Monday, March 30, 2020

မင်းပြား ဖားပြိုကျေးရွာ နေအိမ်များ မီးရှို့ခံကာ မသန်စွမ်းအဘွားအိုတစ်ဦး မီးလောင်သေဆုံးပြီး တစ်ဦးပစ်သတ်ခံရ

မင်းပြား ဖားပြိုကျေးရွာ နေအိမ်များ မီးရှို့ခံကာ မသန်စွမ်းအဘွားအိုတစ်ဦး မီးလောင်သေဆုံးပြီး တစ်ဦးပစ်သတ်ခံရ
ရန်ကုန်၊ မတ် ၃ဝ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာတွင် မတ်လ ၂၉ရက်နေ့ ည၁ဝနာရီခန့်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပတ်ခတ်ပြီး ရွာအတွင်းရှိနေအိမ်များ မီးရှို့ခံခဲ့ရကာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောဆိုသည်။
“ မီးရှို့ခံရတာတော့ ဟုတ်တယ်။ လူနှစ်ဦးသေဆုံးတာလည်း ဟုတ်တယ်။ အဲဒီရွာက လူတွေကျွန်တော့်ကိုပြောတယ်။ ဖြစ်စဉ် တိတိကျကျတော့ ကျွန်တော်လည်းမသိဘူး” ဟု ၎င်းကပြောဆိုသည်။
မင်းပြားမြို့နယ် ရာမောင်တံတားအနီး တပ်စွဲထားသော လက်နက်ကိုင်အဖွဲ့က ရွာအတွင်းသို့ ဝင်ရောက် မီးရှို့ကာ ကျေးရွာသားတစ်ဦး ပစ်ခတ်ခံရပြီး မသန်စွမ်း ကျေးရွာသူ တစ်ဦးမှာ မီးလောင်မှုအတွင်း သေဆုံးခဲ့ကြောင်း ဖားပြိုကျေးရွာသားတစ်ဦးက ပြောဆိုသည်။
“ မင်းပြားမြို့နယ် ရာမောင်တံတား အနီးမှာ ဖားပြိုကျေးရွာရှိတယ်။ အဲဒီဖားပြိုကျေးရွာမှာ မနေ့က ည၁ဝနာရီလောက်က သူတို့ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ပြီးတော့ အယောက် ၂ဝက လက်နက်အပြည့်နဲ့ ရွာကိုဝင်ပြီးတော့ မီးရှို့တယ်။ မီးရှို့ပြီးတော့ စာသင်ကျောင်းတစ်ကျောင်းအပါအဝင်ပေါ့။ နေအိမ် ၁၂အိမ်လောက် မီးလောင်သွားပြီး နှစ်ဦးသေဆုံးတယ်” ဟု အဆိုပါ ကျေးရွာသားကပြောဆိုသည်။
ထိုသေဆုံးသူ နှစ်ဦးမှာ အသက် ၇၅ နှစ်အရွယ် မသန်စွမ်း ဒေါ်ကြာညိုဖြူ နှင့် အသက် ၄ဝအရွယ် ဦးအောင်ထွန်းသာ တို့ဖြစ်ကြောင်းသိရသည်။
“ မသန်စွမ်း အဖွားအိုကတော့ မီးလောင်တဲ့ထဲပါသွားတာ နောက်တစ်ယောက်ကတော့ သေနတ်နဲ့ပစ်ပြီးတော့ မီးပုံထဲထည့်ခဲ့တာ အဖွားအိုက လမ်းမလျောက်နိုင်ဘူး။ နောက်တစ်ယောက်ကတော့ သူ့အိမ်မီးလောင်နေတော့ အိမ်ကို မီးသတ်တဲ့အခါမှာ သူ့ကို သေနတ်နဲ့ ပစ်ပြီးတော့ မီးရှို့လိုက်တာပေါ့” ဟု အမည်မဖော်လိုသော ဖားပြိုကျေးရွာသား တစ်ဦးကပြောဆိုသည်။
အဆိုပါကျေးရွာအနီးတပ်စွဲထားသော လက်နက်ကိုင်တပ်ရင်း ၃ခုရှိပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က ကျေးရွာအတွင်းဝင်ရောက်လာသည်ကို မသိရှိကြောင်း ကျေးရွာသားတစ်ဦးပြောပြချက်အရသိရသည်။
“ ဒီလိုဖြစ်စဉ်တွေ နောက်နောင် မဖြစ်စေချင်လို့ပြောချင်တယ်။ အခုလိုမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ ရွာမှာ မိုးကျတော့မယ်ဆိုတော့ အလုပ်အကိုင်တွေက လုပ်ကိုလုပ်ရတော့မယ် မဟုတ်ဘူးထင်တယ်။ ရွာထဲကို လက်နက်ကြီးတေနဲ့ ပစ်တယ်။ နေအိမ်တွေ မီးရှို့တယ်ဆိုတော့ စိတ်ထဲမှာတော့ တော်တော်မကောင်းဘူး။ နောက်နောင် ဒီလိုဖြစ်စဉ်တွေ မဖြစ်ပါနဲ့တော့လို့ ကျွန်တော်ပြောချင်တယ်” ဟု ကျေးရွာသားတစ်ဦးကပြောဆိုသည်။
အဆိုပါ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကိုရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမပြုပေ။
https://www.facebook.com/khitthitnews/photos/a.386800725090613/884506688653345/?type=3&__xts__%5B0%5D=68.ARDh1Yocs4NmNbjg-pOCO5_s9owR6Q1gAFAE2uNjTzw_kRvnMuUK722oLxfBejLniOTmseEswEJyxlcDKSAYE45P6EnmZjfO8r1zAG7DtBnFnJqvzxmaTGWIEKjtxYiAqkmZAsnr6e_hLFMKqmmIBQSleoFT8wSZNVdQGjXDGWIfrzNMh-klLj_52UDEq1CU3UJemGDQ82p1HJNJtKt073i9t1q-rxqlXsENfMjJGzxj2-zZFWmrwNbFS0L4kQpA2cLqRN5IUE5V9yyzwGOO3fwikp-3JeNCyvEL5bej9hWD6pIBpXuyo3qZ0kSPuXiay2OZj9aXufmseIXyIPRaKl8&__tn__=-R

No comments:

Post a Comment