Wednesday, April 1, 2020

COVID အရေးကြုံနေချိန် သတင်းမီဒီယာသမားတွေ ဖမ်းတဲ့အပေါ် ဝေဖန်

COVID အရေးကြုံနေချိန် သတင်းမီဒီယာသမားတွေ ဖမ်းတဲ့အပေါ် ဝေဖန်
01 ဧပြီ၊ 2020
ကိုမိုးဇော်
သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဆန္ဒပြနေတဲ့ လူတချို့ (မှတ်တမ်းဓာတ်ပုံ - စက်တင်ဘာ ၁၆၊ ၂၀၁၈)
သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဆန္ဒပြနေတဲ့ လူတချို့ (မှတ်တမ်းဓာတ်ပုံ - စက်တင်ဘာ ၁၆၊ ၂၀၁၈)
မျှဝေပါ
 Print

(Zawgyi/Unicode)

COVID-19 ကပ်ဘေးဆိုင်ရာ အရေးပေါ်အခြေအနေကြုံနေချိန်မှာပဲ မြန်မာနိုင်ငံတွင်း သတင်းမီဒီယာသမားအချို့ကို ဖမ်းဆီးတရားစွဲတာတွေအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ အမြင် တင်ဆက်ပေးပါမယ်။

မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခဲ့သလို ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနက သတင်းသမားနှစ်ဦး မနေ့ညက ဖမ်းဆီးခံရသလို၊ သတင်းဌာနအချို့က သူတို့ ဝက်ဆိုဒ်တွေလည်း ဖွင့်လို့မရအောင် အာဏာပိုင်တွေဘက် လုပ်ထားတယ်လို့ ပြောဆိုနေကြပါတယ်။

မြန်မာ့သတင်းမီဒီယာကောင်စီရဲ့ အတွင်းရေးမှူး တဦးလည်းဖြစ်၊ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးသာလွန်ဇောင်းထက်ကိုလည်း လုံခြုံရေးအာဏာပိုင်တွေက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့လည်း ခေတ်သစ်သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူကို အင်တာဗျူးတာနဲ့ ပတ်သက်တယ်လို့ ခေတ်သစ်သတင်းဌာနက ပြောပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို မတရားအသင်းအဖြစ်ရော အကြမ်းဖက်အဖွဲ့အဖြစ်ပါ အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် အခုလို မီဒီယာတွေကို အရေးယူလာတာပါ။

သတင်းမီဒီယာတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုတဲ့အပေါ်လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို ပြောဆိုပါတယ်။

“ဒီဥပဒေမှာ ပြဌာန်းထားတဲ့အကြောင်းအရာကို ပြန်ကြည့်မယ်ဆိုရင် အကြမ်းဖက်မှုလုပ်ငန်းတွေကို ကိုယ်တိုင်ကျူးလွန်တဲ့ဟာမျိုး၊ ငွေထောက်ပံ့ပေးတဲ့ဟာမျိုး၊ ကျူးလွန်ဖို့အတွက် လူတွေကို သိမ်းသွင်းတဲ့အရာမျိုး၊ တာဝန်ပေးတဲ့ဟာမျိုး အဲဒါမျိုးကိုပဲ အပြစ်ပေးအရေးယူလို့ ရတယ်။ အခုသတင်းမီဒီယာတွေက ဒီအဖွဲ့တွေနဲ့ ဆက်သွယ်ပြီးတော့ သတင်းတွေ ထုတ်ပြန်ခြင်းက သတင်းမီဒီယာရဲ့ တာဝန်ဖြစ်တယ်။ တကယ်လို့ သတင်း မီဒီယာရဲ့ ရေးသားချက်က အားပေးအားမြှောက်ပြုတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ဖို့အတွက် လှုံဆော်မှုတွေ၊ နောက်တခါ အမုန်းတရားကို ပွားများအောင်လုပ်ဆောင်စေတဲ့အရာမျိုး ဖြစ်လို့ရှိရင်တော့ ဒါက ဥပဒေအရ အရေးယူလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုအရေးယူမှုက အကြမ်းဖက်မှုဆိုတဲ့ ဥပဒေမဟုတ်ဘဲနဲ့ အမုန်းတရားပွားများမှုကို အားပေးသောပုံစံမျိုး တခြားသောဥပဒေမျိုးနဲ့ အရေးယူဖို့တော့ လိုအပ်တယ်။ အကြမ်းဖက်မှုဥပဒေနဲ့ အရေးယူခြင်းကတော့ ပြစ်မှုအရမ်းကြီးအောင် တမင်သက်သက် ရည်ရွယ်တဲ့သဘော မျိုးဖြစ်သွားနိုင်တာ ဒါကိုလည်း သတိပြုဖို့ လိုအပ်ပါတယ်။”

ဒီလိုအရေးယူတာကြောင့် လူ့အခွင့်အရေးကြေညာစာတမ်းပါ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ သတင်းရယူ ပိုင်ခွင့်တွေ ထိခိုက်နိုင်ကြောင်းလည်း ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

“ကျနော်တို့ သတင်းများ ရယူခွင့်ဆိုတာ သတင်းမီဒီယာရဲ့ တာဝန်ရှိတယ်။ နယ်စပ်စည်းမခြားဘဲနဲ့သတင်းတွေ ရယူရမယ်ဆိုတာ အခွင့်အရေးတရပ်အနေနဲ့ ဖော်ပြထားပါတယ်။ သတင်းမီဒီယာများရဲ့သတင်းရရှိခွင့်ကို ခုဏကလို ပိတ်ပင်ခြင်းက မီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်သလို ပြည်သူလူထုအတွက် မှားမှန် ဝေဖန်ပိုင်းခြားနိုင်ဖို့အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင်တယ်။ သတင်းမှာပြောသွားတဲ့အချက်ကို မူတည်ပြီးတော့ ဝေဖန်ဆန်းစစ်မှုတွေလုပ်နိုင်တာ သတင်းနားထောင်တဲ့သူတိုင်းရဲ့ တာဝန်ဖြစ်တယ်။ သတင်းလုံး၀ မရရှိတဲ့အတွက် ဝေဖန်ဆန်းစစ်မှုတွေ၊ ဆင်ခြင်သုံးသပ်မှုတွေ ပြည်သူလူထုတွေမှာ သို့လော၊ သို့လော ကိစ္စမျိုးတွေ၊ ယုန်ထင်ကြောင်ထင် ဖြစ်တဲ့ကိစ္စမျိုးတွေ၊ နောက်တစ်ခါ မှားယွင်းတဲ့ ဆုံးဖြတ်မှုတွေ ဖြစ်သွားနိုင်တဲ့အထိ သက်ရောက်နိုင်ပါတယ်။”

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ၂၀၁၄ ခုနှစ်က ပြဌာန်းထားတဲ့ သတင်းမီဒီယာဥပဒေကို ပြန်လည်သုံးသပ်သင့်ကြောင်း ပြထားကြောင်း ထောက်ပြပါတယ်။

“သတင်းမီဒီယာသမားကို စွဲတာ သာမန် အရပ်သားကို စွဲတာမဟုတ်ဘူး။ အဲတော့ သတင်းမီဒီယာ သမားဆိုတာက ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ သတင်းမီဒီယာဥပဒေပုဒ်မ ၂(က) အရ ကျနော်တို့ ကြည့်ရမယ်။ ပုဒ်မ ၃(စ)အရ သတင်းမီဒီယာတခုခုမှာ ရေးသားဖော်ပြထုတ်လွှင့်မှု တစ်ရပ်ရပ်နဲ့ စပ်လျဉ်း၍ တစ်စုံတစ်ယောက်ရဲ့ တိုင်ကြားချက်၊ အငြင်းပွားချက်များကို နှစ်ဘက်ညှိနှိုင်း ဖြေရှင်းတဲ့နည်းလမ်းနဲ့ ကြေအေး ပြေငြိမ်းစေရန် ဆောင်ရွက်ခြင်းလို့ ဆိုပါတယ်။ အခုဖြစ်တဲ့ပြဿနာတွေကို လေ့လာတဲ့အခါမှာ တရားလိုလုပ်သူတွေဘက်က တပ်ထားတဲ့ ပုဒ်မတွေနဲ့တော့ ညီညွှတ်တယ်လို့ မဆိုနိုင်ဘူး။ ”

လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နဲ့ ပတ်သက်ပြီး ဦးရောဘတ်စန်းအောင်က အခုလို ဆက်လက်ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လည်း မိမိရဲ့ အမြင်အယူအဆကို ပြောဆိုခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ နဲ့ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၉ တို့နဲ့ ညီညွှတ်ပါတယ်။ ဒါကြောင့်မို့ အမှုတည်ဆောက်သူ များအနေနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ အစိုးရလည်း ဂုဏ်တက်အောင်၊ ကာယကံရှင်တွေလည်း မထိခိုက် မနစ်နာရအောင်၊ သတင်းမီဒီယာကောင်စီမှာ တွေ့ဆုံဆွေးနွေး အဖြေရှာကြပါလို့ ကျနော်ကတော့ မေတ္တာရပ်ခံပါတယ်။”

သတင်းမီဒီယာကောင်စီက သတင်းသမားတွေအပေါ် မကျေနပ်ချက်ရှိပါက သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီက ဦးစွာတိုင်ကြားဖို့ မတ်လ ၃၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီကြေညာချက်မှာပဲ ကပ်ရောဂါဖြစ်ပွားနေချိန်မှာ သတင်းတု၊ သတင်မှားတွေကို တရားဝင်သတင်းဌာနေတွေနဲ့ ပူးပေါင်း တိုက်ဖျက်ရမယ့်အစား အခုလို လုပ်ဆောင်တာဟာ မသင့်လျော်ကြောင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်ရေးကာလနဲ့ မကိုက်ညီတဲ့ တုံ့ပြန်မှုဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
https://burmese.voanews.com/a/journalist-myanmar-covid/5354971.html

No comments:

Post a Comment