Wednesday, February 26, 2020

ဘူးသီးတောင်တွင် မိုင်းနင်းမိ၍ မွတ်ဆလင်အမျိုးသားတစ်ဦးသေဆုံး

ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်း နယ်ခြားစောင့်ရဲကင်းစခန်းအနီး နွားကျောင်းနေသည့် မွတ်ဆလင်အမျိုးသားတစ်ဦး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေ ၃ နာရီခန့်က မိုင်းနင်းမိ၍ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း တာဝန်ရှိသူများထံက သိရသည်။
သေဆုံးသွားသူမှာ ဘုရားပြင်အောင်ပကျေးရွာမှ အသက် (၂၈)နှစ်အရွယ် ဆူဒင်အီဆလင် ဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ခြေတစ်ဖက်ပြတ်ထွက်သွားခဲ့ကြောင်း ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။
“အစပိုင်းက ပေါက်ကွဲသံကြားတော့ လက်နက်ကြီးလား၊ မိုင်းလား မသိခဲ့ကြဘူး။ နောက်သွားကြည့်မှ မိုင်းနင်းမိတာလို့သိရတယ်။ ဆေးရုံကိုယူဆောင်တုန်းမှာ လမ်းမှာ သွေးလွန်ပြီးသေသွားတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ညောင်ချောင်းစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နီးစပ်ရာတောင်တန်းများကို ပစ်ခတ်မှုများရှိခဲ့ကြောင့် ညောင်ချောင်းကျေးရွာမှ အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။
တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် သေဆုံးသူ အရပ်သား (၁၃၀)ကျော်နှင့်ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ သိရသည်။

No comments:

Post a Comment