■ တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာနေ
မင်းထွန်း | DMG
ဧပြီ ၂၊ စစ်တွေ
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆန်အပါအဝင် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်နေကြောင်း မြို့နယ်စားနပ်ရိက္ခာသယ်ယူရေးကော်မတီထံက သိရသည်။
ယခင်က ပလက်ဝဒေသတွင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ငွေကျပ် သုံးသောင်းကျပ်သာ ရှိခဲ့သော်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာမှုကြောင့် တစ်အိတ်လျှင် ငွေကျပ် (၉)သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လာသည်။ လက်ရှိတွင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ငွေ (၁၁၅၀၀၀)ကျပ်အထိ ဈေးနှုန်းမြင့်တက်လာသည်ဟု ကော်မတီဥက္ကဌ ဦးစိန်ထွန်းလှက ပြောသည်။
အလားတူ ကြက်သွန်နီတစ်ပိဿာလျှင် ယခင်က ငွေကျပ် (၁၅၀၀)ခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ငွေ ကျပ် (၇၀၀၀)အထိ မြင့်တက်လာသည်။ ထို့ပြင် ငါးပိတစ်ပိဿာလျှင် ယခင်က ငွေကျပ် (၄၀၀၀)ခန့်ဈေး နှုန်းသာ ရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် (၁၅၀၀၀)အထိ ဈေးနှုန်းမြင့်တက်လာသည်ဟု ဒေသခံများထံက သိရသည်။
“ကျောက်တော်တို့ဘက်ကနေ လွတ်လွတ်လပ်လပ် သယ်ယူခွင့်မရတဲ့အတွက် ဒီလိုဈေးမြင့်သွားတဲ့ သဘောမျိုး ပေါ့” ဟု ဦးစိန်ထွန်းလှက ပြောသည်။
မြို့နယ်အတွင်းတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေသောကြောင့် ဆန်အိတ်(၆၀၀၀)အိတ် ကူညီထောက်ပံ့ရန် အစိုးရက စီစဉ်ထားသည်။ သို့သော် ပလက်ဝသို့ ပို့ဆောင်ရန် ဒေသတည်ငြိမ်မှု မရှိသောကြောင့် ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့်ကျောက်တော်မြို့တို့တွင် ယာယီထားရှိထားသည်မှာ နှစ်လခန့်ရှိနေပြီဟု ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ ဆန်အိတ်များကို ပလက်ဝသို့ အမြန်ဆုံး ကူညီပို့ဆောင်ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရကို တင်ပြထားသော်လည်း လုံခြုံရေးအခြေအနေအရ မပို့နိုင်သေးကြောင်းသာ အကြောင်းပြန်လာခဲ့သည်ဟု ချင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က ပြောသည်။
“ဘယ်သူမှ မသွားရဲကြတာ။ လမ်းမှာ တပ်ကရှိသလို AA ကလည်း ရှိတယ်လေ။ AA က တစ်ဖက်၊ တပ်က တစ်ဖက်ကြားမှာ ဘယ်သူကမှ မသွားရဲဘူး” ဟု ဦးစိုးထက်ကဆိုသည်။
ပလက်ဝမြို့မှ ဒေသခံများသည် ဆန်နှင့်စားနပ်ရိက္ခာများကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ အဓိက ဝယ်ယူစားသုံးနေကြရပြီး လက်ရှိတွင် တိုက်ပွဲများကြောင့် ပလက်ဝမြို့သို့သွားသည့် ရေလမ်း၊ ကုန်လမ်းခရီးများ ပိတ်ထားခြင်းကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာများ အခက်အခဲဖြစ်ပေါ်ကြခြင်းဖြစ်သည်။
ပလက်ဝမြို့နယ် မီးဝဗျုဟာကုန်းပတ်ဝန်းကျင်တွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ပြီး တပ်မတော် နှင့် ရက္ခိုင့်တပ်တော်(AA) တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ပလက်ဝမြို့နယ် အတွင်းမှ ဒေသခံများသည် သူတို့၏ နေရပ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။
{Unicode}
https://www.facebook.com/dmgnewsagency/posts/1660649724087432?__tn__=-R
No comments:
Post a Comment