ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုဖြစ်ပွား၍ ဒေသခံ(၅)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရ
နှင်းနွယ် | DMG
ဧပြီ ၂၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်တွင် ဧပြီလ ၁ ရက်နေ့၊ ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သောကြောင့် အရပ်သား(၅)ဦးသေဆုံးကာ (၈)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများထံက သိရသည်။
“ပစ်ခတ်သံတွေကြားတာနဲ့ ကိုယ့်အိမ်မှာကိုယ်ပုန်းနေကြတာ။ သေဆုံးသွားသူတွေကလည်း အိမ်မှာနေရင်း လက်နက်ကျည်ထိပြီး သေသွားကြတာ” ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။
သေဆုံးသွားသူများမှာ ပြည်တော်သာရပ်ကွက်မှ ဦးမောင်အေးကျော်(၅၈နှစ်)၊ ဒေါ်ကုလားမစိန်(၆၂နှစ်)၊ ရွာမပြင်ကျေးရွာမှ ဦးမောင်ကြာ(၇၂ နှစ် )၊ ပိန္နဲချောင်းကျေးရွာမှ ဒေါ်မထွီး (၅၄နှစ်)နှင့် သမီးဖြစ်သူ မဖြူဖြူအေး (၁၄နှစ်)တို့ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ကျောက်တော်မြို့တွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ထိုပစ်ခတ်မှုများကြောင့် အသက် (၉)နှစ်မှ (၆၀)နှစ်ကြား ဒေသခံ(၈)ဦးဒဏ်ရာရရှိသွားပြီး အသက်(၁၇)နှစ်အရွယ် မမိုးမိုးနွယ်မှာ ဘယ်ဖက်ပေါင်၊ ညာဖက်ဒူး၊ ခါးတွင် ကျည်စထိမှန်သွား၍ စစ်တွေဆေးရုံသို့ ယနေ့နံနက်ပိုင်းတွင် ပို့လိုက်ရသည်။
ကျည်ထိမှန်၍ ဒဏ်ရာရရှိသွားသည့် အသက် (၂၅)နှစ်အရွယ် ကိုနေလင်းသန်းမှာ မြို့တွင်း စစ်ဘေးရှောင်စခန်းတစ်ခုတွင် နေထိုင်ပြီး ပြည်တော်သာရပ်ကွက်ရှိ ဝရိန်ဆော်လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူဖြစ်သည်။
“မနေ့ညက လက်နက်ကြီး၊ လက်နက်ငယ်တွေက မိုးရွာသလိုမျိုးရွာတယ်။ ကျနော်က စစ်ဘေးရှောင်စခန်းမှာနေရတာ။ သုံးစွဲဖို့ငွေလေးနည်းနည်းရအောင်ဆိုပြီး အလုပ်သွားလုပ်တာ။ အလုပ်လုပ်ပြီးလို့ အိမ်ကိုပြန်လာတော့ နေဗီကလှမ်းပစ်တယ်။ ကျနော့်မှာက လက်ညိုးပြတ်ထွက်သွားတယ်” ဟု ကိုနေလင်းသန်းက ပြောသည်။
ထိုပစ်ခတ်မှုမှာ တပ်မတော်နေဗီမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းနှင့် ဒဏ်ရာရရှိသူများစွပ်စွဲကြသည်။ နေဗီကလှမ်းပစ်မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိသွားသည်ဟု စွပ်စွဲချက်နှင့်ပတ်သက်ပြီး တပ်မတော်တုန့်ပြန်ချက် ရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
{Unicode}
■ ကြောကျတောျမွို့ပေါျ ပဈခတျမှုဖွဈပှား၍ ဒသေခံ(၅)ဦးသဆေုံးပွီး (၈)ဦးဒဏျရာရ
https://www.facebook.com/dmgnewsagency/posts/1660707450748326?__tn__=-R
No comments:
Post a Comment