပ်ပေးခဲ့ပြီး အမ်းမြို့ရှိ တပ်မတော် ဆေးရုံသို့ပို့ဆောင်ကာ ခွဲစိတ်ဆောင်၌ ခွဲစိတ်ပါရဂူဖြင့် အနီးကပ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရာမောင်တံတားအနီးတွင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်နှင့် နယ်မြေတည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် မကြာခဏ ပြုလုပ်လျက်ရှိပြီး ဧပြီ ၂၀ ရက် ညနေပိုင်းတွင်လည်း ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်မြို့သို့ပို့ဆောင်စစ်ဆေးရန် ထွက်ခွာလာသည့် WHO မှ UN တံဆိပ်ပါ မော်တော်ယာဉ်အား မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ် အနီး၌ AA အကြမ်းဖက် သောင်းကျန်း သူများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အရပ်သားဝန်ထမ်း ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်အပါအဝင် အခြားအကြမ်းဖက် လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
No comments:
Post a Comment