ကောင်းခါးပြည်သူ့စစ်အဖွဲ့ တပ်မတော်ထံလက်နက်များအပ်နှံ
28-Mar-2020

ကောင်းခါး ဒေသတွင် စံချိန်တင်ဖမ်းမိသောမူးယစ်ဆေးဝါးများနှင့်
ရန်ကုန်၊ မတ် ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းအခြေစိုက်သည့် ကောင်းခါးပြည်သူ့စစ်(ဌာနေ) အဖွဲ့အနေနှင့် ၎င်းတို့ကိုင်ဆောင်သည့်လက်နက်ခဲယမ်းများကို တပ်မတော်ထံအပ်နှံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါဒေသများတွင် တပ်မတော်အနေနှင့် မူးယစ်ဆေးဝါးများရှင်းလင်းဖမ်းဆီးမှုများဆောင်ရွက်ပြီးနောက်တွင် မတ်လ ၂၄ ရက်နေ့နောက်ပိုင်း၌ ကောင်းခါးပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့ကို တပ်မတော်ကဝင်ရောက်ထိန်းချုပ်ခဲ့ပြီး ခေါင်းဆောင်အချို့ကိုထိန်းသိမ်းခဲ့သည်။

ကောင်းခါး ဒေသတွင် စံချိန်တင်ဖမ်းမိသောမူးယစ်ဆေးဝါးများနှင့်
ကောင်ခါးပြည်သူ့စစ်(ဌာနေ) အနီးတစ်ဝိုက်ဒေသများတွင် မူးယစ်ဆေးဝါးအမြောက်အမြားသုံးကြိမ်တိုင်တိုင် ဖော်ထုတ်ရှင်းလင်းသိမ်းဆည်းရမိပြီး ဖြစ်စဉ်များတွင် ဖမ်းဆီးရမိတရားခံများနှင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူအချို့ ပတ်သက်ဆက်စပ်နေခြင်း၊ တာဝန်ရှိနေခြင်း စသည့်အချက်များ ငြိစွန်းနေခဲ့ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေနှင့် သက်ဆိုင်ရာတာဝန်ခံခေါင်းဆောင်အသီးသီး၏ တာဝန်ယူမှု၊ ရေရှည်အေးချမ်းတည်ငြိမ်စွာဖြင့် နယ်မြေဒေသဖွံဖြိုးတိုးတက်ရေးအတွက် တရားဝင်စီးပွားရေးလုပ်ငန်းတို့ဖြင့်သာ ရပ်တည်လိုမှုစသည့်စိတ်ဆန္ဒများကြောင့် နေရာအလိုက် တာဝန်ခံများအားလုံး ဆွေးနွေးတိုင်ပင်ကာတပ်မတော်မှ တာဝန်ရှိသူများသို့ ဆက်သွယ်ညှိနှိုင်းလျက် ၎င်းတို့ကိုင်ဆောင်သောလက်နက်၊ ခဲယမ်းများအားတပ်မတော်သို့ မတ်လ၂၄ ရက်မှ ၂၆ ရက်နေ့အထိအပြီးတိုင်အပ်နှံခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှ အောက်တိုဘာလအထိရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးမှမူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများဖမ်းဆီးရမိမှု၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်အထိရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာအနီးပတ်ဝန်းကျင် တစ်ဝိုက်၌ ငွေကျပ် ၁၆ ဘီလီယံကျော်ခန့် တန်ဖိုးရှိမူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်များကိုဖော်ထုတ် သိမ်းဆည်းရမိမှုများ၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂၆ ရက်အထိရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာဝန်းကျင်၌ ငွေကျပ် ၃၄၅ ဒသမ ၁၅ ဘီလီယံကျော်ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ တရားမဝင်လက်နက်၊ ခဲယမ်းများအားလည်းကောင်းတပ်မတော်ကဖော်ထုတ်သိမ်းဆည်းခဲ့သည်။

အဆိုပါနောက်ဆုံးအကြိမ် ကျပ် ၃၄၅ ဒသမ ၁၅ ဘီလီယံကျော် ဖမ်းဆီးရမိသည့်အကြိမ်က တပ်မတော်အနေနှင့် နိုင်ငံတကာစစ်သံမှူးများနှင့် ပြည်တွင်းပြည်ပသတင်းမီဒီယာများကိုလည်း ခေါ်ယူပြသထားခဲ့သည်။
ကောင်းခါးပြည်သူ့စစ်အဖွဲ့သည် ပြီးခဲ့သည့် နအဖအစိုးရလက်ထက် ၁၉၉၁ ခုနှစ်က KIA/KIO အဖွဲ့မှခွဲထွက်ပြီးငြိမ်းချမ်းရေးရယူခဲ့သည့် အဖွဲ့အစည်းဖြစ်ကာ ယင်းအဖွဲ့အားရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၅)၊ ကချင်တိုင်းရင်းသားများတိုးတက်ရေးနှင့် လုံခြုံရေးတပ် (KDA) အဖြစ် ကွတ်ခိုင်မြို့နယ်အတွင်း နေရာချထားပေးကာဒေသဖွံဖြိုးရေးလုပ်ငန်းများကို အစိုးရနှင့် လက်တွဲဆောင်ရွက်စေခဲ့သည့်အဖွဲ့ဖြစ်သည်။
ယင်းနောက်တွင် အဆိုပါ ငြိမ်းချမ်းရေးရယူထားသောအထူးဒေသ(၅) (KDA) အဖွဲ့အား ၂၀ဝ၉ ခုနှစ်၊ စက်တင်ဘာလ၂၉ ရက်နေ့တွင် ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့အဖြစ် တရားဝင်ဖွဲ့စည်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ ကောင်းခါးပြည်သူ့စစ်(ဌာနေ) အဖွဲ့အနေနှင့် သာမန်အရပ်သားအဖြစ်သာ ရေရှည်တရားဝင် စီးပွားရေးလုပ်ငန်းများအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အမြန်ဆုံးထူထောင်လုပ်ကိုင်ဆောင်ရွက်လိုပြီး နိုင်ငံတော်ကခွင့်ပြုသည့် တရားဝင်စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ကာလအတွင်းတပ်မတော်က မိသားစုများစားသုံးနိုင်ရေးလစဉ်လိုအပ်သည့် ဆန် ၅၅၀ အိတ်၊ ဆီငါးပီပါ၊ ကုလားပဲ ၅၀ အိတ်ထောက်ပံ့ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်အရင်းအနှီးများတောင်းခံလာပါက အတိုးမဲ့ချေးပေးရန် စီမံထားပြီးဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
No comments:
Post a Comment