Monday, March 2, 2020

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသူတချို့အနက်မှ အလောင်း ၄ လောင်း တူးဖော် ရရှိဟုဆို၊ ရခိုင်နှင့်မွတ်စလင် ၁၈ ဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေဟုဆို

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသူတချို့အနက်မှ အလောင်း ၄ လောင်း တူးဖော် ရရှိဟုဆို၊ ရခိုင်နှင့်မွတ်စလင် ၁၈ ဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေဟုဆို
ရန်ကုန်၊ မတ် ၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတချို့အနက်မှ ၄ ဦးကို အလောင်းပြန်လည် တူးဖော်ရရှိကြောင်း မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောဆိုသည်။
မြောက်ဦးမြို့နယ်၊ ရှမ်းတောင်ကျေးရွာအနီ ရှမ်းတောင်တံတားနှင့် ကိုက် ၅၀ အကွာ အလောင်း ၃ လောင်း ယနေ့ တူးဖော်ရရှိကြောင်း၊ တူးဖော်ရရှိသည့်အလောင်းများမှာ အသက် ၂၄ နှစ်အရွယ် ဟာဘီအာလောင်(ဘူးတစ်လုံးကျေးရွာ) ၊ အသက် ၃၅ နှစ်အရွယ် ဦးမောင်ကျော်ခိုင် (လက်သန်းချေကျေးရွာ) ၊ အသက် ၃၇ နှစ်အရွယ် ဦးမောင်စန်းဌေး (ကျွဲတဲကျေးရွာ) တို့ဖြစ်ကြောင်း၊ ၎င်းတို့ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်က ရခိုင်ကျေးရွာများမှ ရခိုင် ၁၁ ဦးကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
"အလောင်းတွေ့တာတော့ အတည်ပြုလို့ရတယ်။ သူတို့ပြောစကားအရတော့ တပ်မတော်က ဖမ်းခေါ်သွားတဲ့သူတွေလို့ ပြောပါတယ်။ အခုလောလောဆယ် ရခိုင်က ကျနော်သိထားသလောက် ၁၁ ယောက်ပေါ့နော် ။(တပ်ဘက်က ဖမ်းဆီးခေါ်သွားပါတယ်)။ ဘင်္ဂါလီဘက်ကျတော့ ကျနော်မသိသေးဘူး။ ရွှေလှံနာ၊ လက်ပံကြီးတော၊ တုန်ဘွေတော၊ ကျေးတေးတော၊ အထုပ်သင်ပါတော၊ ဆန်းဖျင်းကြီးတော အဲဒီရွာတွေကပါ" ဟု ဦးထွန်းသာစိန်က ပြောဆိုသည်။
ဘူးတစ်လုံးကျေးရွာမှ ဒေသခံတစ်ဦးကလည်း မွတ်စလင် ၇ ဦးထက်မနည်း အဖမ်းခံရခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"စစ်တပ်က ဖမ်းတာလား၊ အခြားလူတွေက ဖမ်းတာလား အတိအကျ မသိရသေးဘူး။ မွတ်စလင် ၇ ယောက် အဖမ်းခံရတာ၊ ပျောက်သွားတာ။ ရခိုင်ဘယ်လောက်ပါလဲမသိဘူး။ စစ်တပ်က ဖမ်းတာလား၊ အခြားသူက ဖမ်းတာလား အတိအကျ မသိရသေးဘူး။ ဒီနေ့မနက် ပြန်တွေ့တာက ဘူးတစ်လုံးရွာက ဟာဘီအာလောင် အလောင်းပါ" ဟု ဘူးတစ်လုံးကျေးရွာ ဒေသခံက ပြောဆိုသည်။
မြောက်ဦးမြို့နယ်၊ ရွှေလှံကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးမောင်စိုးလွင်လည်း မတ်လ ၂ ရက်နေ့က တပ်မတော်က ပစ်ခတ်သတ်ဖြတ်ပြီး ကားလမ်းနှင့် ပေ ၂၀၀ အကွာတွင် မြှပ်နှံခဲ့ကြောင်း ဇနီးဖြစ်သူ အငယ်မချေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"သူ့လက်နှစ်ဖက်ကို ကြိုးနဲ့ တုပ်ထားတယ်။ လည်မျိုကို တစ်ချက်ပစ်ထားတယ်။ မြေမြှုပ်ထားတာ။ ရဲစခန်းကိုလည်း အကြောင်းကြားတယ်။ မလာဘူး။ အဲဒါ အခုတော့ ရွာလူကြီးတွေနဲ့ တိုင်ပင်ပြီး သဂြိုလ်လိုက်ပြီ" ဟု ဇနီးဖြစ်သူ အငယ်မချေက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၉ မိနစ်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းမှာ စက်ပိတ်ထားသည်။
တပ်မတော်ကမူ AA နှင့်ကျေးရွာသားများ ရောနှောနေမှုများရှိနေသည်ဟု မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုထားသည်။
https://www.facebook.com/khitthitnews/photos/a.386800725090613/863814204055927/?type=3&__xts__%5B0%5D=68.ARCQtLoLOCpi5SDmYLrfBiXhsuF7w7zhnNTzyKlS1UGUKdyYKlJB_GDZxVmrid8qlR2MGa2smTs7Jq2_V6nPD6ypE-JBBH22O2I-GPFzpFIuVZ5h4Xv8tvkfUxqULUvnt4c2MlrRbtp1U8hIJR-yka2ayXgUoFyxjd9rj-VMpxnjPeM7-9CNJVQQ63nR9imUj-Kp1un9UJEUmTx3fXuIHHwjyXhXvO29uwhh18_yWS_2esEVvyd0blSAdCqWKH4_QzSHMMdyg_-nva7UABJhNwJz6Qnts6p5xhz-3jkq5xJdY5Lqd0o1-P9KIe7xt2K-1X95QjfyXAo7c9UZRV4FH-o&__tn__=-R

No comments:

Post a Comment