မြစ်ကြီးနားအဝင် ၂၁မိုင်ဂိတ် KIA တိုက်ခိုက်
(Unicode)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဝင် ၂၁မိုင်စစ်ဆေးရေးဂိတ်ကို KIA က ဒီကနေ့မနက်မှာ ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်သားတစ်ဦးနဲ့ အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့ မြစ်ကြီးနားမြို့အတွင်းမှာ လုံခြုံရေးတိုးမြှင့်တာတွေလည်း ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ မြစ်ကြီးနား တိုက်ခိုက်မှုသတင်းကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
မန္တလေး-မြစ်ကြီးနားလမ်း မြစ်ကြီးနားမြို့ အဝင် ၂၁မိုင် စစ်ဆေးရေးဂိတ်ကို KIA ကချင်လက်နက်ကိုင်အဖွဲ့က မနက် ၅နာရီကျော်လောက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ပွဲဟာ နာရီဝက်နီးပါးလောက် ကြာမြင့်ခဲ့ပြီး ဒါဟာ ဒီလအတွင်း မြစ်ကြီးနားမြို့အနီးမှာ ဒုတိယအကြိမ်ဖြစ်တဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။
ဒီမနက် တိုက်ပွဲအတွင်းမှာ လူ၂ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံတစ်ယောက်က VOA ကို ပြောပါတယ်။
“အဲဒီဂိတ်နားမှာ စားသောက်ဆိုင် ၂ဆိုင်ရှိတယ်။ ဆိုင်ပိုင်ရှင် ၂ယောက်လုံးက ထိသွားတာပေါ့။ ဒါပေမဲ့ တစ်ယောက်ကတော့ ဒီဆေးရုံ၊ တစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်လို့ပြောတယ်။ ရဲတစ်ဦး သေတာလည်း သေချာတယ်လို့ ပြောတယ်။”
၂၁မိုင်စစ်ဆေးဂိတ် တိုက်ပွဲဖြစ်ပွားချိန်မှာ ၁၆မိုင်မှာ အခြေစိုက်တဲ့ အမှတ် ၇၀၀၄ သံချပ်ကာကားတပ်ရင်းက စစ်ကူသွားချိန် ကြားဖြတ်ပြီး မိုင်းခွဲတိုက်ခိုက်တာလည်း ရှိကြောင်း၊ ဒီတိုက်ခိုက်မှုမှာ ဂိတ်အဆောက်အဦတွေ မီးလောင်ပျက်ဆီးတာမရှိပေမဲ့ ကားတစ်စီးမီးလောင် ပျက်ဆီးခဲ့ပြီး ကား ၄စီးကို လက်နက်ငယ်နဲ့ ပစ်ခတ်ထားတာတွေရှိကြောင်း ဒေသခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA က ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့သလို တပ်မတော်ဘက်ကိုလည်း ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြည်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။
KNG ကချင်သတင်းဌာန သတင်းစာမျက်နှာမှာတော့ ရဲတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာခဲ့သလို အရပ်သားတစ်ဦး သေဆုံးကြောင်း နဲ့ KIA တပ်ရင်း (၁၁) က တိုက်ခိုက်ခဲ့တာလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။
နေ့ခင်း ၁နာရီခွဲလောက်မှာတော့ ဟူးကောင်းဒေသအခြေစိုက် KIA တပ်မဟာ ၂ နဲ့ တပ်ရင်း (၁၁) အခြေစိုက်ရာနေရာကို တပ်မတော်က လေကြောင်းက တိုက်ခိုက်ကြောင်း KNG က သတင်းထုတ် ပြန်ပါတယ်။
ဒါနဲ့ပတ်သက်လို့ VOA ကတော့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။
ဒီနေ့မနက် ၂၁ မိုင်ဂိတ် တိုက်ခိုက်မှုအပြီးမှာ မန္တလေး-မြစ်ကြီးနားလမ်းကို ပိတ်ခဲ့ပေမဲ့ မြစ်ကြီးနား မြို့အတွင်းမှာတော့ ပုံမှန် သွားလာတာတွေ ရှိနေသလို လုံခြုံရေး တိုးမြှင်တာတွေ ရှိနေကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
“ အခု မြို့ထဲတော့ သွားတာ၊ လာတာတွေ ကျနော်တို့ လူထုတော့ ပုံမှန်သွားလာနေတာပဲ။ ဒါပေမဲ့ စစ်ကားတွေ၊ ရဲကားတွေ ဒါတွေတော့ ရှိတယ်။ နေရာတကာနည်းနည်းတွေ့တယ်။ သွားလာနေတာတော့ တွေ့တယ်။ ခါတိုင်းထက် များတယ်လို့ ပြောရမလိုဖြစ်တာပေါ့ ဒီနေ့က။ ခါတိုင်းက သိပ်မသွားကြဘူးလေနော။ ခုက ပတ်နေတာလေ အဲလိုမျိုးဖြစ်တယ်။ ”
အခြား မြို့ခံတစ်ဦးကလည်း မြစ်ကြီးနားမြို့ပေါ်မှာ ရဲစခန်းတွေရှေ့မှာ လမ်းပိတ်ပြီး လုံခြုံရေးကို တိုးမြှင်တာတွေ တွေ့ရကြောင်း ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ မတ်လတည်းက တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်မှာ ဒေသအတော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့သလို ဒီလ ၂၃ရက်နေ့ညကလည်း မြစ်ကြီးနားက ဝိုင်းမော်အထွက် ဗလမင်းထင်တံတားက စုပေါင်းဂိတ်ကို KIA က တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
ဗလမင်းထင်တံတားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တပ်မတော်က သတင်းထုတ်ပြန်ရာမှာ ၂၃ ရက်နေ့ည ၇နာရီ ၅၀မိနစ်မှာ လက်နက်ကိုင် ၂၀လောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဘက်က ပြန်လှန်ပစ်ခတ်ရာမှာ ၈နာရီ ၅မိနစ်မှာ ပြန်လည် ဆုတ်ခွာသွားကြောင်း သတင်းထုတ် ပြန်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအပြီးမှာတော့ ဗလမင်းထင်တံတား ဖြတ်သန်းချိန်ကို ဖွင့်ချိန်နဲ့ ပိတ်ချိန်ကို ၁နာရီစီ လျော့ချပြီး လုံခြုံရေး ပိုမိုတင်းကျပ်ထားခဲ့ပါတယ်။
No comments:
Post a Comment