Thursday, February 27, 2020

အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်သည့် သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်မိုဒီတို့နှင့် သီးခြားစီ တွေ့ဆုံရန်ရှိပြီး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာခြောက်ခု လက်မှတ်ရေးထိုးမည်

အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်သည့် သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်မိုဒီတို့နှင့် သီးခြားစီ တွေ့ဆုံရန်ရှိပြီး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာခြောက်ခု လက်မှတ်ရေးထိုးမည်
အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်သည့် သမ္မတဦးဝင်းမြင့်နှင့်အဖွဲ့အား တာဝန်ရှိသူများ ပို့ဆောင်နှုတ်ဆက်စဉ် (ဓာတ်ပုံ-MOI)
အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်သည့် သမ္မတဦးဝင်းမြင့်နှင့်အဖွဲ့အား တာဝန်ရှိသူများ ပို့ဆောင်နှုတ်ဆက်စဉ် (ဓာတ်ပုံ-MOI)
PUBLISHED 27 FEBRUARY 2020
 
ဉာဏ်လင်းထွန်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုသည် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် ဖေဖော်ဝါရီ ၂၆ရက် နံနက်က နေပြည်တော်လေဆိပ်မှတစ်ဆင့် ထွက်ခွာခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်သည် ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံး နိုင်ငံတကာ ခရီးစဉ်ဖြစ်သလို အိန္ဒိယနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။
အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်မိုဒီတို့နှင့် ယနေ့ ( ဖေဖော် ၀ါရီ ၂၇ ရက်) တွင် သီးခြားစီ တွေ့ဆုံပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများလည်း လက်မှတ်ရေးထိုးမည်ဖြစ်သည်။
ထို့အတွက် သမ္မတဦးဝင်းမြင့်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ လိုက်ပါခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာ (MoU) ခြောက်ခုထက်မနည်း လက်မှတ်ရေးထိုးရန်ရှိပြီး ညှိနှိုင်းမှု မပြီးပြတ်သေးသည့် MoU များအတွက်လည်း ခရီးစဉ်အတွင်း ဆက်လက်ညှိနှိုင်းရန် ရှိကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။
ရခိုင်ပြည်နယ် မြောက်ဦးနှင့် ဂွမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေး ရေး၊  ရခိုင်ပြည်နယ်ရှိ မြို့နယ်ငါးခုကို ဆိုလာ စနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးရေး၊ ရခိုင် ပြည်နယ် ဘူးသီးတောင်တွင် လမ်းဖောက်လုပ်ရေး၊ ဆေးဝါးသုတေသန ကိစ္စရပ်များ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဟူးကောင်း တောင်ကြားရှိ ကျားထိန်းသိမ်းရေးကိစ္စ အပါအဝင် MoU ခြောက်ခု လက်မှတ်ရေးထိုးရန်ရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။ သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်သည် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်ကြာမြင့်မည်ဟု သိရပြီး ဖေဖော်ဝါရီ ၂၆ ရက်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။
သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၉ ခုနှစ် မေလကုန်က အိန္ဒိယနိုင်ငံ နယူးဒေလီရှိ သမ္မတအိမ်တော်၌ ကျင်းပသည့် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ခဲ့သော်လည်း နှစ်နိုင်ငံ တရားဝင် ချစ်ကြည်ရေးခရီးစဉ် မဟုတ်ပေ။
လက်ရှိအစိုးရ လက်ထက်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်မိုဒီက ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီး လာရောက်ခဲ့ပြီး သမ္မတရှရီရမ်နက်သ်ကိုဗင့်ဒ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်ကြာ လာရောက်ခဲ့သည်။
အိန္ဒိယသမ္မတနှင့် ဝန်ကြီးချုပ်တို့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံပြီး နားလည်မှု စာချွန်လွှာအချို့ လက်မှတ်ရေးထိုးခြင်းများ ရှိခဲ့သည်။

No comments:

Post a Comment