Wednesday, July 28, 2021

စစ်တပ် သတင်းပေး သိန္နီမြို့နယ်ပညာရေးမှူးကို KIA နှင့် MNDAA တို့က စာပို့

 

စစ်တပ် သတင်းပေး သိန္နီမြို့နယ်ပညာရေးမှူးကို KIA နှင့် MNDAA တို့က စာပို့

0

သျှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့မှ Non -CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူး၏ လက်ကိုင်ဖုန်းထံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွဲ့က ခြိမ်းခြောက်စာပို့လာကြောင်း စုံစမ်းသိရသည်။


Non-CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူးဖြစ်သည့် ဒေါ်သူဇာအေး၏ လက်ကိုင်ဖုန်းသို့ ဇွန် (၂၅)ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့က ခြိမ်းခြောက်စာပို့‌လာကြောင်း သိရသည်။

ခြိမ်းခြောက်ခံရသူ သိန္နီမြို့နယ် ဒေါ်သူဇာအေးက ခြိမ်းခြောက်ခံရသည့် ပတ်သက်၍ အထက်ဌာနသို့ ဇွန်လ(၂၆)ရက်နေ့ ညနေ(၄)နာရီ (၄၄)မိနစ်အချိန်က အထူးကြေးနန်းရေးသား ပေးပို့ထားသည့် ကြေးနန်း တစ်စောင် ပေးပို့ကြောင်း သိန္နီမြို့နယ်နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက စစ်တပ်သတင်းပေးဒလန်ပါ။ သူ့ကို ဇွန်လ ၂၅ ရက်နေ့က KIA၊ MNDAA တို့က ခြိမ်းခြောက်စာပို့လာတယ် ကြားတယ်၊ ဇွန်လ ၂၆ ရက်နေ့မှာတော့ သူက အဲ့အကြောင်းကို သူ့အထက်ဌာနနဲ့ စစ်ကောင်စီ အချို့ကို အထူးကြေးနန်းနဲ့ တိုင်ကြားတယ် ဆိုတဲ့ သတင်းက အပြင်ကို ပေါက်ကြားလာတယ်” ဟု သိန္နီမြို့နေ ပြည်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကြေးနန်းတွင် ၎င်း၏ လက်ကိုင်ဖုန်းနံပါတ်သို့ (KIA/MNDAA)တို့ ပေးပို့လာသည့် ခြိမ်းခြောက် စာမှာ “ကျောင်းပိတ်ပြီး ဆရာ/ဆရာမ ဝန်ထမ်းတွေကို အမြန်ရုပ်သိမ်းပေးလိုက်ပါ၊ သူတို့အတွက် အာမ မခံနိုင်ဘူး၊ လိုက်နာမှုမရှိရင်တော့ ရှိတာ အကုန်သွားတော့မယ်” ဟုသိရသည်။

သိန္နီမြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးသည် ယခင်က ကြံ့ခိုင်ရေးပါတီ၏ အလုပ်အမှုဆောင် အတွင်းရေးမှူးတစ်ဦးဖြစ်သည့် အပြင် CDM လုပ်ဆောင်သည့် သိန္နီမြို့နယ်အတွင်းမှ ဆရာ/မများ၏ နာမည် စာရင်းနှင့် ကိုယ်ရေးရာဇဝင်များကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ နှင့် စစ်ဆင်မှု ကွပ်ကဲရေး ဌာနချုပ်သို့ သို့ သတင်းပေးပို့သူဖြစ်ကြောင်းလည်းသိရသည်။

ထို့အပြင် ဒေါ်သူဇာအေးသည် CDM ပညာရေးဝန်ထမ်းများအပေါ် ဖိအားပေးခြိမ်းခြောက်သူဖြစ်သည့် အတွက် သိန္နီမြို့နေ ပြည်သူများက ၎င်းအား Social Punishment လုပ်ဆောင်ထားကြသည်ကိုလည်း သိရသည်။

သိန္နီမြို့နယ် ပညာရေးမှူး ဒေါ်သူဇာအေးကို ခြိမ်းခြောက်စာပေးပို့သည့် ကိစ္စနှင့် ပက်သက်ပြီး KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို သျှမ်းသံတော်ဆင့် က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါ။

သျှမ်းမြောက် လားရှိုးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများအားလုံး CDMဝင်ရန် ဇွန် (၆)ရက် တွင် KIA မှ စာထုတ်ညွှန်ကြားခဲ့ကြောင်းသိရသည်။

စစ်တပ် သတင်းပေး သိန္နီမြို့နယ်ပညာရေးမှူးကို KIA နှင့် MNDAA တို့က စာပို့ - SHAN News (Burmese)

Saturday, July 24, 2021

PPST မှ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် ကော်မတီဖွဲ့စည်း

 PPST မှ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် ကော်မတီဖွဲ့စည်း

 DMG Jul 24, 2021 စစ်တွေ



DMG ၊ ဇူလိုင် ၂၄


မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးကူးစက်မှု များလာနေသဖြင့် အရေးပေါ်အခြေအနေတွင် ကိုဗစ်ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST မှ ယနေ့ ဇူလိုင် ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။


ယင်းကော်မတီကို ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ရဲဘော်မျိုးဝင်း၊ ပဒိုစောတောနီး၊ စောမြရာဇာလင်း၊ ရဲဘောဆန်နီ၊ ဒေါက်တာ စိုင်းဦး၊ နိုင်အောင်မငေး၊ နန်းယဉ်ယဉ်စိုး၊ ဗိုလ်မှူး စောဟဲစေး၊ ဗိုလ်မှူး စောမှုးအယ်ဝါး စသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။


လက်ရှိ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေသည့် ကိုဗစ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အမျိုးသားရေးပြဿနာတစ်ရပ်အဖြစ် ရှုမြင်သည့်အတွက် ယခုကဲ့သို့ ကော်မတီဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း PPST ကိုဗစ် -၁၉ ထိန်းချုပ်ရေးကော်မတီဝင် တစ်ဦးဖြစ်သည့် ရဲဘော်မျိုးဝင်းက ပြောသည်။


“ဒီပြဿနာ ဖြေရှင်းဖို့အတွက်ကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်း အနေအထားမျိုးမဟုတ်ဘဲ အားလုံးပူး ပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကျွန်တော်တို့မြင့်တယ်” ဟု ပြောသည်။


ကိုဗစ် -၁၉ ထိန်းချုပ်ရေးကော်မတီ (CSMC) အနေဖြင့် ရောဂါထိန်းချုပ်၊ ကုသရေးကို လျင်စွာလက်တွေ့ချိတ်ဆက် အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်တွင်း Stakeholders များအားလုံး၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။


ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း ယခုဖွဲ့စည်းထားသည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီအတွက် လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ် (၈) ရပ်ကို ချမှတ်ထားခဲ့ပြီး ထိုလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေး ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ရဲဘော်မျိုးဝင်းက ပြောသည်။


“အဓိက ပိုမိုကြိုးပမ်းမှာကတော့ အင်အားစုအားလုံးပါဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု သေချာစနစ်တကျ ပုံဖော်နိုင်တဲ့ အားလုံးလက်ခံနိုင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် အားလုံးပါဝင်တဲ့ အခြေအနေတစ်ခုရောက်ဖို့ အတွက်တော့ တွေ့ဆုံပြီး အခြေခံကောင်းတစ်ခုရအောင် ကြိုးပမ်းသွားမှာဖြစ်တယ်” ဟု ဆိုသည်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ခု ပါဝင်သည့် NCA – S EAO မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။


PPST မှ ဖွဲ့စည်းထားသည့် ကိုဗစ် -၁၉ ထိန်းချုပ်ရေးကော်မတီ( CSMC) သည် ကိုဗစ်ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေးအရအခြေခံခြင်းမျိုးမဟုတ်ဘဲ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး၏ ကျန်းမာရေးကို ဦးစားပေးခြင်းဖြစ်သဖြင့် ပြည်တွင်းမှ သက်ဆိုင်သူအားလုံးက ဆောင်ရွက်သင့်ကြောင်း PPST က တိုက်တွန်းထားသည်။


မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုနှုန်း မြင့်တက်နေသကဲ့သို့ သေဆုံးသူများလည်း တစ်နေ့တစ်ခြား တိုးလာနေသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ MoHs စာရင်းအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၅၈၈၇၀ ဦးနှင့် သေဆုံးသူ ၆၄၅၉ ဦးအထိ ရှိနေပြီဖြစ်သည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/cv-19-ppst-s-ment.html

Wednesday, July 14, 2021

ကင်းမရွာမီးလောင်မှု အပြန်အလှန်စွပ်စွဲအပြစ်တင်

 ကင်းမရွာမီးလောင်မှု အပြန်အလှန်စွပ်စွဲအပြစ်တင်

(Unicode)

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာမီးလောင်မှုမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေဖက် အပြန်အလှန်စွပ်စွဲနေပြီး၊ မီးလောင်မှုကြောင့် နေအိမ်အတွင်း ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို ၂ ဦး နေအိမ်ထဲမှာ မီးလောင်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအားဖြင့်တော့ အဲဒီဒေသအနီးမှာ အခြေအနေတွေ တင်းမာဆဲရှိနေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့တာကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မနေ့ ဇွန် ၁၅ ရက်က မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် တောင်ပိုင်း ကင်းမရွာအနီးမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ ၂ ဖက်အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီးနောက်ပိုင်း ကင်းမရွာ မီးလောင်ခဲ့တာဖြစ်ပါတယ်။ နေအိမ်ထဲမှာ မပြေးနိုင်တဲ့ သက်ကြီး ရွယ်အို ၂ ဦး မီးလောင်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်မှုမှာ စစ်တပ်ဖက်က ရှို့မီးကြောင့်ဖြစ်တယ်လို့ ပေါက် PDF အဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

“ဘုန်းကြီးကျောင်းတွေကို မီးရှို့တယ်။ သက်ကြီးရွယ်အိုတွေဆိုရင် အဖိုးအဖွားတွေ အိမ်ထဲမှာ စားစရာ သောက်စရာ ထားထားခဲ့တာ အဲ့မီးရှို့တဲ့ထဲ ဖိုးဖွားတွေပါကုန်တယ်။ ဖိုးဖွား၂ ယောက်ကတော့ အိမ်မီးရှို့တဲ့ထဲပါသွားတယ်။ အရိုးပဲပြန်တွေ့တာပေါ့။ သူတို့က သက်ကြီးရွယ်အိုတွေလေ မပြေးနိုင်မလွှားနိုင်ဘူး။ မပြေးနိုင်မလွှားနိုင်တော့ လမ်းမလျှောက်နိုင်ဘူးပေါ့။ လမ်းမလျှောက်နိုင်တော့ သားသမီးတွေက အဖိုးအဖွားတွေကို စားစရာ သောက်စရာ အပြည့်နဲ့ အိမ်မှာ တံခါးပိတ်ပြီး ထားထားခဲ့ပေးတာလေ။”

ကင်းမရွာရဲ့ဟာ အိမ်ထောင်စု ၃၀၀ နီးပါးရှိပြီး ကျေးရွာရဲ့ ၃ ပုံ ၂ ပုံကျော်ဟာ မီးထဲပါသွားတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းကို ဝင်ရောက်ချင်းမရှိဘဲ ကျေးရွာထိပ်က နေစောင့်ဆိုင်းနေချိန်မှာ ရွာထဲကနေ မီးခိုးလုံးတွေ ထွက်လာတာ မြင်ရပြီး လက်နက်ကိုင်တွေက ကျေးရွာထဲက ကြံ့ခိုင်ရေးပါတီဝင်အိမ်ကို မီးရှို့ရာကနေ လေတိုက်ခတ်တာကြောင့် တခြားအိမ်တွေကိုပါ ကူးစက်လောင်ကျွမ်းသွားတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ မြန်မာရုပ်မြင်သံကြားသတင်းမှာလည်း မီးလောင်မှုကိုအသေးစိတ် စစ်ဆေးမှုပြုလုပ်ရာမှာ သူ့အခေါ် အကြမ်းဖက်အဖွဲ့ဝင် ၄၀လောက်က အခြေခံပညာအထက်တန်းကျောင်းမျက်နှာချင်းဆိုင်က ဦးကျော်ဌေးနေအိမ်ကို မွန်းလွဲ ၂နာရီ ၄၀ခန့်မှာ စတင်မီးရှိုှုဖျက်ဆီးတဲ့အတွက် အခြားနေအိမ်တွေကိုပါကူးစက်ပြီး ကျေးရွာအိမ်ခြေပေါင်း ၂၂၅လုံးအနက် အိမ်ခြေ ၁၀၀ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ကြေညာပါတယ်။ လူအသေအပျောက်သတင်းကိုတော့ မပြောပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မီးရှို့ဖျက်ဆီးသူတွေကို ဖမ်းဆီးအရေးယူဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ကြေညာပါတယ်။

ကျေးရွာသားတွေကတော့ စစ်ကောင်စီတပ်တွေ နေအိမ်ကို မီးရှို့တဲ့ ဓာတ်ပုံအထောက်အထားတွေအပြင် မျက်မြင်တွေ့ရှိတာတွေပါ ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း မင်းကင်းမြို့မျာဆိုရင်လည်း မနေ့ ဇွန် ၁၅ ရက်မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ တိုက်ပွဲဖြစ်ပွားပြီး နောက်ရက် ဒီကနေ့ ဇွန် ၁၆ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အနီးက ပင်တင်းနဲ့ ဖက်ခတ်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်တွေက မောင်းထုတ်ပြီး ကျေးရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ မင်းကင်း ဒေသခံတဦးက အခုလိုပြောပါတယ်။

“ပင်တင်းရှိတယ် ဖက်ခက်ရှိတယ်။ ရွာကိုလာပြီး ပြည်သူလူထုတွေ အိမ်တွေမှာ မနေဖို့ပြောပြီး PDF တွေ တခုခု လုပ်ရင် ရွာကို မီးရှို့မယ်စပြောတယ်။ အဲ့ဒါပြီးတော့ သူတို့နဲ့ဖြစ်တဲ့နေရာ တိုက်ပွဲဖြစ်တဲ့နားက ဖက်ခတ်ရွာကို သွားတယ်။ အဲ့ဖက်ခတ်ရွာက အိမ်တွေထဲမှာရှိတဲ့ ပစ္စည်းတွေ ဆေးဝါးတွေ အစားအသောက်တွေ အကုန်လုံးကို ရိုက်နှက်ဖျက်စီးပြီး အကုန်လုံးယူပြီးတော့မှ PDF တပ်ဖွဲ့တွေ ရှိတယ်လို့ ယူဆရတဲ့ ရွာတရွာ တုန်ရွာဆိုတဲ့ရွာကို သူတို့ရောက်နေတယ်။ ရွာသူရွာသားတွေအကုန် ရွာလုံးကျွတ်နီးပါးပဲ ရှောင်တိမ်းနေရတယ်။”

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် မြောင်မြို့နယ်က ကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေတာတွေလုပ်နေပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နဲ့ သိပ်မဝေးဘဲ အိမ်ခြေ ၂၀၀၀ နီးပါးရှိတဲ့ ကွမ်းစိုက်ရွာမှာလည်း ဇွန် ၁၄ ရက်က စစ်ကောင်စီနဲ့နီးစပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဓားနဲ့အထိုးခံရပြီး စစ်ကောင်စီတပ်တွေက ကျေးရွာသူ ကျေးရွာသား ၅၀ ကျော်ကို ဖမ်းဆီးထားပါတယ်။ တချို့ကျေးရွာသားတွေကတော့ ရွာမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးခံရသူ ကျေးရွာသူကျေးရွာသား ၅၀ ကျော်ဟာ ဒီကနေ့ထိ ပြန်မလွတ်လာသေးဘဲ ဓားနဲ့ထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ သေဆုံးခြင်းမရှိဘဲ မန္တလေးမှာ ကုသနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ကင်းမရွာမီးလောင်မှု အပြန်အလှန်စွပ်စွဲအပြစ်တင် (voanews.com)

Tuesday, July 13, 2021

ကမာရွက်သတင်းဌာန အယ်ဒီတာချုပ် နေသန်မောင် ပြန်လွတ်

 ကမာရွက်သတင်းဌာန အယ်ဒီတာချုပ် နေသန်မောင် ပြန်လွတ်

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်၊ အမေရိကန်နိုင်ငံသား ကိုမောင်မောင်ထွေးေ(ခေါ်) နေသန်မောင် ဒီကနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။ တရားလိုဖက်က စွဲချက်မတင်ခင် အမှှုရုပ်သိမ်းလိုက်တဲ့အတွက် လွတ်မြောက်လာတာဖြစ်ပြီး မနက်ဖန်မှာ အမေရိကန်နိုင်ငံကို ပြန်သွားမှာဖြစ်တယ်လို့လည်း ကိုနေသန်မောင်ရဲ့ ရှေ့နေကပြောပါတယ်။ ရန်ကုန်က လာတဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းမြို့နယ်မှာရှိတဲ့ ကမာရွတ်မီဒီယာ ရုံးခန်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခဲ့တဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင် ခေါ် ကိုမောင်မောင်ထွေး ဒီနေ့ ပြန်လွတ်လာပါတယ်။

သူ့ကို တပ်မတော်ကိုပြိုကွဲအောင် လုပ်ဆောင်မှု ၅၀၅ (က ) နဲ့တရားစွဲခဲ့တဲ့ တရားလိုဖက်က အမှှုရုပ်သိမ်း လိုက်တာ ကြောင့် ဒီကနေ့မှာပဲ စွဲချက်မတင်မှီ အပြီးလွတ်ပေး လိုက်တာဖြစ်တယ်လို့ ကိုနေသန် မောင် အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဒေါ်သဉ္ဇာဦးကပြောပါတယ်။

“တရားလိုက လာရုတ်လို့ လေ တရားသူကြီးက လွတ်ပေးလိုက်တာလေ။ ကျန်းကျန်း မာမာပါပဲ ကိုနေသန် ကျန်းမာတယ်။ ဒီနေ့ကိုဗစ်-၁၉ စစ်ဖို့အတွက် သူ့ကို ထားထားတယ်။ မနက်ဖန်ကျရင်တော့ သူအမေရိကားကို တိုက်ရိုက်သွားရမယ်။”

အမေရိကန်နိုင်ငံသားဖြစ်တဲ့ ကိုနေသန်မောင်အပြင် အယ်ဒီတာကိုဟံသာငြိမ်းကိုလည်း မတ်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို ဒုရဲမှူး မျိုးဝင်းက တရားလိုလုပ်ပြီး ပုဒ်မ၅၀၅ (က )နဲ့ တရားစွဲခဲ့ပါတယ်။ အခုကိုနေသန်မောင် ပြန်လွတ်လာပေမဲ့ ကိုဟံသာငြိမ်းကတော့ လွတ်မလာသေးပါဘူး။

ကိုနေသန်မောင်ပြန်လွတ်လာတာဟာ အမေရိကန်သံရုံး အကူအညီအများကြီး ပါတယ် လို့လည်း ရှေ့နေဒေါ် ဒေါ်သဉ္ဇာဦး က ပြောပါတယ်။

“ ဘယ်သူ့မှ မလွတ်သေးတဲ့ အချိန်မှာတော့ ကိုနေသန်မောင်တို့ ဘာတို့ လွတ်သွားတယ်။ ဒါပေမယ့် အဲတာက သံရုံးရဲ့ အားစိုက်မှုတွေကလည်း ပါပါတယ်။ ကျမတို့ရဲ့အားစိုက်မှုတွေနဲ့ ပေါင်းပြီးတော့ပေါ့နော်။ ကျမတို့ ကြိုးစားခဲ့တဲ့ အတွက် သူဟာ အမေရိကန်နိုင်ငံသား ခံယူထား တာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူ့နိုင်ငံသားအတွက် သူ့ အခွင့်အရေးတွေ အကုန်လုံးကို တောင်းသွားတယ်ပေါ့နော်။ သူ့ကို ကျမတို့ မြန်မာနိုင်ငံသား တစ်ယောက်အ နေနဲ့ပါ အား ကျမိပါတယ်ပေါ့နော်။”

နေသန်မောင်အပြင် နောက်ထပ် ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားဖြစ်သူ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ Daniel Fenster တို့ကိုချက်ချင်းပြန်လွတ်ပေးဖို့အတွက် အာဆီယံနိုင်ငံတွေကို ခရီးလှည့်ခဲ့တဲ့ အမေရိကန် ဒုတိယနိုင်ငံခြား ရေးဝန်ကြီး Wendy Sherman ကပြီးတဲ့ မေလ ၃၁ ရက်နေ့ကတောင်းဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံသား ကိုနေသန်မောင် တစ်ယောက် သာလွတ်မြောက် လာပြီး၊ Daniel Fenster ကတော့ လွတ်မလာသေးပါဘူး။ ကိုနေသန်မောင်နဲ့အတူ အဖမ်းခံရတဲ့ ကိုဟံသာငြိမ်းနဲ့ပါတ်သက်လို့လဲ အမှုလိုက်ပါဆောင် ရွက်နေတဲ့ ရှေ့နေ ဒေါ်သဉ္ဇာဦး က ခုလိုပြောပါတယ်။

“ကျမတို့အခု နေသန်လွတ် သွားပေမယ့် ဟံသာကျန်ခဲ့တဲ့ အတွက် ဟံသာအတွက် ကျမတို့ ထပ်ကြိုးစားပါအုံးမယ်။ ”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက သတင်းထောက်အယောက် ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အယောက် ၄၀ ထက်မနည်း ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ သတင်းထောက် ၁၀ ယောက်ထက်မနည်း ကတော့ ဖမ်းဝရမ်း ထုတ်ခံထားရပါတယ်။ မဇ္ဖိမ၊ ဒီဗီဘီ စတဲ့ သတင်းလုပ်ငန်းကြီးတွေ အပါအဝင် သတင်းဌာန ၈ ခုရဲ့ လုပ်ငန်းလည်ပတ်ခွင့်ကိုလည်း စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပါတယ်။

ကမာရွက်သတင်းဌာန အယ်ဒီတာချုပ် နေသန်မောင် ပြန်လွတ် (voanews.com)

Monday, July 5, 2021

ကရင်ပြည်နယ်ရှိ အာဇာနည် အထိမ်းအမှတ်တချို့ကို စစ်ကောင်စီ ဖျက်ဆီး

 ကရင်ပြည်နယ်ရှိ အာဇာနည် အထိမ်းအမှတ်တချို့ကို စစ်ကောင်စီ ဖျက်ဆီး

(Unicode)

ကရင်ပြည်နယ်အတွင်းက ဘားအံ၊ ကော့ကရိပ် ၊ ကြာအင်းဆိပ်ကြီး ၊ မြဝတီစတဲ့ မြို့နယ် (၄) မြို့နယ်မှာရှိတဲ့ အာဇာနည်ဗိမာန်နဲ့ အာဇာနည်ကျောက်တိုင်လုပ်ထားတဲ့ အဆောက်အဦးများ ကို မြန်မာစစ်အုပ်ချုပ်ရေး ကောင်စီက ဇွန်လ ၆ ရက်နေ့က ဖြိုဖျက်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက် မအေးအေးမာကပြောပြပေးမှာပါ

ကရင်ပြည်နယ်အတွင်းက ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေက အာဇာနည် ကျောက်တိုင်တွေလုပ် ထားတဲ့အဆောက်အဦးတွေ ၊ မုဒ်ဦးတွေကို ဇွန်လ ၆ရက်နေ့ည အချိန်မှာတချိန်တည်း တပြိုင်တည်း ဖြိုဖျက်ခဲ့ကြောင်း ကရင်ပြည်နယ် မြဝတီမြို့က ဒေသခံတဦးက ပြောပြပါတယ်။

“ ကျနော်တို့မြို့မှာက မနေ့က ၉နာရီမှာ တမြို့လုံးမီးတွေ ဖြတ်လိုက်တယ်။ တမြို့လုံး မီးဖြတ်ပြီးတော့ သူတို့ ဘူဒိုဇာ ဘက်ဟိုးကားကြီးတွေ ကားကြီးတွေ သယ်လာပြီး ချပြီး ဖျက်တာပေါ့နော် ၊ ကျနော်တို့ သိရသလောက်တော့ ဗိုလ်ချုပ်အောင်ကြေးရုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကိုယ်တပိုင်းရုပ်ထုတွေကျောက်တိုင်ကိုတေ့ာ မဖျက်ဘူး။ အာဇာနည် ကျောက်တိုင်နောက်မှာ background ဗိမာန်ကြီး ရှိတယ်၊ အပြားကြီးပေါ့ဗျာ ကြယ်တပွင့်နဲ့ဟာကို ဖျက်တာသူတို့ ထိုးဖျက်သွားတာပေါ့”

ဒီလိုဖျက်ပစ်တာဟာ သတ်မှတ်ပုံစံနဲ့ မညီပဲ နိုင်ငံရေး မဲဆွယ်တဲ့ ပုံစံဖြစ်နေလို့ ပြန်လည်ပြုပြင်ဖို့ အတွက်ဖြစ်တယ်လို့ သတင်းမီဒီယာတွေကို စစ်ကောင်စီဘက်က ဇွန်လ ၇ ရက်နေ့ မှာ တုံ့ပြန်ခဲ့ပါတယ်။

မကြာသေးခင်တုန်းကလည်း NLD အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်း တံတား အဖြစ် အမည်ပြောင်းခဲ့တဲ့ မွန်ပြည်နယ် ချောင်းဆုံ တံတား ကိုလည်း စစ်ကောင်စီလက်ထက်မှာ ပြန်လည်ပြီး သံလွင်တံတား (ချောင်းဆုံ) အဖြစ် ပြန်ပြောင်းခဲ့တာကြောင့် NLD နဲ့ ပတ်သက်တဲ့ သင်္ကေတတွေ လက်ရာတွေ ၊ အနီရောင်ကို အဓိက ထားဖျက်ချင်တာလို့ ယူဆရကြောင်း မြဝတီမြို့ခံက ဆက်ပြောပြပါတယ်။

“ အနီရောင် background ကြီးကို အကုန်ဖျက်တာ / ဗိုလ်ချုပ်အောင်ဆန်း တံတား ကိုဖျက်ပြီး ဘီးလူးချောင်း (ချောင်းဆုံတံတား) ဆိုပြီး ပြန်ပြီး အနီရောင်ကို ဖျက်ပစ်တယ်။ အစိမ်းသုတ်ပြီး NLD လက်ထက်မှာ ကျန်တဲ့ အနီရောင် background တွေ အကုန်ဖျက်ပစ်မယ်လို့ ကျနော်ထင်တယ်”

မြဝတီမြို့က အာဇာနည်ဗိမာန်ဟာ မြို့ခံလူထုတွေ အလျူခံပြီး တည်ဆောက်ထားတာ ဖြစ်သလို NLD နဲ့ မသက်ဆိုင်ကြောင်း ဒီလိုဖြိုဖျက်ခံရတဲ့ အတွက်တော့ လူထုတွေ စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ပြောပါတယ်။

“လူအတော်များများကို မေးကြည့်တဲ့ အခါမှာတော့ တသံတည်းထဲထွက်တာက အာဇာနည်ပန်းခြံကြီးဟာ ပြည်သူအလှူငွေနဲ့ စည်ပင်ဥက္ကဋ္ဌ ကနေ ဌာနဆိုင်ရာတွေ ပြည်နယ်နဲ့ ညွန်ကြားချက်တွေ အမိန့်တွေနဲ့တောင်းခံပြီးလုပ်တာ ။ ဒါတွေကပြည်သူရဲ့ အသဲနှလုံးပေါ့နော် ဒီအာဇာနည်ပန်းခြံကြီးက။ ”

NLD အစိုးရလက်ထက်မှာတုန်းကတော့ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်တာ ဗိုလ်ချုပ်အောင်ဆန်း တံတား အဖြစ် အမည်ပြောင်းတာတွေကို ဒေသခံတွေက ကန့်ကွက်မူတွေလုပ်ခဲ့ပါတယ် အဲဒီတုန်းကလည်း လူထုဆန္ဒကို မျက်ကွယ်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။

အခုလည်းမြို့လူထုတွေကတည်ဆောက်ထားတာတွေကို အခုလိုဖြိုဖျက်ပစ်တဲ့အတွက် လူထုကတော့ မကျေနပ်မူတွေ စိတ်မကောင်းတာတွေဖြစ်ရတယ် လို့လည်း ပြောပြကြပါတယ်။

ကရင်ပြည်နယ်ရှိ အာဇာနည် အထိမ်းအမှတ်တချို့ကို စစ်ကောင်စီ ဖျက်ဆီး (voanews.com)

Friday, July 2, 2021

ဒီးမော့ဆိုမှာ တိုက်ခိုက်မှုတွေ ရှိနေဆဲ

 ဒီးမော့ဆိုမှာ တိုက်ခိုက်မှုတွေ ရှိနေဆဲ

စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ဘက်မှာ ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှာလည်း မြို့ခံတွေ မြို့ထဲကနေ ထွက်သွားကြဖို့ စစ်တပ်ဘက်က သတိပေးတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရပါတယ်။ ကယားပြည်နယ်ဘက်က အခြေအနေတွေကို ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့အကြား ဒီနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ပစ်ခတ်မှုတွေအတွင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက် သေဆုံးတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ဒီနေ့က ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ၁၂ နာရီကျော်လောက်က စံပြ ၆ မိုင်ကြီးရွာမှာ ပစ်ခတ်မှုတချို့ ရှိတယ်ပေါ့။ PDF အဖွဲ့ဘက်က တဦးကျဆုံးတယ်ပေါ့နော်။ အကြမ်းဖက်ကောင်စီက ရွာဘက်ကို စံပြ ၆ မိုင်ဘက်ကို တက်လာခဲ့တဲ့အတွက် ပစ်ခတ်မှုတချို့ဖြစ်ပွါးတာပေါ့နော်။"

ဒီကနေ့ ဒီးမော့ဆိုမြို့နယ်အတွင်း နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို မသိရသေးပေမဲ့ မနေ့က တိုက်ပွဲအခြေအနေကိုတော့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

"ဒီးမော့ဆိုမှာတော့ ဒီနေ့တော့ မသိသေးဘူူး။ မနေ့ကတော့ ဒီးမော့ဆိုမြို့မ ရဲစခန်း ပတ်ဝန်းကျင်မှာ ကျနော်တို့ လုံခြုံရေးစစ်ဆေးတာ ရှိတယ်။ အဲဒီမှာ ရပ်ကွက်အတွင်း ၃ နေရာကနေပြီးတော့ အကြမ်းဖက် ၄၀ လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ဟာတွေ ရှိတယ်။ ပစ်ခတ်ပြီးတော့ မြို့တောင်ဘက်ကို ပြန်ပြီး ဆုတ်သွားတယ်။ ကျနော်တို့ဆီကတော့ စစ်သည် တဦးဒဏ်ရာရတဲ့ဖြစ်စဉ်တွေ ရှိပါတယ်။

မနေ့ညနေတုန်းကလည်း ဒီးမော့ဆိုမြို့ထဲက ဒေါ့ငံခါးရပ်ကွက်ဘက်မှာ ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။

မေလ ၂၁ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့အကြား ပစ်ခတ်မှုတွေဖြစ်ပွါးနေသလို သောင်းနဲ့ချီတဲ့ဒေသခံတွေလည်း စစ်ရှောင်နေရပါတယ်။

အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ကယားပြည်နယ်အစပ် ရှမ်းပြည်နယ် မိုးဗြဲမြို့အတွင်းမှာ မြို့နေသူတွေ ရှောင်ထွက်သွားဖို့ ဒီမနက်မှာ စစ်တပ်က လိုက်ပြီးကြေညာနေတယ်လို့ မိုးဗြဲမြို့ခံတဦးကပြောပါတယ်။

"မိုးဗြဲမြို့အတွင်းမှာ ရှိနေတဲ့ပြည်သူအပေါင်းတို့ ရွာအပြင်သို့ ထွက်သွားပေးပါရန် သူတို့ကစစ်ဘေးကို အတတ်နိုင်ဆုံး ရှောင်ရှားပေးပါရန် ဆိုပြီးမှ စစ်တပ်တွေက အော်လံနဲ့ အော်ပြီးမှ ရွာထဲကို ထွက်သွားခိုင်းတဲ့ အနေအထားလည်း ရှိတယ်။ ဒီမနက် ၁၀ နာရီခွဲတုန်းက။"

စစ်တပ်က အဲဒီလို လိုက်သတိပေးနေတဲ့အတွက် တမြို့လုံးနီးပါး ထွက်သွားနေကြတယ်လို့ သူကပြောပါတယ်။

"ပြည်သူတွေက ထွက်နေကြတယ်။ အကုန်လုံး ကုန်သလောက်တော့ ရှိပြီ။ တချို့က ရပ်ကွက်မှာ အစောင့်ရှောက်တွေ ထားဖို့ပေါ့နော်။ ထားထားတယ်။ ဆယ်ပုံတပုံလောက်ပဲ ကျန်တယ်။"

ဘာကြောင့်လဲလို့ မပြောဘဲ ပြည်သူတွေကို မြို့ရွာကနေ ရှောင်ထွက်သွားဖို့ စစ်တပ်က အော်လံနဲ့ လိုက်အော်နေတဲ့အပေါ် ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ခံက အခုလိုမြင်ပါတယ်။

"ဒေသခံတွေပြောတာလည်း အဲဒီလိုမျိုးပဲ ကြားတာပေါ့နော်။ သူတို့က ရည်ရွယ်ချက်ရှိရှိ လူထုကို ဒုက္ခပေးဖို့ ရည်ရွယ်တယ်လို့ပဲမြင်တယ်။ အိမ်တွေဖောက်မယ်၊ ဆိုင်တွေဖောက်မယ်။ သူတို့ ပုံမှန်လုပ်နေကြအတိုင်းပဲ သူတို့... ထင်တာပေါ့။"

မိုးဗြဲမြို့အတွင်း မနေ့ ဇွန်လ ၂ ရက်နေ့က နှစ်ဘက်ပစ်ခတ်မှုမှာ အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မိုးဗြဲမြို့မှာ စစ်တပ်လုံခြုံရေးအဖွဲ့ကို လာရောက်ပစ်ခတ်တာလို့ ပြောပါတယ်။

"ဒီးမော့ဆိုဘက်ကနေ မိုးဗြဲဘက်အဝင်အထွက်လမ်းမှာ ကျနော်တို့ ကင်းစောင့်နေတဲ့ဟာရှိတယ်။ အဲဒါကို မိုးဗြဲရဲ့ တောင်ဘက်လောက်မှာ အကြမ်းဖက် ၃၀ လောက်က လာပစ်တာရှိတယ်။ ဒီဘက်က ပြန်ပြီး ပစ်ခတ်တဲ့အခါမှာ အနောက်တောင်ဘက် ပြန်ဆုတ်သွားတာရှိတယ်။ အဲဒီမှာတော့ ကျနော်တို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။"

မေလ ၂၃ ရက်နေ့တုန်းက မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့အပြီးမှာ စစ်တပ်ဘက်ကနေ အင်အားထပ်မံဖြည့်တင်းထားပါတယ်။

ဖယ်ခုံနဲ့ မိုးဗြဲဘက်၊ အရှေ့ပဒေါင်ခေါ် အရှေ့ကယန်းဒေသဘက်မှာ စစ်ရှောင် ၇၀၀ လောက်ရှိပြီး အနောက်ကယန်းဒေသဘက်မှာ စစ်ရှောင် ၁၀,၀၀၀ ကျော် ရှိနေတယ်လို့ စစ်ရှောင်ရွာသားတွေက ပြောပါတယ်။

မေလ ၂၁ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား စစ်ရေးပဋိပက္ခတွေကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နဲ့ ရှမ်းပြည်နယ် ဇယ်ခုန်မြို့နယ် မိုးဗြဲမြို့တွေက စုစုပေါင်း ပြည်သူ ၇၀,၀၀၀ ကျော် စစ်ဘေးဒုက္ခသည် ဖြစ်နေကြပါတယ်။

ဒီးမော့ဆိုမှာ တိုက်ခိုက်မှုတွေ ရှိနေဆဲ (voanews.com)