Friday, May 1, 2020

ပလက်ဝသို့ ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်သည့် WFP ယာဉ်တန်း ပစ်ခတ်ခံရ

ပလက်ဝသို့ ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်သည့် WFP ယာဉ်တန်း ပစ်ခတ်ခံရ
01-May-2020


ရန်ကုန်၊ မေ ၁

ချင်းပြည်နယ် ပလက်ဝမြို့ ဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ မော်တော်ယာဉ်များ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲများကြောင့် လမ်းကြောင်းများ ပြတ်တောက်နေပြီး စားနပ်ရိက္ခာ အခက်အခဲရှိနေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ တပ်မတော်ယာဉ်တန်းနှင့် နှစ်ကြိမ်တိုင် စားနပ်ရိက္ခာများ ပို့ဆောင်ပေးခဲ့ပြီး တတိယအကြိမ် အဖြစ် ဧပြီ ၂၉ ရက်ညနေပိုင်းက ထပ်မံပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ ပို့ဆောင်ရာတွင် လမ်းကြောင်းအခြေအနေနှင့် လုံခြုံရေးအခြေအနေအရ လုပ်ငန်းယာဉ် ၃၁ စီးက ရှေ့မှစတင်ထွက်ခွာခဲ့ပြီး WFP မှ ၆ ဘီးယာဉ် ၅ စီးက နောက်မှ ကပ်လျက်လိုက်ပါကာ ယာဉ်ပေါ်လိုက်လုံခြုံရေးအဖွဲ့များ၊ လမ်းလုံခြုံရေးအဖွဲ့များဖြင့် စနစ်တကျလုံခြုံရေးဆောင်ရွက်၍ ထွက်ခွာခဲ့ကြောင်း ယင်းသို့ထွက်ခွာခဲ့ရာ ဆမီး၏ အနောက်ဘက် မီတာ ၁၀၀၀၀ ခန့် အကွာသို့အရောက်၌ AA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

AA လက်နက်ကိုင်အဖွဲ့က WFP မှမော်တော်ယာဉ်များကိုသာ ဦးတည်ပစ်မှတ်ထား ရွေးချယ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လမ်းလုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့များနှင့် ယာဉ်ပေါ်ပါ လုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA လက်နက်ကိုင်အဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းလည်း တပ်မတော်ကဆိုသည်။ 

အဆိုပါ နှောင့်ယှက်ပစ်ခတ်မှုများကြောင့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင် (ဘ) ဦးအောင်စိုးမြင့် ၊ ပခုက္ကူမြို့နေထိုင်သူ၏ မျက်နှာတွင် မော်တော်ယာဉ်လေကာမှန်စ ထိမှန်၍ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့် ၆ ဘီးယာဉ်အမှတ် YGN-2C-3916ဆီတိုင်ကီနှင့် ရှေ့လေကာမှန်လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း အခြားမော်တော်ယာဉ် ၄ စီးတွင်လည်း ရှေ့/နောက် လေကာမှန်များ၊ တံခါးများ၊ ဘီးများနှင့် ကိုယ်ထည်များ လက်နက်ငယ်ထိမှန်ပျက်စီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းသို့ မော်တော်ယာဉ်များ ထိမှန်ပျက်စီးခဲ့သော်လည်း လုံခြုံရေးစနစ်တကျဆောင် ရွက်၍ ချီတက်ခဲ့မှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံကာကွယ်ခဲ့မှုများကြောင့် အဆို ပါ ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ဧပြီလ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပလက်၀ နယ်မြေခံ တပ်ဌာနချုပ်ဝန်းကျင်သို့ ချောမောစွာဖြင့် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင်အား ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးအဖွဲ့မှ ဆေးမှူးဖြင့် လိုအပ်သည့်ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ပလက်ဝမြို့ရှိစစ်ဘေးရှောင်များကို အကူအညီအထောက်အပံ့ပေးရန် လှူဒါန်းလိုသူများ ရှိလာပြီဖြစ်သော်လည်း ပလက်ဝမြို့နှင့် ဆမီးမြို့အကြားတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ပလက်ဝမြို့မှာ ပိတ်မိနေသည့် အနေအထားဖြစ်ဆဲဖြစ်ကြောင်း ပလက်ဝစစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ဆိုသည်။

ထို့ပြင် လက်ရှိတွင် ပလက်ဝမြို့ပေါ်ရှိ ဒေသခံများအတွက် အလှူရှင်များနှင့်၊ အစိုးရက ထောက်ပံ့သည့် စားနပ်ရက္ခာများကို အခမဲ့ပေးဝေသွားမည်ဖြစ်ကာ တပ်မတော်၏ လုံခြုံရေးကူညီထောက်ပံ့မှု အစီအစဉ်ဖြင့် သယ်ဆောင်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကပြောကြားသည်။

ပလက်ဝမြို့က ဒေသခံများ၊ တိုက်ပွဲရှောင်များ၊ IDPs Camp မှာရောက်နေတဲ့စစ်ဘေးရှောင်တွေအတွက် ရိက္ခာတစ်ပတ်စာ အခမဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ် ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပလက်ဝမြို့အတွင်း တိုက်ပွဲရှောင် အိမ်ထောင်စုပေါင်း ၁ ထောင်ကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၄ ထောင်ကျော်ရှိကြောင်း ချင်းပြည်နယ်အစိုးရထံမှ သိရသည်။

No comments:

Post a Comment