Wednesday, April 1, 2020

VOM အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်

VOM အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်
01 ဧပြီ၊ 2020
မိုးဇော်
VOM အယ်ဒီတာချုပ် (Voice Of Myanmar – VOM )
VOM အယ်ဒီတာချုပ် (Voice Of Myanmar – VOM )
မျှဝေပါ
 Print

(Zawgyi/Unicode)

မန္တလေးမြို့အခြေစိုက် Voice of Myanmar (VOM) သတင်းဌာန တည်ထောင်သူ၊အယ်ဒီတာချုပ် ဦးနေလင်း(ခ) ဦးနေမျိုးလင်းကို ချမ်းမြသာစည် မြို့နယ်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)နဲ့ ၅၂(က)တို့ နဲ့ ဒီနေ့မနက်မှာ အမှုဖွင့်လိုက်ပါတယ်။ ဒီ သတင်းကို ကိုမိုးဇော်က တင်ပြပေးမှာပါ။

VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်းခေါ် ဦးနေမျိုးလင်းကို ဒီလ ၃၀ရက်နေ့ညက မှုခင်းရဲတပ်ဖွဲ့ CID ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မနက်မှာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်ကြောင်းကို မန္တလေးမြို့ခံ သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဦးစန်းယုကျော်က ပြောပါတယ်။

“ မနက်က သူတို့ ချမ်းမြသာစည်တရားရုံးမှာ ရမန်ယူတယ်။ အဓိကကတော့ အကြမ်းဖက် ဥပဒေနဲ့ ဖွင့်ထားတယ် ပြောတယ်။ ပုဒ်မ ၅၀(က)နဲ့ ၅၂(က)နဲ့ ဖွင့်ထားတယ်။ မတ်လ ၂၇ရက်နေ့ ညနေပိုင်းမှာ အစိုးရကနေပြီးမှ AAကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တဲ့ စကားလုံးနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲဆိုတာကို AAအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးတဲ့ဟာကို Action ယူတယ်လို့လည်း သူရဲ့ အမျိုးသမီးဖြစ်တဲ့ မဇာနည်မာန်က ပြောပါတယ်။ လောလောဆည်မှာတော့ မူ့ခင်းတပ်ဖွဲ့မှာ သူ့ကို စစ်ဆေးနေတယ်ပြောတယ်ဗျ။ SBက အမှုဖွင့်တာ စစ်တာက CID က စစ်တာ။”

ဦးနေလင်း (ခေါ်)ဦးနေမျိုးလင်းကို စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး လာမယ့် ဧပြီလ ၉ရက်နေ့မှာ ချမ်းမြသာစည်တရားရုံးမှာ အမှုချိန်းရှိနေပါတယ်။

လက်ရှိ စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) ဟာ ထောင်ဒဏ် ၁၀နှစ်ကနေ ထောင်ဒဏ်တသက်အထိ ချမှတ်နိုင်တာဖြစ်ပြီး ပုဒ်မ ၅၂(က)အရဆိုရင် ထောင်ဒဏ် ၃နှစ်ကနေ ၇နှစ်အထိ ချမှတ်နိုင်သလို ဒီပုဒ်မ ၂ခုလုံးဟာ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တာဖြစ်ပါတယ်။

ဒီလို အမှုဖွင့် တရားစွဲဆိုလိုက်တဲ့အပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက အခုလို ပြောပါတယ်။

“ ကျနော်တို့ကတော့ သတင်းမီဒီယာသမားတွေ တစ်ခုခုပေါ့။ သူတို့ ရေးသားထုတ်လွှင့်မှုနဲ့ပတ်သက်လို့ ကျင့်ဝတ်မညီတာဖြစ်စေ၊ ထိခိုက်နစ်နာမှုရှိသည် ဖြစ်စေ ကျနော်တို့ ဒီ မြန်မာသတင်းမီဒီယာကောင်စီကို အရင်ဦးဆုံး လာရောက်ပြီးတော့ တိုင်ကြားစေချင်တာပေါ့။ အဲတော့ ဒီကိစ္စဘာဖြစ်သလဲပေါ့။ အဲဒါကို ကျနော်တို့က မီဒီယာဥပဒေနဲ့ ဆုံးဖြတ်ပြီး မကျေနပ်ဘူးဆိုလည်း တရားရုံးဆက်သွားတာက နည်းလမ်းကျတယ်ဆိုတာ အမြဲတမ်းကျနော်တို့ ပြောခဲ့ပါတယ်။ မဏ္ဍိုင်၄ရပ်တွေ့ဆုံပွဲရော၊ တပ်မတော်နဲ့ တွေ့ဆုံတဲ့အခါလည်း ကျနော်တို့ အမြဲတမ်းပြောခဲ့တယ်လေ။ အခုတော့ အဲဒီအဆင့်တွေမပါဘဲနဲ့ တိုက်ရိုက်တန်းသွားတဲ့သဘောဆိုတော့ ကျနော်တို့ ကောင်စီကလည်း ကျနော်တို့ဆီ လာစေ့ချင်တယ်။ ဘယ်ထုတ်လွှင့်မှုကြောင့် ဘာဖြစ်သလဲဆိုတာ ကျနော်တို့က ကြည့်ပြီးတော့မှ သတင်းစာဆရာတွေဘက်က လွန်တာရှိရင်လည်း ကျနော်တို့က လုပ်သင့်တာလုပ်လို့ရအောင် ဥပဒေအရပေါ့လေ၊ ဆောင်ရွက်တဲ့လုပ်ငန်းကို လုပ်ချင်တာပေါ့။”

သတင်းတွေကို ဘက်မျှအောင်ရေးသားဖို့ အားထုတ်တဲ့အပေါ် အရေးယူတာဆိုရင်တော့ သတင်းစာလွတ်လပ်ခွင့်အပေါ် ထိခိုက်မှုရှိစေနိုင်တယ်လို့လည်း သူက သုံးသပ်ပြောဆိုပါတယ်။

“ သတင်းစာဆရာက ကျင့်ဝတ်အရ ဘက်မျှအောင်ရေးသားပြီးတော့မှ ဘက်စုံအသံပါရမယ်ဆိုတာရှိတာကိုး အဲဒီ ကျင့်ဝတ်နဲ့အညီအားထုတ်တဲ့အခါမှာ အခုလို ဥပဒေအရ လာဟန့်တားခြင်းက ကျနော်တို့ သတင်းစာဆရာတွေအတွက်ကို self-censor ပေါ့၊ မိမိကိုယ်ကို မိမိပြန်ပြီးတော့မှ ဆင်ဆာဖြတ်တောက်ရမယ့် အလုပ်တွေ ပိုပြီးများလာမယ့် သဘောတော့ ရှိတာပေါ့။ ဆင်ဆာဆိုကတည်းက ကျနော်တို့ သတင်းစာလွတ်လပ်ခွင့်မှာ တိုက်ရိုက်သက်ရောက်တဲ့ကိစ္စပေါ့လေ။ ”

ကပ်ရောဂါဖြစ်ပွားနေချိန်မှာ သတင်းတု၊ သတင်မှားတွေကို တရားဝင်သတင်းဌာနေတွေနဲ့ ပူးပေါင်း တိုက်ဖျက်ရမယ့်အစား အခုလို လုပ်ဆောင်တာဟာ မသင့်လျော်ကြောင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်ရေးကာလနဲ့ မကိုက်ညီတဲ့ တုံ့ပြန်မှုဖြစ်ကြောင်းလည်း သတင်းမီဒီယာကောင်စီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

VOM သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲလိုက်ချိန်မှာပဲ ရခိုင်ပြည်နယ်အခြေစိုက် နေရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကိုလည်း စစ်တွေ မြို့မ ရဲစခန်းမှာ အလားတူ ဥပဒေ၊ ပုဒ်မတွေနဲ့ အမှုဖွင့်ထားကြောင်း သတင်းတွေဖြစ်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

https://burmese.voanews.com/a/vom-chief-editor-case/5354137.html

No comments:

Post a Comment