Saturday, March 28, 2020

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စခန်းစုစုပေါင်း ၁၂၈ ခုတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ တစ်သိန်းရှစ်သောင်းကျော်ရှိပြီး COVID-19 နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန် စီမံချက်တစ်ခု ရေးဆွဲနေ

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စခန်းစုစုပေါင်း ၁၂၈ ခုတွင်  ပြည်တွင်းနေရပ်စွန့်ခွာသူ တစ်သိန်းရှစ်သောင်းကျော်ရှိပြီး COVID-19 နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန် စီမံချက်တစ်ခု ရေးဆွဲနေ
ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနှင့် Video Conferencing ပြောကြားနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနှင့် Video Conferencing ပြောကြားနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
PUBLISHED 28 MARCH 2020
 
ပြည့်ဖြိူးအောင်

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စခန်း စုစုပေါင်း ၁၂၈ ခုတွင်  ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ ၁၈၀၀၀၀ ကျော်ရှိပြီး COVID-19 နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန် စီမံချက်တစ်ခု ရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်နှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် Video Conferencing ဖြင့် မတ် ၂၇ ရက်က ညှိနှိုင်းဆွေးနွေးခဲ့ရာ၌ ဒေါက်တာဝင်းမြတ်အေးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ဒေါက်တာဝင်းမြတ်အေးက ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြို့နယ်ပေါင်း ၂၄ မြို့နယ်၊ စခန်းစုစုပေါင်း ၁၂၈ ခုမှာ ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၁၈၄၃၃၃ ဦး နေထိုင်လျက်ရှိကြောင်း၊ အဆိုပါ ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် လိုအပ်သည့် အခိုအကာ၊ စားရေရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသော အသက်မွေးဝမ်းကျောင်း ကိစ္စရပ်များကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှု၊ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၏ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုနှင့် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စခန်းများမှာနေထိုင်ကြသော ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါဘေးနှင့် စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးနိုင်ရန် စီမံချက်တစ်ခုကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ စီမံချက်ရေးဆွဲရာတွင် နိုင်ငံတကာလူသားချင်းစာနာကူညီမှုနှင့် ကာကွယ်စောင့်ရှောက်ပေးမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် Inter-Agency Standing Committee က စခန်းတွင် နေထိုင်ကြသူများအတွက် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းပြီး ထုတ်ပြန်ထားသည့် ကြားဖြတ်လမ်းညွှန်ချက်များကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ထားကြောင်း၊ ယခုရေးဆွဲထားသည့် စီမံချက်မှာလည်း လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေ၊ အချိန်ကာလပေါ်မူတည်ပြီး လိုအပ်သလို ပြင်ဆင်ဖြည့်စွက်နိုင်သည့် (Living Document) တစ်ခုဖြစ်ကြောင်း၊ စီမံချက်ရေးဆွဲရာတွင် စခန်းများတွင် နေထိုင်ကြသည့် နေရပ်စွန့်ခွာသူများအကြား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန်၊ စခန်းများ၌ COVID-19 ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အစီအမံများ ကြိုတင်ချမှတ် ဆောင်ရွက်နိုင်ရန်နှင့် COVID-19 ကူးစက်ရောဂါအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် ဆက်စပ်ပတ်သက်သူ (Stakeholders) များအကြား ထိရောက်စွာ ညှိနှိုင်းပေါင်းစပ်နိုင်ရန် စသည့်ရည်ရွယ်ချက် သုံးခုဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ထိုရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် COVID-19 ကူးစက်ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ COVID-19 ကူးစက်ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊  COVID-19 ၏ ရောဂါလက္ခဏာများ တွေ့ရှိပါက အရေးပေါ်တုံ့ပြန်ရေး အစီအမံများထားရေး၊ စီမံချက်အကောင်အထည်ဖော်ရာတွင် လိုအပ်သော အရင်းအမြစ်များ ရရှိရေး၊ စီမံခန့်ခွဲရေးနှင့်  ညှိနှိုင်းပေါင်းစပ်ရေး၊ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းပြီး သတင်းအချက်အလက်အပေါ် အခြေခံသော စီမံခန့်ခွဲမှုတွင် စောင့်ကြည့်ကွပ်ကဲခြင်းနှင့် အကဲဖြတ်ခြင်း စသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု Video Conferencing တွင် ယာယီခိုလှုံရာစခန်းများ တည်ရှိသည့် ပြည်နယ် လေးခုမှ ဦးစီးမှူးများ ပါဝင်သည့်အတွက် လက်တွေ့ မြေပြင်ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၊ စခန်းစီမံခန့်ခွဲမှုကော်မတီများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးရာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးက COVID-19 ကူးစက်ရောဂါ တားဆီးကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးပါဝင်အောင် အစိုးရဘက်က ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း၊ အထူးသဖြင့် ပဋိပက္ခဒေသများတွင် နေထိုင်နေကြရသူများ၊ နေရပ်စွန့်ခွာရသူများနှင့် ထိခိုက်လွယ် လူအုပ်စုများအားလုံးကို ထည့်သွင်းစဉ်းစားပေးရန်လိုအပ်ကြောင်း၊ မိမိတို့ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့်လည်း အဆိုပါ ဒေသများရှိ အမှန်တကယ် လိုအပ်ချက်ရှိသူများအတွက် လူသားချင်းစာနာကူညီမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အဆိုပါ နေရာဒေသများအတွက်ပါ မြန်မာအစိုးရဘက်က ဆောင်ရွက်ပေးခြင်းကို ကြိုဆိုကြောင်း၊ မိမိတို့ဘက်က သွားရောက်နိုင်သည့် စခန်းများတွင်လည်း COVID-19 နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခြင်း၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဘက်ကလည်း အစိုးရနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ကို လေ့လာဆန်းစစ်နေကြောင်း၊ အစိုးရဘက်ကသတင်း အချက်အလက်များ မျှဝေပေးမည်ဆိုပါက ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုထိရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

No comments:

Post a Comment