■ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော်ရှိလာ
မြတ်ဆွေ | DMG
ဧပြီ ၂ ၊ စစ်တွေ
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင်ဦးရေ (၁၅၇၂၉၁) ဦးအထိရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည်။
မတ်လအတွင်းတွင် တိုက်ပွဲများဆက်တိုက် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ မြို့နယ်အချို့တွင် ပိတ်သိမ်းသွားသောစခန်း အနည်းငယ်မျှရှိသော်လည်း စစ်တွေအပါအဝင် ကျောက်တော်၊ ရသေ့တောင် စသည့်မြို့နယ်များတွင် စစ်ဘေးရှောင်စခန်းသစ်များ တိုးလာနေသည်ဟု REC ကဆိုသည်။
“စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးထက် နေထိုင်ရေးက ပိုပြီးအရေးကြီးနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက နွေရာသီဆိုတော့ လေပြင်းတွေတိုက်နေတယ်။ ဖုန်တွေကလည်း ထလာတယ်။ တချို့စခန်း တွေမှာဆိုရင် ကောက်ရိုးတွေမိုးကာပြီး နေရပါတယ်။ ကောက်ရိုးမိုးပြီး နေတဲ့အတွက် ယားယံတာတွေ ဖြစ်တယ်။ နောက်တစ်ခုက အရင်နှစ်က ဆောက်ထားတဲ့ ယာယီတဲတွေက အခုဆိုရင် ပျက်စီးသွားပြီ။ တကယ်လို့ မိုးသာရွာမယ်ဆိုရင် လုံးဝ နေရာရှိတော့မှာ မဟုတ်ဘူး” ဟု REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။
လက်ရှိတွင် ကမ္ဘာအနှံ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေပြီး မြန်မာနိုင်ငံတွင်လည်း ကူးစက်ခံရသူ (၁၆)ဦး အထိရှိလာသည်။ သို့သော် စစ်ဘေးရှောင်စခန်းများတွင် ရေရှားလာနေသောကြောင့် လက်ကို စနစ်တကျဆေးကြောရန် အခက်အခဲရှိနေသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။
“နောက်တစ်ခုက ကိုရိုနာဗိုင်းရပ်စ်ရောဂါပေါ့။ အဲ့ဒီရော ဂါကြောင့်လက်ဆေးကြောဖို့အတွက် ဆပ်ပြာနဲ့ ရေတွေလိုအပ်တယ်။ ဒီလိုရောဂါဖြစ်ပွားနေချိန်မှာ အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် ကျနော်တို့ အဲဒီရောဂါက ဘယ်အတိုင်းအတာအထိရှိတာကို ဘာမှမသိသေးဘူး”ဟု မြောက်ဦးမြို့ နယ် တိမ်ညိုစစ်ဘေး ရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းကစတင်ကာ တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်တွင်လည်း ပြည်နယ်အနှံ့တွင် တိုက်ပွဲပြင်းထန်နေပြီး မတ်လ ၂၃ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေငြာလိုက်သောကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။
{Unicode}
https://www.facebook.com/dmgnewsagency/posts/1660665697419168?__tn__=-R
No comments:
Post a Comment