AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိ၍ အောင်ဘကျေးရွာနေသူ တစ်ဦး မိုင်းထိဒဏ်ရာများဖြင့် သေဆုံး
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အောင်ဘကျေးရွာနေ ဆော်လာမဒူလာ (ဘ) ဟူဆောင်းအာမတ်သည် ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် နွားကျောင်းနေစဉ် ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ထောင်ထားသော ဒေသန္တရနင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲ၍ ယာဘက်ခြေထောက်ခြေချင်းဝတ် အထက်ပြတ်ဒဏ်ရာနှင့် ယာဘက်ပေါင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါမိုင်းထိလူနာအား ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရရှိဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ဘင်္ဂါလီ ကျေးရွာများအနီး မိုင်းထောင်ခြင်းများ ပြုလုပ်ခြင်းကြောင့် ဇန်နဝါရီ ၇ ရက်တွင် ထိပ်တူပေါက်ကျေးရွာ၌ လည်းကောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆင်သေပြင်(ဘင်္ဂါလီ) ကျေးရွာ၌ လည်းကောင်း ဒေသခံများ သေကျေထိခိုက် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။ AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မိုင်းထောင်ရာတွင် ကျေးရွာ အဝင်/အထွက်လမ်းများ၌ မိုင်းထောင်ခြင်း၊ ဒေသခံများ၏ လယ်ယာ၊ တောင်ယာများ ဝန်းကျင်၌ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ ပြုလုပ်လျက် ရှိခြင်းတို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ယနေ့အထိ AA အကြမ်း ဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၄ ဦး၊ ဒဏ်ရာ ရရှိသူ ၃၅ ဦးရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment