Monday, March 30, 2020

COVID-19 ကပ်ရောဂါကာလ စစ်ပွဲများ အပစ်အခတ်ရပ်စဲရန် အရပ်ဘက် ပြည်သူ အဖွဲ့ ၃၇၀ ဖွဲ့က တိုက်တွန်း

COVID-19 ကပ်ရောဂါကာလ စစ်ပွဲများ အပစ်အခတ်ရပ်စဲရန် အရပ်ဘက် ပြည်သူ အဖွဲ့ ၃၇၀ ဖွဲ့က တိုက်တွန်း
ရန်ကုန်၊ မတ် ၃၀
COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကပ်ရောဂါ ကာလအတွင်း အရှေ့တောင်အာရှ နိုင်ငံများတွင် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ကြရေးအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က စစ်ပွဲများအားလုံး အပစ် အခတ် ရပ်စဲကြပါရန် အာဆီယံအဖွဲ့ဝင်အစိုးရများကို တိုက်တွန်းထားရာ ယင်းတိုက်တွန်းချက်ကို လိုက်နာရန် မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်း ၃၇၀ ဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်သည်။
COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရေးတွင် အာရုံစိုက်နိုင်ရန်အတွက် တစ်ကမ္ဘာလုံးတွင် တိုက်ခိုက်နေကြ သော စစ်ပွဲများအားလုံး အပစ်အခတ်ရပ်စဲကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က အရှေ့တောင်အာရှ နိုင်ငံများအသင်းကြီး (အာဆီယံ) ကို တိုက်တွန်းလိုက်ခြင်းကို လိုက်နာကြပါရန် အဖွဲ့ ၃၇၀ ဖွဲ့က တောင်းဆိုကြောင်း ဖော်ပြထားသည်၊
အရေးပေါ် အစီအစဉ်များကို ဆောင်ရွက်ရာတွင် အာဆီယံနိုင်ငံ အစိုးရများအနေနှင့် လူသားလုံခြုံရေးနှင့် ပဋိပက္ခ ဖြစ်တန်ခြေ အသိသတိကို အခြေခံမူများအဖြစ် ကျင့်သုံးကာ လူ့အခွင့်အရေးဥပဒေများ၊ စံချိန်စံညွှန်းများနှင့် အညီ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လိုအပ်လျှင် လိုအပ်သလို ကြုံနေရသည့် အတိုင်းအဆနှင့် အချိုးကျ လျော်ညီစွာ တုံ့ ပြန်ဆောင်ရွက်ကြရန်၊ ပဋိပက္ခဖြစ်ပွားရာဒေသများမှ ဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ၊ နိုင်ငံမဲ့များ၊ နေရပ်စွန့်ခွာခဲ့ရသူများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအစရှိသည့် ရပ်ရွာပြည်သူများ ရောဂါကြောင့် ပို၍ထိခိုက်နိုင်ပုံကို အလေးအနက်သတိထားကာ ဆောင်ရွက်ရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။
အရှေ့တောင်အာရှဒေသတွင် လက်ရှိ ဖြစ်ပွားနေဆဲ တိုက်ပွဲများကို ဖိလစ်ပိုင်နှင့် မင်ဒါနာအိုတွင် လည်းကောင်း၊ အင်ဒိုနီးရှားရှိ အနောက်ပါပူဝါတွင်လည်းကောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်းကောင်း၊ မြန်မာနိုင်ငံ ၏ တိုင်းရင်းသားပြည်နယ်များတွင်လည်းကောင်း တွေ့ရှိရသည်ဟု ကြေညာချက်တွင် ပါရှိသည်။
အဆိုပါ လက်နက်ကိုင်တိုက်ပွဲများကြောင့် လူ သန်းပေါင်းများစွာမှာ ဒုက္ခသည်များ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူများ ဖြစ်နေကြကြောင်း၊UNHCR ၏ အဆိုအရ ၂၀၁၇ ခုနှစ်တွင် အရှေ့တောင်အာရှ၌ စစ်ပွဲကြောင့် အတိဒုက္ခရောက်ကြရသူပေါင်း ၃.၃၇ သန်းရှိပြီး ခန့်မှန်းခြေ ၁.၄၆သန်းမှာ ဒုက္ခသည်များ ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုခုတွင် ခိုလှုံခွင့်တောင်းခံလိုက်ရသူ များမှာ ၇၄၄၁၆ ဦးရှိကာ ၁.၁၇သန်းမှာ နိုင်ငံမဲ့များနှင့် ၆၆၅၀၅၁ ဦးမှာ နေရပ်စွန့်ခွာရသူများဖြစ်ကြောင်း ၊စစ်မက်ဒဏ်ခံနေရသောနေရာတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ကောင်းစွာလည်ပတ်နေခြင်း မရှိသလိုတိုက်ပွဲအတွင်းမှ ဖယ်ကျဉ်ခံအုပ်စုများမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော လူမှုဘဝအကာအကွယ် များ လုံးဝနီးပါး မရရှိနိုင်ကြောင်း ဟု ဖော်ပြထားသည်။
COVID-19 က အကျပ်အတည်းကြောင့် ဖြစ်လာသော ရွှေ့ပြောင်း နေထိုင်ကြရခြင်းကိုကိုင်တွယ်ရာတွင် အစိုးရများ၏ စွမ်းဆောင်ရည်ကိုလည်းကောင်း ယင်းတို့၏ ကပ်ဘေးတုံ့ပြန် ဆောင်ရွက်နိုင်ပုံကိုလည်းကောင်း စမ်း သပ် နေသည်မှာ မငြင်းနိုင်ဘဲအကြမ်းဖက်မှုများ ပြောင်ပြောင်ပင် ဖြစ်ပေါ်နေသော နေရာများနှင့် နိုင်ငံရေး မတည်ငြိမ်သော နေရာများမှ ရပ်ရွာပြည်သူများ၊ စီးပွားရေးနိမ့်ကျပြီး လူမှုရေးအရင်းအမြစ်များလည်း ယိုင်နဲ့နေသော နေရာများမှ လူမှုဘဝများ သည် ရောဂါကြောင့် ယခု ပို၍ပင် ထိလွယ်ခိုက်လွယ်ဖြစ်ကာ လက်ရှိပဋိပက္ခများကို ပိုမိုဆိုးရွားစေခြင်း သို့မဟုတ် ပဋိပက္ခအသစ်များပေါ်ပေါက်လာခြင်းတို့ ဖြစ်လာမည်ကို ကျွန်ုပ်တို့အနေနှင့် များစွာ စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။
ဤအရေးသည် ဒေသတွင်း အာဆီယံ၏ ခေါင်းဆောင်မှုအတွက်လည်း စမ်းသပ်ချက်တစ်ခုဖြစ်ပြီး အာဆီယံ စုစည်းမှုအင်အားမှာ စီးပွားရေးနှင့် ကုန်သွယ်ရေးထက် ကျော်လွန်နိုင်မှု ရှိမရှိကို မေးခွန်းထုတ်နေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတို့သည် ဤရောဂါကပ်ဘေးကို အာဆီယံအသိုင်းအဝိုင်းအနေဖြင့် ဒေသလုံး ဆိုင်ရာအဆင့် ဖြေရှင်းခြင်းကို မဆောင်ရွက်ရသေးသည်ကို မထူးဆန်းစွာ တွေ့ရကြောင်း၊ကုလသမဂ္ဂကိုယ်တိုင်ပင်လျှင် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်လှုပ်ရှားမှုပုံစံဖြင့် ပြတ်ပြတ်သားသားအင်အား မစုစည်းနိုင်သေးရာ အာဆီယံဒေသတွင်းမှာ နိုင်ငံများစွာတို့သည်လည်း မိမိနိုင်ငံအရေးက ပထမအဖြစ် စဉ်းစားနေ ကြဆဲ ဖြစ်ကြောင်း၊လက်ရှိ နယ်စပ်များကို ပိတ်ထားခြင်းသည် ကပ်ရောဂါဘေးကို ယာယီအားဖြင့်သာ ထိန်းချုပ်ကောင်း ထိန်း ချုပ် နိုင်လိမ့်မည်ဟု နိုင်ငံအသီးသီးက သဘောပေါက်ရန် လိုကြောင်း ဖော်ပြထားသည်။
ပို၍ချိနဲ့သော နိုင်ငံများကို ရောဂါထိန်းချုပ်နိုင်ရေး အကူအညီ မပေးလျှင်၊ အချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်း မရှိလျှင် ဗိုင်းရပ်စ်ရန်ကို နှိမ်နင်းရန် မဖြစ်နိုင်ကြောင်း၊ ဗိုင်းရပ်စ်မှာ ကိုးကွယ်ယုံကြည်မှု၊ လူမျိုး၊ နိုင်ငံသား၊ နိုင်ငံရေးအယူဝါဒနှင့် မည်သူမည်ဝါဖြစ်သည်ကို ဂရု မစိုက်ရာ မခွဲမခြားအားလုံးကို ကူးစက်နိုင်ကြောင်း၊သို့သော် ပဋိပက္ခများကြောင့် အတိဒုက္ခရောက်နေပြီးဖြစ်သော ဆင်းရဲနွမ်းပါးသူများနှင့် နိုင်ငံရေး၊ စီးပွားရေးအရ ဖယ်ကျဉ်ခံထားရသော အုပ်စုများ၊ ထိုသူတို့ကိုအကြောင်းပြကာ အစိုးရလုံခြုံရေး အင်အားများနှင့် အစိုးရ မဟုတ်သော စစ်တပ်များက ဆင်နွှဲနေသောတိုက်ပွဲများ၏ ဒဏ်ကို ခံနေရသူများကို ကပ်ဘေးက ပို၍ နာကျင်စေနိုင်ကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ရာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးမှာ ပညာသတိရှိသော ခြေလှမ်းဖြစ်ရုံသာမက ကျင့်ဝတ်သီလအရ လိုအပ်သဖြင့် စောင့်ကိုစောင့်ထိန်းရမည် ဖြစ်ကြောင်း၊ကပ်ရောဂါဘေးကို ထိန်းချုပ်နိုင်ရန် လိုအပ်သောအလုပ် မှန်သမျှကို အရှိန်အဟုန်မြှင့်ပြီး အများနှင့်အတူ ရင်ဆိုင်နေရသော ယခုပြဿနာကို ဖြေရှင်းရန် ကောင်းမွန် ထိရောက်သော အဖြေ ရှာကြရပါမည်ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲလိုက်ပါက လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူများမှာ ချိနဲ့သော ရပ်ရွာ လူ့အသိုက်အမြုံများသို့ ရောက်ရှိလာနိုင်ပြီး လက်နက်ဖြင့်မပစ်မခတ်ရဘဲ အရေးပေါ်အခြေအနေအတွက် ညှိနှိုင်းအဖြေ ရှာနိုင်ကာ ပူးပေါင်း ဆောင်ရွက်နိုင်သည့် အခင်းအကျင်းကို လမ်းမလွဲစေဘဲ ဖွင့်လှစ်နိုင်ကြမည်ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။
စစ်မက်ပဋိပက္ခကြောင့် ဆုံးရှုံးမှုများနှင့် ကြုံနေရသူများထံ နောက်ထပ် ထိခိုက်နာကျင်စေခြင်းများထပ်မံ မကျရောက်စေရန် အကူအညီများ ရောက်အောင် ပို့ဆောင်ရမည်ဖြစ်ကြောင်း၊အထက်ပါအရေးများကို မျှော်ရည်လျက် နိုင်ငံတော်အစိုးရတို့သည် ကပ်ဘေး ထိန်းချုပ်ရေး အစီအမံများ ဆောင်ရွက်ရာတွင် လူသားလုံခြုံရေးနှင့် ပြည်သူ့ဘဝတရားမျှတမှုကို အဓိကထားကြပြီးလျှင် အရေးပေါ် အစီအမံ များကို အကြောင်းပြု၍ သေးသိမ်သော နိုင်ငံရေးအကျိုးအမြတ်အတွက် အာဏာများကို အလွဲ မသုံးကြရန်လည်း လိုကြောင်းလည်း ဖော်ပြထားသည်။
အရပ်ဘက်အဖွဲ့အစည်း ၃၇၀ ခုက အချက် ၆ ခုက အဓိကထားတောင်းဆိုပြီး အဆိုပါ အချက် ၆ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ လူသားချင်းစာနာမှု အကူအညီပေးရေးလမ်းကြောင်းများ ဖော်ထုတ်နိုင်ရေးနှင့် အကူအညီများသယ်ပို့နိုင်ရေး၊ အထူးသဖြင့် ကျန်းမာရေး ပညာပေးလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပဋိပက္ခဖြစ်ရာအရပ်မှ ဒေသခံများထံ ပေးနိုင်ရန် မိမိတို့တပ်များဘက်က စ၍ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းကြေညာပေးရန်။
ထိုသို့ ကြေညာပေးခြင်းက လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေး ညှိနှိုင်းရန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ အပြန်အလှန် ချမှတ်နိုင်ရန်နှင့် အပစ်အခတ်ရပ်စဲကာလ စောင့်ကြည့်ရေး အစီအမံများကို လည်း ထူထောင်ရန် လမ်းစကို ပေါ်စေမည်ဖြစ်သည်။
၂။ နိုင်ငံသား၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဂျန်ဒါ၊ စီးပွားရေးအဆင့်အတန်းနှင့် မည်သူမည်ဝါဟူ၍ မခွဲခြားဘဲ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်းစာနာမှု အကူအညီများကိုခွဲခြားဆက်ဆံခြင်းမရှိ ပွင့်လင်းမြင်သာပြီး လူ့ ဂုဏ်သိက္ခာကို အလေးအမြတ်ပြု ပေးအပ်နိုင်ရန် လိုအပ်သည်များကို လုံလောက်အောင် ဝေခြမ်းစီစဉ်ပေးရန် တောင်း ဆိုပါသည်။
၃။ ဌာနေတိုင်းရင်းသားများ၊ ဒုက္ခသည်များ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ အစရှိသည့် ထိခိုက်လွယ်သော အုပ်စုများနှင့် ပဋိပက္ခဒဏ်သင့်နေသူများကို အထူးလိုအပ်နေ သော ပစ္စည်းများ ထောက်ပံ့ပေးအပ်နိုင်ရန် အစွမ်းကုန် ဆောင်ရွက်သင့်ပါသည်။
ဥပမာ - အန္တရာယ်ကင်းသော သောက်သုံးရေနှင့်သန့်ရှင်းရေး ပစ္စည်းများ ရရှိစေရေး၊ မျက်နှာဖုံးနှာခေါင်း စည်းများ အစရှိသည့် ရောဂါကာကွယ်ရေးပစ္စည်းများ၊ ချက်ချင်းရောဂါစမ်းသပ်နိုင်ရန်နှင့် ကောင်းမွန်သော ဆေးဝါး ကုသမှုကို ရရှိနိုင်ရန်၊ လူမှုရေး အကာအကွယ်များ ရရှိနိုင်ရန် ဆောင်ရွက်ပေးသင့်ပါသည်။
နေရပ် စွန့်ခွာထွက်ပြေးနေရသူ အမျိုးသမီးတို့အပေါ်တွင် မတရားသဖြင့် ကျရောက်နိုင်သော အန္တရာယ်များ နှင့် သူတို့၏ လိုအပ်ချက်များကို ဖြေရှင်းပေးရပါမည်။
၄။ အစိုးရအစီအမံများနှင့် လုံခြုံရေးလုပ်ငန်းများကို ကပ်ဘေးတုံ့ပြန်ရေး အစီအစဉ်များတွင် ထည့်သွင်းဆောင်ရွက် ရာတွင် တည်ဆဲ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေသတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြ ရပါမည်။
အစိုးရအနေနှင့် အရေးပေါ်အခြေအနေကို ကြေညာရာတွင်လည်းကောင်း၊ ရပ်ရွာများကို ရောဂါ မကူးစက် စေရေးအတွက် သီးခြား ကန့်ထားရာတွင်လည်းကောင်း၊ တစ်နေရာမှ တစ်နေရာသို့ အသွားအလာဖြတ်တောက်ရာ တွင် လည်းကောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်များကို ထိခိုက်စေခြင်း မဖြစ်အောင် ဆောင်ရွက်ရပါမည်။
ပဋိပက္ခဒေသများတွင် ပိတ်ဆို့ထားခဲ့သော အင်တာနက် ဝန်ဆောင်မှုများ ရှိလျှင် ပြန်ဖွင့်ပေးရပါမည်။ ကပ်ရောဂါ အခြေအနေများနှင့် အစိုးရက ဆောင်ရွက်နေသော ရောဂါထိန်းချုပ်ရေး အစီအမံများနှင့်ပတ်သက်၍ ကာလ ဒေသအလိုက် လိုအပ်နေသောအချက်အလက်များကို လူတိုင်း ရရှိနိုင်အောင် ဖြန့်ဖြူးအသိပေးရပါမည်။
အရေးပေါ် အမိန့်များကို ဥပဒေအဖြစ် ပြဋ္ဌာန်းပါက မည်ရွေ့မည်မျှအထိ အာဏာစက် သက်ရောက်သည်ကိုရှင်းလင်းစွာ ထုတ်ပြန်ပြီး ထိုဥပဒေများ အသက်ဝင်မှုကိုစောင့်ကြည့်ကာ အကယ်၍ မကျေနပ်မှုများရှိက ဖြေရှင်းရန် အစီအမံများ ရှိရပါမည်။
၅။ ကပ်ဘေးကို တုံ့ပြန် ဆောင်ရွက်ရာတွင် လူတိုင်းလုံခြုံရေးကို အရေးပေး ဆောင်ရွက်ရပါမည်။အထူးသဖြင့် ကျန်းမာရေး လုပ်သားတို့တွင် လိုအပ်သော အကာအကွယ်များနှင့် ကိရိယာများ လုံလောက်စွာ ရရှိရန် ဆောင်ရွက်ရ ပါမည်။
၆။ လက်နက်များနှင့် စစ်တိုက်ရန်အတွက် သုံးစွဲနေသော ဘဏ္ဍာများကို ကျန်းမာရေးကဏ္ဍသို့ ပြောင်းရွှေ့သုံးစွဲရပါ မည်။
အာဆီယံနိုင်ငံများအနေနှင့် အချင်းချင်းအပြန်အလှန် အကူအညီပေးရန်နှင့် မဟာဗျူဟာကျကျ ချိတ်ဆက် ဆောင်ရွက်ကြရန် အစီအစဉ်များ ဆောင်ရွက်ကြပါရန် ထပ်မံ နှိုးဆော်လိုက်ပါသည်။
အထူးသဖြင့် ပဋိပက္ခဒဏ်ခံ ဒေသများမှ ပြည်သူများ၊ ဒုက္ခသည်များ၊ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားသူ များ၊ နိုင်ငံမဲ့များ၊ နေရပ်စွန့်ခွာထွက်ပြေးရသူများ အစရှိသူတို့ ပြေလည်သော ဘဝအခြေအနေရှိစေရေးနှင့် လူသားတို့ ရပိုင်ခွင့်များ ရရှိရေးအတွက် ဆောင်ရွက်ကြရန် နှိုးဆော်ပါသည်။
ယခုကာလမှာ အာဆီယံအဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေနှင့် ပြည်သူကို ဗဟိုပြုကာ၊ ပြည်သူ့အရေး ဦးစားပေးလျက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အချင်းချင်းစောင့်ရှောက်သော၊ ဝေမျှသော ရပ်ဝန်းကို တည်ဆောက်ကြရန် အချိန် ဖြစ်ပါသည်။
https://www.facebook.com/khitthitnews/posts/884445458659468?__xts__%5B0%5D=68.ARAaVzDjSEd4gRJJ00h-4dE9R2S8dEeSIX-CTwdo_uJXpMpNHtUGufY9PYHoF-CFKlq0rGGsIZvFkGlyAwJfWDmYjQqBJ-qrzHcM6H7_ciaYYhmi65M9cqGHjj-gs-e-TGGILZA7FodlA5sipOdhWZyeMkoR_uc5xQmUYAzPFsd4q1e1eaIX5xQxP36TU0jJ_l9xNkQs7Pi2r444UrfO9xqDuWattDe-vvyo9uA7XuzRt0yarTsVHVcw02yX1WmaSif55a-m1dopb-K3kcaDt_ZvytYHaoP8sDBYIe_dp1KxClRiVb3uCVmtkU5vnlTwdiqckaMizjih4oxVnAmsjhU&__tn__=-R

No comments:

Post a Comment