စစ်ပွဲတွေရပ်ပြီး COVID အရေး အားစိုက်လုပ်ဖို့ အရပ်ဘက်အဖွဲ့များ တောင်းဆို
01 ဧပြီ၊ 2020
ဇော်ထက်
ရခိုင်ပြည်နယ်တွင်း နှစ်ဘက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော စစ်ဘေးဒုက္ခသည် မြိုတိုင်းရင်းသား မိသားစု (ဇန်နဝါရီ ၂၅၊ ၂၀၁၉)
ရခိုင်ပြည်နယ်တွင်း နှစ်ဘက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော စစ်ဘေးဒုက္ခသည် မြိုတိုင်းရင်းသား မိသားစု (ဇန်နဝါရီ ၂၅၊ ၂၀၁၉)
မျှဝေပါ
Print
(Zawgyi/Unicode)
မြန်မာမှာလည်း COVID-19 စိုးရိမ်ရတဲ့ အခြေအနေမှာ စစ်ပွဲတွေရပ်ပြီး ကပ်ရောဂါထိန်းချုပ်ရေးကို အားစိုက်လုပ်ကြဖို့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
တိုက်ပွဲတွေ၊ ပဋိပက္ခဖြစ်လို့ နေရပ်စွန့်ခွာနေရသူ ၃၅၀,၀၀၀ ကြားမှာ COVID-19 ကပ်ဘေးအန္တရာယ် စိုးရိမ်ဖွယ်ရှိတာမို့ ဒီပြဿနာကို မြန်မာအစိုးရက မြန်မြန်ဆန်ဆန် တုံ့ပြန်သင့်ကြောင်း လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW က တိုက်တွန်းလိုက်သလို ကုလ အတွင်းရေးမှူးချုပ်ကလည်း ကပ်ရောဂါကာလအတွင်း လူ့အခွင့်အရေးကို အလေးထားပြီး စစ်ပွဲတွေရပ်ပေးဖို့ အာဆီယံအစိုးရတွေကို ပန်ကြားထားပါတယ်။
ဒီလို နိုင်ငံတကာအဖွဲ့တွေက တိုက်တွန်းပြီးရက်ပိုင်းအတွင်း ပြည်တွင်းအရပ်ဘက်အဖွဲ့ ၂၆၀ ကျော်ကလည်း ပဋိပက္ခအတောအတွင်း နေရပ်စွန့်ခွာသူတွေ၊ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုပြီး ထိခိုက်နိုင်တယ်ဆိုတာ သဘောထား ပူးတွဲထုတ်ပြန်ခဲ့တာပါ။
အရေးကြီး အခြေအနေကို ရောက်နေတဲ့အတွက် ပဋိပက္ခတွေရပ်တန့်ဖို့၊ သတင်းအချက်အလက်မြန်မြန်ရဖို့ အရေးကြီးကြောင်း ရန်ကုန်တိုင်းအရပ်ဘက်အဖွဲ့ ကွန်ရက်က ဒေါ်သက်သက်အောင်က ပြောပါတယ်။
“ကျမတို့ ဒီ COVID-19 ကို ကာကွယ်နိုင်ဖို့အတွက် အခုလက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ရှိနေတဲ့ စစ်မက်တွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ လိုအပ်တယ်။ ဒီဘက် ကျမတို့ မြို့ကြီးတွေမှာတောင်မှ COVID-19 အတွက် လုံလုံလောက်လောက် အကာအကွယ်ရဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုးမှာ ကမ္ဘာ့ကပ်ရောဂါ ဖြစ်တယ်ဆိုတဲ့ သတင်းအချက်အလက်မျိုးတွေ ပြည်တွင်းစစ်ဖြစ်တဲ့ဒေသတွေမှာ ရရှိနေဖို့လိုအပ်တယ်။ ရခိုင်ဘက်မှာ အင်တာနက် ဖြတ်တောက်ထားမှုတွေ ရှိတယ်၊ ကျမတို့အနေနဲ့ ဒါကြောင့် စိတ်ပူတဲ့အတွက် ဒီပူးတွဲကြေညာချက်ကို ထုတ်ခြင်းဖြစ်ပါတယ်။”
ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ကြိုကြား ရှိနေပေမဲ့ ရခိုင်မြောက်ပိုင်းမှာတော့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA နှစ်ဘက်တိုက်ပွဲတွေ ရှိနေပါတယ်။ အချိန်ကြာလာတဲ့ ဒီတိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ရှောင်က ၁၅၀,၀၀၀ ကျော်ပြီလို့ ရခိုင်အရပ်ဘက်အဖွဲ့ REC က သတင်းထုတ်ပြန်ပါတယ်။
“စစ်ပွဲတွေက ပိုပြီးတော့ ပလက်ဝမှာဖြစ်တယ်။ နောက်ပြီး မင်းပြားတို့ ဘာတို့မှာ စစ်ပွဲတွေက ပိုဖြစ်လာတာ ရှိတယ်။ အခုရှိနေတဲ့ပုံက သူတို့ စစ်ပွဲတွေကို ရပ်မယ့်ပုံတော့ မပေါ်ဘူး။ လူတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် attention တွေ ရောက်နေတဲ့အချိန်မှာ စစ်ပွဲတွေကို ပိုလုပ်မယ်ဆိုတဲ့ သဘော သဘာဝ ဆောင်နေတော့လေ။ စစ်ပွဲတွေကို လျှော့ချပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ အတူတူပေါင်းပြီး လုပ်ရမယ့်အချိန်ကို ရောက်နေပြီ။ ဒါပေမဲ့ အဲဒီအချိန်ကို အစိုးရရော၊ စစ်တပ်ရော၊ မြန်မာစစ်တပ်ကပါ လုပ်တဲ့ဟာ မတွေ့ဘူး။”
ရခိုင်လူသားချင်းစာနာရေးအဖွဲ့ AHCT က ကိုကျော်ဆန်းလှိုင်ပြောသွားတာပါ။
တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့တဲ့ ချင်းလူမျိုးဟာ မတ်လအတွင်းမှာ ၄,၀၀၀ လောက် ရှိကြောင်း ချင်းစည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
“ဆိုတော့ ဟိုတနေ့ကလည်း နောက်ထပ် အဲဒီလို တိုက်ပွဲဖြစ်ပြီးတော့ အိမ်တွေရွာတွေ မီးလောင်တဲ့ဟာ ဖြစ်တဲ့အတွက် အခုလည်း ပြေးဖို့ ပြင်နေတာတွေ ရှိတယ်။ ဘယ်နှယောက် တိုးလာမလဲတော့ မသိဘူးပေါ့။ ပလက်ဝမြို့ပေါ် ပြေးလာဖို့ရှိတယ်။”
ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား ဒီဒေသတွေမှာ အင်တာနက်ဖြတ်တောက်တာ၊ လူသားချင်းစာနာတဲ့အကူအညီတွေ၊ အရပ်ဘက်လှုပ်ရှားမှုတွေကို ပိတ်ပင်တာက ရောဂါတားဆီးရေးမှာ ပိုဆိုးရွားနိုင်တယ်လို့ HRW ကထောက်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအပါအဝင် ဗြိတိန်၊ နော်ဝေ၊ ကနေဒါ စတဲ့ နိုင်ငံပေါင်း ၁၇ ခုက သံအမတ်ကြီးတွေဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် ထောက်ခံပြီး စစ်ပွဲတွေရပ်တန့်ဖို့၊ ဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းလိုက်ပါတယ်။
https://burmese.voanews.com/a/covid-19-myanmar-gov/5355060.html
No comments:
Post a Comment