နှစ်နိုင်ငံသဘောတူစာချုပ်များကို တိကျစွာလိုက်နာ၍ စစ်မှန်သော နိုင်ငံရေးဆန္ဒ၊ ကတိကဝတ်ပြုထားမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများပြသရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြန်မာဘက်မှ တိုက်တွန်း

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ဦးကျော်တင့်ဆွေ
နှစ်နိုင်ငံသဘောတူစာချုပ်များကို တိကျစွာလိုက်နာ၍ စစ်မှန်သော နိုင်ငံရေးဆန္ဒ၊ ကတိကဝတ်ပြုထားမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများပြသရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြန်မာဘက်မှ တိုက်တွန်းခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက် မှ ၂၆ ရက်အထိ ကျင်းပသည့် ၄၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ အဆင့်မြင့်ကဏ္ဍသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် မိန့်ခွန်းပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၊ ရခိုင်အရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုများ စသည့်အခြေအနေများကိုပြောကြားခဲ့ပြီး အထူးသဖြင့် ရခိုင်အရေးနှင့်ပတ်သက်ပြီး အလေးထားပြောကြားခဲ့သည်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တွေ့ရသည်။
နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းပဋိပက္ခ များခံစားခဲ့ရသည့် မြန်မာနိုင်ငံအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးသည် အရေးအကြီးဆုံး ဦးစားပေးကိစ္စဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဆွေးနွေးပွဲသို့ ဖိတ်ခေါ်နိုင်ရေး အစိုးရ၏ ကြိုးပမ်းမှုများနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမှုဆိုင်ရာ ရရှိမှုများနှင့် တိုးတက်မှုများကို အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ အသိုက်အဝန်းအားလုံးကို ထိခိုက်စေသည့် ရခိုင်ပြည်နယ်ပဋိပက္ခအပေါ် နိုင်ငံတကာ အသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများကို အပြည့်အဝနားလည်ကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် အာဆာ၏ ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့မှုသည် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို အခက်အခဲဖြစ်စေသည်သာမက ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်ရေး၊ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းမှုများအား အားလျော့စေကြောင်း ပြည်ထောင်စုဝန်ကြီးက ထောက်ပြခဲ့သည်။
လက်ရှိတွင် အရေးအကြီးဆုံးမှာ စိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် လုံခြုံစွာနှင့် သိက္ခာရှိရှိဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်နိုင်ရေး အမြန်ဆုံး စတင်နိုင်ရန်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအား နှစ်နိုင်ငံလက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်များကို တိကျစွာလိုက်နာ၍ စစ်မှန်သော နိုင်ငံရေးဆန္ဒ၊ ကတိကဝတ်ပြုထားမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြသရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးကော်မရှင် ICOE နှင့် ဆက်စပ်၍ ပြည်ထောင်စုဝန်ကြီးက ဇာတ်ကြောင်းပြန်ပြောကြားမှုများကို အခြေမခံဘဲ မျက်မြင်သက်သေ ၁၅၀၀ နီးပါးတို့နှင့် တွေ့ဆုံမေးမြန်းမှုများကိုအရင်းခံထားသည့် ICOE ၏ အပြီးသတ် အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ကြောင်း၊ သမ္မတရုံးမှ နောက်ထပ်စုံစမ်းစစ်ဆေးမှုများနှင့် အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ညွှန်ကြားထားကြောင်းနှင့် တပ်မတော်မှလည်း တပ်မတော်သားများက ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံတွေ့ရှိပါက စစ်ဥပဒေချုပ်ရုံးမှ စစ်ဘက်ဆိုင်ရာ တရားဥပဒေလုပ်ထုံးလုပ် နည်းများနှင့် အရေးယူသွားမည်ဟု ကြေညာထားကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂတည်ထောင်ခြင်း (၇၅)နှစ်ပြည့် ကျင်းပခြင်းနှင့်အတူ လူ့အခွင့်အရေးကော်မရှင်၏ အားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် လူ့အခွင့်အရေးကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် URI သည် တန်းတူအခြေအနေနှင့် တန်းတူပြောရေးဆိုခွင့်တို့ကို အခြေခံကာ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံးယန္တရားဖြစ်ကြောင်း၊ ၃၇ ကြိမ်မြောက် URI လုပ်ငန်းအဖွဲ့၏ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တတိယအကြိမ် URI သုံးသပ်မှုကို ပြုလုပ်ရန်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက “စိတ်ကူးရည်မှန်းချက်များသည် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုမရှိဘဲ အမှန်တကယ် ဖြစ်မလာကြောင်း” အလေးအနက်ထား ပြောကြားပြီး၊ ရည်မှန်းချက်များ ပြည့်ဝရေးနှင့် လူ့အခွင့်အရေးကောင်စီသည် အားလုံးကောင်းမွန်ရေးအတွက် အတူတကွ ကြိုးပမ်းမှုဖြင့် လူသားအားလုံးအတွက် လူ့အခွင့်အရေးအနှစ်သာရများခံစားနိုင်ရန် မျှော်လင့်ချက် မီးရှုးတန်ဆောင် အမှန်တကယ်ဖြစ်လာရေး၊ အဖွဲ့ဝင်နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းရင်း နိဂုံးချုပ်ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
No comments:
Post a Comment