Wednesday, April 1, 2020

ရခိုင်နဲ့ ချင်းမှာ စစ်ရှောင်အရေအတွက် ပိုများလာ

ရခိုင်နဲ့ ချင်းမှာ စစ်ရှောင်အရေအတွက် ပိုများလာ
01 ဧပြီ၊ 2020
ကိုနိုင်ကွန်းအိန်
ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းစေတီပုထိုးများ
ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းစေတီပုထိုးများ
မျှဝေပါ
 Print

(Zawgyi/Unicode)

မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား စစ်ရေးပြင်းထန်ဖြစ်ပွါးနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ တိုးလာတဲ့အခြေအနေအကြောင်းတင်ပြပေးမှာပါ။

ရခိုင်ပြည်နယ်အတွင်း တနှစ်ကျော်တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံစစ်ရှောင်ဦးရေ ၁၅၀,၀၀၀ ကျော် တိုးများလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် ဒီမတ်လထဲမှာ ဖြစ်တဲ့ စစ်ရေးပဋိပက္ခအတွင်း ထပ်မံတိုးများလာတာလို့ အဖွဲ့အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ဖေဖေါ်ဝါရီလကုန်ရက် ၂၉ ရက် နေ့က ထုတ်ပြန်ချက်ထဲမှာဆိုင်ရင် ၁၂၈,၀၀၀ ကျော်လောက်ရှိတာပေါ့။ အခုလက်ရှိက ၁၅၇,၀၀၀ ကျော်ရှိလာပြီ။ အခုနောက်ဆုံး အခြေအနေဆိုရင်။ သူက ၃၀,၀၀၀ လောက်ကို တိုးသွားတာပေါ့နော်။ ဘာကြောင့်ဒီလို တိုးသွားသလဲဆိုရင် ကျောက်တော်၊ ပလက်ဝဘက်မှာ ရှိတဲ့ မီးဝမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနောက်ပိုင်းမှာ ကျောက်တော်ကနေ ပလက်ဝကိုသွားတဲ့ ကုလားတန်မြစ်ကြောင်း တလျှောက်ပေါ့နော်။ နောက်ကျောက်တော်အနီးနား ကျေးရွာတွေပေါ့။ ကျေးရွာတွေအကုန်လုံးလိုလိုမှာ တပ်မတော်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်တယ်။ နောက်အဲဒီမှာတိုက်ပွဲ တွေလည်းဖြစ်တယ်။ ရွာလုံးကျွတ်ထွက်ပြေးရတဲ့ ကိစ္စတွေ အများကြီးပဲ။

အလားတူ မင်းပြားမြို့နယ်တိုင်း ဗဟို ၉ တပ်မတော် လေ့ကျင့်ရေးကျောင်းကို AA ရခိုင်လက်နက်ကိုင်ဘက်က ဝင်ရောက် တိုက်ခိုက်အပြီး တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ အနီးနားရွာတွေကလည်း တိမ်းရှောင်နေရပြီး ဘူးသီးတောင်နဲ့ ရသေ့တောင် အစပ်ကျေးရွာဘက်မှာလည်း ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူကဆိုပါတယ်။

ဒုက္ခသည်စခန်းမှာ စစ်ရှောင်ဦးရေများပြားလာတာနဲ့အတူ စခန်းအတွင်းနေထိုင်စားသောက်မှုတွေကလည်း အဆင်မပြေမှုတွေ ဖြစ်နေပါတယ်။

အထူးသဖြင့် Coronavirus COVID-19 ကပ်ရောဂါ တကမ္ဘာလုံး ရိုက်ခတ်ပျံ့နှံ့နေတဲ့အခြေအနေကြောင့် နိင်ငံတကာ အကူအညီတွေလည်း ရပ်နေတယ်လို့ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ဒီကြားထဲမှာ အစိုးရဘက်ကလည်း ပုံမှန်ထောက်ပံ့နေတဲ့ အထောက်ပံ့တွေကို အဲဒီဘက်တွေကို မရောက်သေးဘူးသိရတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကျလည်းပဲ လက်ရှိမှာသူတို့ကလည်း COVID-19 နဲ့ ပတ်သက်ပြီးတော့မှ သူတို့ရဲ့လုပ်ငန်းတွေ ရပ်ဆိုင်းနေ တယ်ပေါ့နော်။ ဒေသခံတွေကပဲ လောလောဆယ် ကျွေးမွေးစောင့်ရှောက်ထားတဲ့ အခြေအနေရှိပါတယ်။

အလားတူ စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း စစ်ဘေးရှောင်တွေထပ်မံ တိုးများလာနေပါ တယ်။ ဒီရက်ပိုင်းမှာ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ၆၀ ကျော်ဟာ ထန်တလန်မြို့နယ် သီကီးရ်ရွာဘက်ကို ထပ်မံတိမ်းရှောင်လာတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

“အခုမိသားစု ၁၃ စုပေါ့။ လူ ၆၃ ယောက်ပါခင်ဗျ။ မနေ့က မနက် ဆမီးက ထွက်လာတယ်။ မတူပီမှာ အိပ်တယ်။ မတူပီကနေ ဒီညထန်တလန် ရောက်ပါမယ်။ သူတို့ ပလက်ဝကခင်ဗျ။ သူတို့က အဲဒီမှာနေလို့မဖြစ်တော့ဘူး။ တိုက်ပွဲကလည်း မကြာမကြာဖြစ်တယ်ဆိုတော့။ မနေရဲတော့လို့ ဒီဘက်ကို ထွက်ပြေးလာတယ်ပေါ့။”

လက်ရှိ ပလက်ဝမြို့နယ်ဆမီးမြို့မှာ စစ်ရှောင်ဦးရေ ၂,၉၀၀ ခန့်ရှိနေပြီး မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်ကနေ တိမ်းရှောင်လာကြတယ်လို့ ဦးစိုးထက်ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ပလက်ဝမြို့နယ် ဘောင်ဝကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် နေအိမ် မီးလောင်ခဲ့သလို အရပ်သားတွေလည်း ဒဏ်ရာရရှိပြီး နေရပ်ကနေတိမ်းရှောင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဦးစိုးထက်က ဆိုပါတယ်။

“အောက်သဲမဝအထက်နားက ကားလမ်းပေါ်က ဘောင်ဝဆိုတာ။ တိုက်ပွဲဖြစ်ပြီးတော့လေယာဉ်ပေါ်ကနေ ပစ်ချတဲ့အထဲမှာ အိမ်တွေလည်း မီးလောင်ကုန်တာပေါ့နော်။ ၁၃ လုံးလောက်မီးလောင်သွားတယ်။ ဒဏ်ရာရတာ ၂ ယောက်ရှိတယ်။ အဲဒီဒေသခံတွေ မနေရဲတော့ဘဲနဲ့ အခု ပလက်ဝကို ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်။ အခုလည်းထွက်လာနေ ကြပြီ။”

လက်ရှိ ချင်းပြည်နယ်၊ ပလက်၀ တမြို့နယ်လုံးမှာ စစ်ရှောင် ၆,၀၀၀ ကျော်ရှိနေတယ်လို့ ဦးစိုးထက်က ပြောပါတယ်။ ပလက်ဝမြို့နယ်ရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကျောက်တော်၊ ပလက်ဝ၊ ကုလားတန်မြစ်ကြောင်း လမ်းဟာလည်း စစ်ရေးတင်းမာနေဆဲ အခြေအနေအရ သွားလာမှုကို လက်နက်ကိုင်တပ်တွေက ပိတ်ပင်ထားတာကြောင့် ရိက္ခာ သယ်ဆောင်လို့ မရသလို စားနပ်ရိက္ခာအခက်ခဲနဲ့လည်း ကြုံနေရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အစိုးရကနေ အင်တာနက်လိုင်း ပိတ်ပင်ထားပါတယ်။

မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ AA အဖွဲ့ကိုတော့ အစိုးရကနေ တရားမဝင်အဖွဲ့နဲ့ အကြမ်းဖက်အဖွဲ့လို့ မတ်လ ၂၃ ရက်နေ့က ကြေညာထားပါတယ်။
https://burmese.voanews.com/a/rakhine-chin-displacement-ppl/5355032.html

No comments:

Post a Comment