Monday, March 2, 2020

အပစ်ရပ် သက်တမ်းတိုးကြောင်းမြောက်ပိုင်း ၃ ဖွဲ့ကြေညာ

အပစ်ရပ် သက်တမ်းတိုးကြောင်းမြောက်ပိုင်း ၃ ဖွဲ့ကြေညာ
02-Mar-2020
ရန်ကုန်၊ မတ် ၁

မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် (MNDAA) ၊ တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အနေနှင့် တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းခြင်းကို သက်တမ်းတိုးမြှင့်လိုက်ကြောင်း ကြေညာချက်တစ်စောင်ကို မတ်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

အဆိုပါ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့အနေနှင့် ပြီးခဲ့သည့် ၂၀၁၉ စက်တင်ဘာလမှစတင်ကာ အပစ်အခတ်ရပ်စဲရေး  ကြေညာခဲ့ပြီးနောက် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအထိ သက်တမ်းတစ်ကြိမ် ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအထိ သက်တမ်းတစ်ကြိမ် ၊ ယခု သက်တမ်းတစ်ကြိမ် ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ်များ လုံးဝချုပ်ငြိမ်း၍ အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် (Bilateral Ceasefire Agreement) သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံမှုများလုပ်ဆောင်ရန်နှင့် လက်ရှိရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါအား ကျော်ဖြတ်ရာတွင် အထောက်အကူဖြစ်နိုင်စေရန်အတွက် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို မတ်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေနှင့် ညီနောင်မဟာမိတ်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် AA လက်နက်ကိုင်အဖွဲ့အပေါ်  ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးကို မရပ်တန့်သေးသည့်အပြင် ပြင်းထန်သည့်ထိုးစစ်များ လုပ်ဆောင်နေသည့်အတွက် ယင်းထိုးစစ်များကို စောင့်ကြည့်ရန် ယခုကဲ့သို့ အကန့်အသတ်ဖြင့် သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်အနေနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးအပေါ် ထိုးစစ်ဆင်မှုများ ချက်ချင်းရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်လိုသည့်ဆန္ဒကို အပြည့်အဝဖော်ပြကာ တိုင်းရင်းသားအဖွဲ့များနှင့် အမြန်ဆုံး အပစ်ရပ်လက်မှတ်ရေးထိုးရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ကြေညာထားသည့် ကာလအတွင်း တပ်မတော်ကို မြောက်ပိုင်းအဖွဲ့က လက်ဦးယူမှု ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို မပြုလုပ်ဘဲ တပ်မတော်က စတင်တိုက်ခိုက်လာပါက ခုခံကာကွယ်သောအနေအထားဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်းလည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းသို့ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့၏ တစ်ဖက်သတ် အပစ်ရပ်သက်တမ်းတိုးခဲ့သည့်အပေါ် တပ်မတော်သဘောထားကို မေးမြန်းရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

http://thevoicemyanmar.com/news/39959-yat

No comments:

Post a Comment