Wednesday, March 4, 2020

ရခိုင်စစ်ပွဲ အရပ်သားထိခိုက်မှုများအပေါ် စိုးရိမ်ကြောင်း ကုလထုတ်ပြန်

ရခိုင်စစ်ပွဲ အရပ်သားထိခိုက်မှုများအပေါ် စိုးရိမ်ကြောင်း ကုလထုတ်ပြန်
04-Mar-2020
ရန်ကုန်၊ မတ် ၄

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေခြင်းအပေါ် စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မဟာမင်းကြီးရုံး (UNOCHA) က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားသည့် ပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများကျရောက်ခဲ့ကာ အရပ်သားငါးဦးသေဆုံးခဲ့ကာ အရပ်သား ၁၀ ဦးထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ်ကို UNOCHA အနေနှင့် ရည်ညွှန်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အရပ်သားများ ထိခိုက်သေဆုံးမှုဖြစ်နေသည်ကို စိုးရိမ်မှုရှိပြီး ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ပြီးခဲ့သည့် ၄၈ နာရီအတွင်း အနည်းဆုံး လူငါးဦးသေဆုံးသွားပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အရပ်သားများ၊ အရပ်သားများနှင့် သက်ဆိုင်ရာနေရာများသည် ပစ်မှတ်မဟုတ်ကြောင်း UNOCHA သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တပ်မတော်ယာဉ်တန်းကို AA လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်တွင် မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး အရပ်သားများ ထိခိုက်သေဆုံးသည်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်နေသည့် ကာလတစ်လျှောက် ပြီးခဲ့သည့် နှစ် ၂၀၁၉ ခုနှစ်က စတင်ကာ အရပ်သားသေဆုံးမှု ၁၀ဝ ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုပေါင်း ၃၀ဝကျော် နှင့် ကျေးရွာပေါင်း ၁၇ ရွာက နေအိမ် ၁၈၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း အဆိုပါ အရပ်သားထိခိုက်မှုဖြစ်ခဲ့သည့် မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် တပ်မတော်အနေနှင့်လည်း မြောက်ဦးမြို့နယ်အတွင်း တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ သံသယရှိသူ ပါဝင်ပတ်သက်သူ ၁၄ ဦးကို ဖမ်းဆီးထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

S-04

http://thevoicemyanmar.com/index.php/news/40028-kai

No comments:

Post a Comment