မြောက်ဦးတွင် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှု၊ မသင်္ကာသူ ၁၄ ဦး ဖမ်းဆီးထား
04-Mar-2020
ရန်ကုန်၊ မတ် ၄
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက တပ်မတော်ယာဉ်တန်းကို AA လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ယင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မသင်္ကာသူ အမျိုးသား ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန် သွားလာသည့် တပ်မတော်ယာဉ်တန်းအား ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မြောင်းဘွေကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့ အရောက်၌ AA လက်နက်ကိုင်အဖွဲ့က နေရာသုံးနေရာမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး။ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် ယင်းဖြစ်စဉ်တွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လုပ်ငန်းသုံးယာဉ်နှစ်စီး မိုင်းစထိမှန်ပျက်စီးခဲ့ကာ AA လက်နက်ကိုင်အဖွဲ့များထံမှ အလောင်းနှစ်လောင်းနှင့် ဖြစ်စဉ်နေရာတစ်ဝိုက်မှ မသင်္ကာဖွယ် ထွန်းထွန်းဝင်း (ဘ) ဦးစိန်ထွန်းအောင် အပါအဝင် အမျိုးသား ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများကို ကနဦးစစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့ထဲမှ အချို့သည် မင်းပြား-မြောက်ဦး-ကျောက်တော် ကားလမ်းပိုင်းတစ်လျှောက်တွင် တပ်မတော်စစ်ကြောင်းများ၊ မော်တော်ယာဉ်များ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ကာ AA လက်နက်ကိုင်အဖွဲ့ထံ သတင်းပို့နေသူများဖြစ်ကြောင်းလည်း တပ်မတော်သတင်းထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် ၎င်းတို့အနေနှင့် တပ်မတော်ယာဉ်တန်းများ၊ စစ်ကြောင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများတွင် ပါဝင်ပတ်သက်သူများဖြစ်ကြောင်း၊ အဆိုပါဖမ်းဆီးရမိသူများအား လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်ရေးနှင့် တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး မြောက်ဦးမြို့မရဲစခန်းသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
S-04
http://thevoicemyanmar.com/index.php/news/40033-myk
No comments:
Post a Comment