Thursday, April 2, 2020

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်(၂၀၀၀)ကျော် ထပ်တိုး

■ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်(၂၀၀၀)ကျော် ထပ်တိုး

နှင်းနွယ် | DMG
ဧပြီ ၂ ၊ ပုဏ္ဏားကျွန်း

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် ယခုရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ (၂၀၀၀)ကျော် တိုးလာသည်ဟု ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူများထံက သိရသည်။

မတ်လ ၂၈ ရက်နေ့က ပေါက်တောပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အရပ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်။ ယင်းနောက်ပိုင်းတွင် အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြခြင်းဟု ကူညီကယ်ဆယ်ရေးပြုလုပ်နေသည့် အရှင်သဘာဝနဒီက မိန့်ကြားသည်။

“ရွာထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ တိုက်ပွဲဖြစ်လို့ လူတစ်ယောက်သေပြီး သုံးယောက်ဒဏ်ရာရသွားတဲ့ နေ့ကတည်းက ထွက်ပြေးလာကြတာဖြစ်တယ်”ဟု အရှင်သဘာဝနဒီက မိန့်ကြားသည်။

ပေါက်တောပြင်ကျေးရွာသားများသည် စေတီပြင်၊ ကန်ချောင်း၊ ကျောက်ပြင်ဆိပ် စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြသည်။

“အခုလက်ရှိ ထွက်ပြေးလာတဲ့သူတွေကို ကိုယ်တော်တို့ ရဟန်းတော်များအဖွဲ့က ဦးဆောင်ပြီးတော့ သူတို့တွေ နေထိုင်စားသောက်ရေးအတွက် စီစဉ်နေတယ်။ လက်ရှိတော့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို စေတီပြင်ကျေးရွာမှာ စုပြီးတော့ နေရာချပေးထားတယ်”ဟု အရှင်သဘာဝနဒီက မိန့် ကြားသည်။

ယခုကဲ့သို့ မိမိတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးကာ တစ်ခြားတစ်နေရာမှာ လာရောက်ခိုလှုံနေကြရသည့်အတွက် နေထိုင်စားသောက်ရေး အခက်အခဲရှိကြောင်း ပေါက်တောပြင်ကျေးရွာမှ ကိုသူရိန်ဦးက ပြောသည်။

“လက်ရှိမှာတော့ နီးစပ်ရာဆွေမျိုးအိမ်တွေ ပတ်ဝန်းကျင်ရွာကအိမ်တွေမှာ ကပ်ပြီးတော့ စားနေရတယ်။ နေရထိုင်ရတာတွေကလည်း ခက်ခဲတယ်။ မိသားစု လေးငါးယောက်ပဲနေလို့ရတဲ့ အိမ်တွေမှာ ကျနော်တို့တွေပါ နေထိုင်နေရတော့ နေထိုင်ရေးကတော့ အရမ်းကျပ်တည်းတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော်အထိ ရှိလာကာ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေကြသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

{Unicode}


ဧပွီ ၂ ၊ ပုဏ်ဏားကြှနျး









https://www.facebook.com/dmgnewsagency/posts/1660565040762567?__tn__=-R

No comments:

Post a Comment