Thursday, February 27, 2020

ခရီးသည် ၃၀ လိုက်ပါလာတဲ့ စက်လှေ ပစ်ခတ်ခံရလို့ ၄ ယောက် ဒဏ်ရာရ

ခရီးသည် ၃၀ လိုက်ပါလာတဲ့ စက်လှေ ပစ်ခတ်ခံရလို့ ၄ ယောက် ဒဏ်ရာရ

ပလက်၀ဓာတ်ပုံ မူပိုင်AFP
Image captionရေယာဉ်ပိုင်နက်ကို ကင်းလှည့်စစ်ဆေးနေတဲ့ မြန်မာ တပ်မတော်ရေပိုင် သင်္ဘော
ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ခရီးသည်တွေ တင်ဆောင်ပြီး ခုတ်မောင်း လာနေတဲ့ မော်တော်ဘုတ်တစီးဟာ ကျောက်တော်မြို့နယ်အတွင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံလိုက်ရပြီး စက်လှေပေါ်ပါလာတဲ့ ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရသူတွေ အနက် တဦးက ဒဏ်ရာပြင်းထန်တယ်လို့ စက်လှေပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပလက်၀ ကျောက်တော်ကြား သီတင်း နှစ်ပတ်ကျော်ကြာ သွားလာခွင့်ပတ်ပင်ထားတဲ့အတွက် ခရီးသည်တွေ ပိတ်မိနေသလို ပလက်ဝ တဝိုက်မှာ ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပွားနေပါတယ်။
အဲဒီ စက်လှေဟာ ပလက်ဝနဲ့ ကျောက်တော်မြို့ကို ပုံမှန်ပြေးဆွဲနေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက် မနက် ၈ နာရီကျော်လောက်က ပလက်ဝမြို့ကနေ ခရီးသည် ၃ဝ ထက်မနည်း တင်ဆောင်ကာ ကျောက်တော်မြို့ကို မောင်းလာတာဖြစ်ပါတယ်။
စက်လှေပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် အများစုဟာ ဈေးရောင်း စျေးဝယ်လာသူတွေ၊ ကျောင်းသားတွေနဲ့ ပလက်ဝမှာပိတ်မိနေတဲ့ ခရီးသည်တွေဖြစ်ကြပြီး ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးမှာ ပစ်ခတ် ခံလိုက်ရတာ ဖြစ်ပါတယ်။
အဲဒီစက်လှေ ခုတ်မောင်းလာနေချိန် မီးဝကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့ မီးဝကျေးရွာအောက်ဘက်က ရွာတရွာနားမှာ စက်လှေ ရပ်နား နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် နေ့လယ် ၁ နာရီကျော်လောက်မှာ အခြေအနေတည်ငြိမ်သွားတဲ့အတွက် စက်လှေဆက်မောင်းလာချိန် လက်နက်ကြီးကျည်နဲ့ လှမ်းပစ်ခံလိုက်ရတာ ဖြစ်တယ်လို့ စက်လှေပေါ်မှာ ပါလာသူတွေက ပြောပါတယ်။
စက်လှေ ပလက်ဝကနေလာချိန် နေ့လယ် ၁၂ နာရီခွဲလောက်မှာ သေနတ်တွေ အရမ်းပစ်သံကြားရကြောင်း ၊ ၁ နာရီနဲ့ ၅ မိနစ်အထိ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြောင်း ၊ အဲဒီနေရာအလွန်က ရွာလေးတရွာမှာ ရပ်နေခဲ့ကြပြီး စက်လှေ ထွက်တာကိုမြင်လိုက်တာနဲ့ လက်နက်ကြီးနဲ့ပစ်တာ ဖြစ်ကြောင်း ၊ အဲဒီကျည်ဟာ စက်လှေနောက်က ရေထဲ ကျသွားကြောင်းနဲ့ စက်လှေမောင်းတဲ့သူ ကတော့ ခြေသလုံး ထိမှန် ဒဏ်ရာ ရသွားခဲ့တယ်လို့ စက်လှေပေါ် လိုက်ပါခဲ့တဲ့ အမျိုးသမီး တယောက်က ဆိုပါတယ်။
ပလက်၀ဓာတ်ပုံ မူပိုင်MYINT LWIN
Image captionနှစ်ပတ်ကြာပိတ်ထားရာက လမ်းဖွင့်လို့ အသွား စက်လှေကို လက်နက်ကြီးနဲ့ ပစ်ခံရ
သူ့နားကလူတယောက် ဆိုရင် ပခုံးနား ထိသွားခဲ့ပြီး သူနားက အစ်မတယောက်လည်း ထိသွားခဲ့သလို အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး တယောက်ဒဏ်ရာရတဲ့အပြင် စက်လှေသမား ဆိုရင် ဒဏ်ရာ ပြင်းထန်တယ်လို့ အဲဒီစက်လှေပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးတဦးကပြောပါတယ်။
လက်နက်ကြီးကျည်ဟာ ကုလားတန်မြစ်အရှေ့ဘက်ကမ်း တင်းမကျေးရွာအနီးမှာရှိတဲ့ တပ်ကပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပေမယ့် ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တို့ကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
လက်နက်ကြီးကျည်ဟာ စက်လှေအနောက်ဘက်က မြစ်ထဲမှာကျကွဲပြီး ရေတွေက စက်လှေတခုလုံးကို ဝင်ရောက်လာခဲ့ပြီးတော့ မိုးရွာသလို ခံစားလိုက် ရတယ်လို့ စက်လှေပေါ်ပါသူ တယောက်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက တပ်မတော်နဲ့ အေအေ လက်နက်ကိုင် အဖွဲ့တို့ တင်းမကျေးရွာအရှေ့ဘက် တောင်တန်းတဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ပလက်ဝနဲ့ ကျောက်တော်ကို ဆက်သွယ်သွားလာနေတဲ့ ကုလားတန်မြစ်ကြောင်းကို တိုက်ပွဲ ဖြစ်ပွားနေတဲ့ အတွက် တပ်မတော်ဘက်က သွားလာခွင့်ပိတ်ထားတာ သီတင်း နှစ်ပတ်ကျော်နေပြီဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် မနေ့မနက်ပိုင်းတုန်းက ကျောက်တော်-ပလက်ဝသွားလိုသူတွေကို သွားခွင့်ပြုတယ်ဆိုပြီး ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ကနေ မြို့ပေါ်မှာ ကြေညာတဲ့အတွက် အခုလို စတင် သွားလာကြတာ ဖြစ်တယ်လို့ ပလက်ဝမြို့ခံ တစ်ဦးကပြောပါတယ်။
ပလက်၀ဓာတ်ပုံ မူပိုင်NARINJARA
Image captionမီးချောင်းတိုက်ပွဲ တလနီးပါး ကြာလာပေမယ့် ပစ်ခတ်သံမစဲ
လက်နက်ကြီး ပစ်ခတ်ခံရပြီးနောက်မှာ အဲဒီစက်လှေကို သွားခွင့်ပြုလိုက်တဲ့အတွက် ဒဏ်ရာရသူတွေကို ကျောက်တော်မြို့ကို ဆက်လက်ယူဆောင်လာနေပြီး လမ်းခရီး အခြေအနေအရ ကျောက်တော်မြို့ကို ဘယ်အချိန် ရောက်မယ်ဆိုတာကို မသိရသေးဘူးလို့ စက်လှေပေါ်မှာ လိုက်ပါလာခဲ့တဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
အခုလိုမျိုး ကုလားတန်မြစ်ကြောင်းသွားလာတဲ့ ရေလမ်းကို ပိတ်ထားတဲ့အတွက် ကျောက်တော်နဲ့ ပလက်ဝမြို့နယ် နှစ်ခုစလုံးမှာ ပိတ်မိနေသူတွေ ရာနဲ့ချီရှိနေပြီး လွန်ခဲ့တဲ့ရက်ပိုင်း အတွင်းကလည်း ကျောက်တော်ကနေ ပလက်ဝကို စာမေးပွဲ မေးခွန်လွှာတွေနဲ့ ဆယ်တန်း စာမေးပွဲဖြေဆိုခွင့်ကတ်တွေ လာပို့တဲ့ စက်လှေတစ်စီးဟာလည်း ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပလက်ဝမြို့နယ် မီးချောင်းတောင်တန်းမှာရှိတဲ့ တပ်မတော် လက်နက်ကြီး ပစ်ကူစခန်းကို အေအေဘက်ကနေ ဝင်ရောက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အဲဒီနယ်မြေအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။
အခုဆိုရင် မီးချောင်းတိုက်ပွဲဟာ ၂၂ ရက်ကျော်လာနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့နယ် အတွင်းမှာလည်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြပြီး အခုလိုမျိုး လက်နက်ကြီးပစ်ခတ်ခံရမှုတွေကြောင့် ကျေးရွာတွေ အတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း အခုလအတွင်းမှာ အများအပြားရှိပါတယ်။

No comments:

Post a Comment