မြောက်ဦးနှင့် မင်းပြားမြို့နယ်ကြား တိုက်ပွဲဖြစ်၍ ကျောင်းသားများ စာမေးပွဲခန်းမှထွက်ပြေး
04-Mar-2020
မြောက်ဦး၊ မတ် ၄
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်အကြား၌ မတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် စားမေးပွဲဖြေဆိုနေသည့်ကျောင်းသားများ ထွက်ပြေးခဲ့ရကြောင်း ပန်းမြောင်ကျေးရွာသားတစ်ဦးက ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာသည် မြောက်ဦးမြို့နယ်အရှေ့ဘက် ပိုးဖြူကျွန်းကျေးရွာမှ မင်းပြားမြို့နယ် မြောက်ဘက်အစွန်ဆုံးရှိ ပန်းမြောင်းကျေးရွာဘက်သို့ AA ဘက်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ၏အဆိုအရ သိရသည်။
“လက်နက်ကြီးပစ်ခတ်သံကြားတော့ ကလေးတွေစာမေးပွဲဖြေဆိုနေတဲ့အချိန် အကုန်လုံးက ကြောက်ပြီးတော့ သူတို့အိမ်တွေကို ထွက်ပြေးသွားခဲ့ကြတယ်။ စာမေးပွဲဆက်မဖြေခဲ့ကြတော့ဘူး”ဟု ပန်းမြောင်းကျေးရွာသားတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြပြီး ထိခိုက်မှုမရှိသော်လည်း အနီးဝန်းကျင်ရှိ ကျေးရွာသားများအနေနှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေရသည်ဟု ဒေသခံရွာသားများက ပြောဆိုသည်။
“မနက် ၉ နာရီလောက်မှာ စစ်ကြောင်းက ကျွန်တော်တို့ရွာကနေဖြတ်သွားတယ်။ ၁၁ နာရီမထိုးခင်လောက်မှာ ပစ်ခတ်သံတွေကြားလိုက်ရတယ်။ ကူးတို့လှေကို ပစ်ခတ်ခဲ့တယ်လို့သိရတယ်။ လောလောဆယ်တော့ ရွာကလူအများစုက ထွက်ပြေးသွားကြပြီ”ဟု ကျောက်တွင်းကုန်းကျေးရွာသားတစ်ဦးကလည်း ပြောကြားသည်။
ယခင်ကလည်း ပန်းမြောင်းကျေးရွာအနီး အောင်မင်္ဂလာတောင်ပေါ်မှာရှိသည့် တပ်မတော်အမြောက်စခန်းကပစ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး စာသင်ကျောင်းအနီးဝန်းကျင်ရှိ လူနေရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုတစ်ခုလုံး သေဆုံးသွားခဲ့တာကြောင့် လက်နက်ကြီးပစ်ခတ်သံတွေကို ကြောက်လန့်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
ခိုင်လင်းစံ (VOM)
http://thevoicemyanmar.com/index.php/news/40034-myk
No comments:
Post a Comment