တရားဝင်နယ်စပ်မျဉ်း သေသေချာချာရေးဆွဲထားခြင်း မရှိသည့်နေရာများ၌ နယ်စပ်ဂိတ်ဖွင့်လိုက်ပါက အငြင်းပွားမှုများ ဖြစ်လာနိုင်သည့်အတွက် ဘုရားသုံးဆူနယ်စပ်ဂိတ်အား တရားဝင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ဘုရားသုံးဆူနယ်စပ်ဂိတ်ကို တွေ့ရစဉ်
တရားဝင်နယ်စပ်မျဉ်း သေသေချာချာ ရေးဆွဲထားခြင်းမရှိသည့်နေရာများ၌ နယ်စပ်ဂိတ်များဖွင့်လိုက်ပါက နောင်တစ်ချိန်တွင် အငြင်းပွားမှုများဖြစ်လာနိုင်သည့်အတွက်ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်အား တရားဝင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၄ ရက်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ဇမိခန်းမ၌ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ဘုရားသုံးဆူမြို့ ဒေသခံတစ် ဦး၏ နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ပေးနိုင် ရေးနှင့်ပတ်သက်သည့်မေးခွန်းအား ပြန်လည် ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“နယ်ခြားဂိတ်နဲ့ပတ်သက်ပြီးတော့ ပြည် ထောင်စုအဆင့်ကပဲ ဆုံးဖြတ်ရပါတယ်။ ကျွန်မ တို့ရဲ့ ဒေသခံပြည်သူတွေအတွက် ဒီလိုနယ် ခြားဂိတ်တွေ ဖွင့်ပေးခြင်းဟာ အင်မတန်မှ အဆင်ပြေကြမယ်လို့ မြင်ကြပါတယ်။ ကျွန်မ တို့က ရေရှည်ကိုကြည့်ရပါမယ်။ ကျွန်မတို့နိုင် ငံက တခြားနိုင်ငံတွေနဲ ့ နယ်စပ်တွေအများ ကြီးထိတွေ့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီနယ် စပ်တွေမှာ တချို့နေရာတွေက သေသေချာချာ သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။ နယ် စပ်မျဉ်းကို သေသေချာချာဆွဲထားပြီးတော့ ဟိုဘက်ဒီဘက် သေသေချာချာလက်ခံထား တာ မရှိသေးပါဘူး။ အဲဒီလိုနေရာတွေမှာ အထူးသတိထားရပါတယ်။ ဘာကြောင့်လဲဆို တော့ ဒီလိုနယ်စပ်မျဉ်းကြောင်းတွေ သေသေ ချာချာမဆွဲထားတဲ့နေရာ၊ တရားဝင် နှစ်ဖက် စလုံးက လက်မခံထားတဲ့နေရာတွေမှာ ကျွန်မ တို့ ဂိတ်တွေဖွင့်လိုက်ရင် နောက်ကျတော့ နယ် စပ်မျဉ်းသတ်မှတ်တဲ့အခါမှာ ပြောစရာစကား ဖြစ်လာပါလိမ့်မယ်။ ဒါဟာ နယ်စပ်မျဉ်းပေါ် မှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ နယ်အတွင်း မှာ ဖြစ်တယ်လို့ပြောလို့ရှိရင် တစ်ဖက်ကလည်း ခင်ဗျားတို့ဘက်က ဒီနေရာကိုအဝင်အထွက် ဂိတ်အဖြစ် လက်ခံထားတယ်။ လက်ခံထားတဲ့ နေရာဟာ နယ်စပ်ဖြစ်ရမယ် စသည်ဖြင့်ပေါ့ အငြင်းပွားမှုတွေ ဖြစ်တတ်ပါတယ်” ဟု နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
၎င်းင်းကဆက်လက်ပြီး “နောက်တစ်ခုက နှစ်နိုင်ငံနယ်စပ်ဆိုတော့ ဟိုဘက်ဒီဘက်ရဲ့ သဘောတူညီချက်လည်း လိုအပ်ပါတယ်။ ဟို ဘက်ကသဘောတူရဲ့လား။ နှစ်ဖက်စလုံးက လည်း ကိုယ့်ရဲ့အခွင့်အရေး ညီညီမျှမျှရှိတယ် ဆိုတာကို လက်ခံနိုင်ဖို့လည်း လိုပါတယ်။ ဒါ ကြောင့် ဒီကိစ္စကို လွယ်လွယ်နဲ့လည်း မဆုံး ဖြတ်ပါဘူး။ ဒီလိုကိစ္စမျိုး တင်ပြလာတာတွေ လည်းရှိပါတယ်။ ဒီတစ်နေရာတည်းမဟုတ်ပါ ဘူး။ ကျွန်မတို့ရဲ့ နယ်စပ်တစ်လျှောက်မှာ တစ် ဖက်နိုင်ငံနဲ့ စီးပွားကူးသန်းမှုလွယ်အောင်လို့ ဒီလိုတရားဝင်ဂိတ်တွေ သတ်မှတ်ပေးပါဆိုပြီး တောင်းဆိုတာတွေ ရှိပါတယ်။ အဲဒီတော့ ကျွန်မတို့က ခွင့်ပြုပေးခဲ့တာတွေလည်းရှိ တယ်။ ခွင့်မပြုတာတွေလည်းရှိပါတယ်” ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဘုရားသုံးဆူမြို့က မေးမြန်းသွားတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလိုပဲဖြေ မယ်ဆိုတာ သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနယ်စပ်ဂိတ်ပြန်ဖွင့်ဖို့ကိစ္စကို လွှတ်တော်တွေ မှာလည်း ကိုယ်စားလှယ်တွေက မေးထားဖူးပါ တယ်။ ဒီလိုပဲဖြေကြားခဲ့ဖူးပါတယ်။ သို့သော် ကျွန်တော့်အနေနဲ့ မေးချင်တာက ဒီနယ်စပ် က တိုင်းထွာဖို့အတွက် ပြဿနာတွေရှိတယ် ဆိုတာလည်း သိပါတယ်။ တိုင်းထွာဖို့အတွက် ကို ဘာကြောင့် မလုပ်ဆောင်ဖြစ်သေးတာလဲ။ ဘာအခက်အခဲတွေရှိလဲပေါ့။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ တစ်မြို့လုံးကတော့ နယ်စပ်ဂိတ်ကို အမြန်ဆုံးဖွင့်စေချင်တယ်။ဖွင့်လို့မရဘူးဆိုတာလည်း သိတယ်။ ဒါကြောင့် တရားဝင်နယ်စပ်မျဉ်းကို အမြန်ဆုံးတိုင်းတာ စေချင်ပါတယ်။ တိုင်းတာပြီးရင် နှစ်နိုင်ငံညှိ နှိုင်းပြီးတော့ အတတ်နိုင်ဆုံးလုပ်ဆောင်ပေး စေချင်ပါတယ်” ဟု ဘုရားသုံးဆူမြို့ ဒေသခံ တစ်ဦးဖြစ်သူဦးသန်းလွင်က ပြောကြားသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ဘုရားသုံးဆူမြို့နယ် နယ်စပ်ဂိတ်အား ၁၉၉၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
No comments:
Post a Comment