ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀) ကျင်းပ
နေပြည်တော် ဧပြီ ၃၀
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ်လွှတ်တော်အသီးသီး၏ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေ ၁၈ ရက်တွင် စတင်ကျင်းပရန် ကြေညာထားပြီးဖြစ်ပါကြောင်း၊ ယခုခေါ်ယူထားသည့် လွှတ်တော်အစည်းအဝေးတွင် လက်ရှိကာလအတွင်း မဖြစ်မနေဆောင်ရွက် ပေးရမည့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များကို အချိန်ကာလတိုအတွင်း အဆင်ပြေချောမွေ့ စွာ ပြီးစီးရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုခံယူနိုင်ရေးနှင့် သွားလာနေထိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးကာလမတိုင်မီ ကြိုတင်၍ COVID-19 ရောဂါ ရှိ/ မရှိ စစ်ဆေးပေးနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နေပြည်တော်သို့ မေ ၉ ရက်ထက် မစော ၁၀ ရက်ထက်နောက်မကျစေဘဲ လာရောက်ကြရန် ပြင်ဆင်ခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒနယ်မြေအသီးသီးမှ အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ အချိန်မီလာရောက်နိုင်ရေးကိုလည်း သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ထားပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် လွှတ်တော်များ၏ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးနှင့် ကျန်းမာရေးကို အထူးဂရုပြုဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုကော်မတီနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက (၁၆)ကြိမ်မြောက်လွှတ်တော်ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၇ ရက်တွင် စတင်ကျင်းပ ရန် လျာထားခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ရွှေ့ဆိုင်း ထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါတွင် လွှတ်တော်အစည်းအဝေး ခေါ်ယူဆောင်ရွက်ပေးရမည့် လုပ်ငန်းကိစ္စရပ်များအတွက် ကန့်သတ်ကာလ အခြေအနေ အရ လွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးရခြင်းဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုအန္တရာယ် ကာကွယ် ထိန်းချုပ်ရေးအတွက် သင့်လျော်ကောင်းမွန်သည့် အစီအစဉ်များဖြင့် လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးနည်းလမ်းများကို ဝိုင်းဝန်းအကြံပေးကြရန်နှင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီ အလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး များနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
No comments:
Post a Comment