02-Mar-2020
ရန်ကုန်၊ မတ် ၁
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင် မြို့နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် အဓိကတောင်ကြောဖြစ်သည့် လွိုင်တွန်းတောင်ကြောမှ RCSS တပ်ဖွဲ့များ ဆုတ် ခွာပေးခဲ့ပြီဖြစ်ကြောင်း RCSS အဖွဲ့ထံမှ သိရသည်။
အဆိုပါ မိုင်းကိုင်မြို့နယ်အတွင်း တပ်မတော်နှင့် RCSS လက်နက်ကိုင်အဖွဲ့တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါ RCSS တပ်စွဲထားသည့် တောင်ကြောနေရာကို တပ်မတော်က နယ်မြေကျော်လွန်နေသည့် အတွက် တပ်ဆုတ်ပေးရန် ဖိအားပေးနေခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါအငြင်းပွားမှု နှင့် ပတ်သက်၍ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တာဝန်ရှိသူများအကြား နှစ်ဖက်ညှိနှိုင်းကာ RCSS ဘက်က ယင်းတောင်ကုန်းနေရာမှ မတ်လ ၁ ရက် နေ့ နေ့လယ်ပိုင်းတွင် ဆုတ်ခွာပေးလိုက်ပြီ ဖြစ်ကြောင်း RCSS အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက The Voice သို့ ပြောကြားသည်။
"ကျွန်တော်တို့ဘက်ကလည်း ဆုတ်ခွာပေးဖို့၊ တပ်မတော်ဘက်ကလည်း ရှေ့ဆက်မတိုးဖို့၊ ဆုတ်သင့်တဲ့နေရာ ဆုတ်ပေးဖို့ဆိုတဲ့ သဘောတူညီချက်နဲ့ ဆုတ်ခွာပေးလိုက်ပြီ။ တိုက်ပွဲတွေလည်း ငြိမ်သွားပြီနော်။ ရှေ့ဆက်ငြိမ်းချမ်းရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေ ရှေ့ဆက်ဆွေးနွေးစရာ အများကြီးရှိသေးတယ်။ ဒီတိုက်ပွဲလေးကြောင့် ပြဿနာမကြီးစေချင်ဘူး ဆိုတဲ့သဘောနဲ့ နှစ်ဖက်ဆွေးနွေးပြီးတော့ ဆုတ်ခွာပေးလိုက်တာဖြစ်တယ်" ဟု ၎င်းကဆိုသည်။
အဆိုပါတောင်ကုန်းနေရာသည် RCSS လက်နက်ကိုင်အဖွဲ့အတွက် စစ်ရေးအရအရေးပါသည့် နေရာတစ်ခုမဟုတ်ဘဲ တပ်မတော်ဘက်က မည်သည့်နေရာဖြစ်ဖြစ် နယ်မြေကျူးကျော်သည်ဟု စွပ်စွဲပြောဆိုနေမှုကြောင့် ဆက်၍တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း၊ သူ့ဘက်ကိုယ့်ဘက် ဆက်မတိုက်တော့ဟူသည့် သဘောတူညီချက်ကြောင့်သာ ဆုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ယင်းတိုက်ပွဲများကြောင့် အနီးတစ် ဝိုက်ကျေးရွာများမှ ထွက်ပြေးသူများရှိနေပြီး စစ်ရှောင်နေရသူ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ အပါအဝင် ၁၀ဝ ကျော်ရှိကြောင်း မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန်ကပြောကြား ထားသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရခြင်းသည် တပ်မတော်ကပုံမှန်လုံခြုံရေးဆောင်ရွက်နေစဉ် RCSS အဖွဲ့ရောက်နေခြင်းဖြစ်ပြီး အဆိုပါနယ်မြေသည် တပ်မတော်က ပုံမှန်ခွင့်ပြုပေးထားသည့် နယ်မြေမဟုတ်ဘဲ ခွင့်ပြုထားသည့် နယ်မြေထက်ကျော်လွန် နေသည့်အတွက် ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က တိုက်ပွဲစတင်ဖြစ်ပွားသည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က The Voice သို့ ဖြေကြားထားသည်။
"နှစ်ဖက်တွေ့ပြီးတော့ ထိတွေ့မှုဖြစ်တာပါပဲ။ ပုံမှန်အတိုင်းဆို သူတို့က စစ်တိုင်းအရဆို ရ.လ.ခ နယ်မြေအတွင်းမှာရှိရမှာပေါ့။ ဒါပေမဲ့ သူတို့က ရ.မ.ခ နယ်မြေအတွင်းမှာရောက်နေတယ် အဲဒါကြောင့်မို့ ထိတွေ့မှုဖြစ်ပွားတာပါ" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြား သည်။
တပ်မတော်ဘက်က ယင်းသို့ ပြောဆိုသော်လည်း RCSS အဖွဲ့ဘက်ကမူ တပ်မတော်အနေနှင့် RCSS နယ်မြေအတွင်း အင်အားနှင့် ဝင်ရောက်ခဲ့ပြီး လှုပ်ရှားခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RCSS ဘက်ကဆိုသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့လည်းဖြစ်ပြီး လက်ရှိတွင် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ရရေး အစိုးရနှင့် ဆွေးနွေးနေသည့်အဖွဲ့လည်း ဖြစ်သည်။
ထို့ပြင် ၂၁ ရာစုပင်လုံညီလာခံတွင် ပါဝင်နိုင်ရေးအတွက်လာမည့် ဧပြီမတိုင်မီ ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က RCSS လက်နက် ကိုင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
No comments:
Post a Comment